MY EN

(ဃ)-ဦးကိုကိုသင်း(ကမာရွတ်မဲဆန္ဒနယ်)-မေးခွန်း

2026-06-25
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးကိုကိုသင်း(ကမာရွတ်မဲဆန္ဒနယ်)
စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ခိုင်မာသော မဟာဗျူဟာ မြောက် အရန်ဆီသိုလှောင်မှုစနစ်(Strategic Petroleum Reserve) ဖော်ဆောင်ရန်နှင့် တင်သွင်း ဖြန့်ဖြူးမှု ကွင်းဆက်ကို စနစ်တကျထိန်းကျောင်းပေးနိုင်သည့် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

ယနေ့ခေတ် ကမ္ဘာ့အခြေအနေသည် ဘဏ္ဍာရေး မတည်ငြိမ်မှု၊ ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ဆို့မှုများနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် စက်သုံးဆီဈေးနှုန်းအတက်အကျ အလွန် မြန် နေပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် စက်သုံးဆီကို ပြည်ပနိုင်ငံမှ အဓိကတင်သွင်း မှီခိုနေရသည့် နိုင်ငံဖြစ်သည့်အတွက် ပြည်ပတွင် ဆီဈေးအနည်းငယ်လှုပ်ခတ်ပါက ပြည်သူတွေ၏ လူမှုစီးပွား၊ ကုန်စည်စီးဆင်းမှု နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ချက်ချင်းရိုက်ခတ်သည့် ဒဏ်ကို ပြင်းပြင်းထန်ထန်ခံရလေ့ ရှိပါကြောင်း၊ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများ အိမ်နီးနားချင်း နိုင်ငံများတွင် အီရတ်နိုင်ငံကဲ့သို့ အကျပ်အတည်းမျိုးကြုံတွေ့နေရချိန်တွင် တိုင်းပြည်ဆီ မပြတ်လပ်စေရန်နှင့်ဈေးနှုန်းကို ထိန်းညှိနိုင်ရန်အတွက် SPR ခေါ် မဟာဗျူဟာမြောက်နိုင်ငံတော် အရန်ဆီ သိုလှောင်စနစ်ကို အခိုင်အမာတည်ဆောက်ထားကြသည်ကို တွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံတွင် လည်း ရေတို ဆီ ပြတ်လပ်မှုကို ဖြေရှင်းရုံတင်မကဘဲ ရေရှည်အတွက် ဤကဲ့သို့သော မဟာဗျူဟာ မြောက် စနစ်မျိုး ရှိဖို့ အလွန် လိုအပ်နေပြီဖြစ်ပါတယ်ခင်ဗျား။ ကမ္ဘာ့နိုင်ငံကြီးများနှင့် အာဆီယံ အိမ်နီးချင်း နိုင်ငံများဟာ စွမ်းအင် ကျပ်တည်းဒဏ် ခံနိုင်ရည်ရရှိစေရန် ၎င်းတို့၏ စက်သုံးဆီ လိုအပ်ချက်အပေါ် မူတည်ပြီး စနစ်တကျ သိုလှောင်ထားကြပါကြောင်း၊ အမေရိကန် ပြည်ထောင်စု တွင် ကမ္ဘာ့အကြီးဆုံး SPR စနစ်ကို ပိုင်ဆိုင်ပြီး ရက်ပေါင်း ၉၀ ကျော်စာ သိုလှောင်ထားပါကြောင်း၊ ဆီသိုလှောင်ကန်များ ကို သဘာဝ မြေအောက်ကျောက်လှိုဏ်ဂူများတွင် ဈေးသက်သာစွာဖြင့် သိမ်းဆည်းထားပါကြောင်း၊ တရုတ်နိုင်ငံတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး SPR စနစ်ဖြစ်ပြီး တိုင်းပြည် အတွက် ရက်ပေါင်း ၉၀ စာ အရန်ဆီ သိုလှောင်ထားပါကြောင်း၊ အစိုးရပိုင် သိုလှောင်ရုံး အားဖြင့် ပုဂ္ဂလိကကုမ္ပဏီကြီးများကိုပါ လုပ်ကိုင် ခွင့်ပေးထားပါကြောင်း၊အိန္ဒိယနိုင်ငံတွင် လျင်မြန်စွာ တိုးတက်လာ သော စွမ်းအင်လိုအပ်ချက် ကြောင့် လက်ရှိတွင် ရက်ပေါင်း ၉၅ ရက်စာ သိုလှောင် ထားပြီး ရေရှည်အတွက် ရက်ပေါင်း ၉၀ စာထိ ရောက်ရန် စီမံကိန်းစနစ်တိုးချဲ့နေပါကြောင်း။ 

မြေအောက်ကျောက်လှိုဏ်ဂူကြီးများတွင် သိုလှောင်ထားပြီး နိုင်ငံပိုင်ကုမ္ပဏီဖြစ်သော ISPRL မှ တိုက်ရိုက်ကိုင်တွယ်ပါကြောင်း၊ ဂျပန်နိုင်ငံတွင် စွမ်းအင်တင်သွင်းမှုအပေါ် ၁၀၀ ရာခိုင်နှုန်းနီးပါး မှီခို နေရသဖြင့် အလွန်တင်းကျပ်သောစံနှုန်းရှိသည့် တိုင်းပြည်အတွက် ရက်ပေါင်း ၁၄၀ ကျော် သိုလှောင်ထားပါကြောင်း၊ မိမိတို့ပတ်ဝန်းကျင်အနေအထားကိုကြည့်ပါက အာဆီယံနိုင်ငံများ တွင် လည်း SPR စနစ်ကို ကူးပြောင်းနေပြီဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် လက်ရှိအစိုးရက ဥပဒေ ပြဋ္ဌာန်း ပြီး စီးပွားဖြစ်တင်သွင်းသူများကို တရားဝင်အရန်ဆီ ရက်ပေါင်း ၆၀ စာကျော် သိုလှောင်ခိုင်း ထား သော်လည်း ပထဝီနိုင်ငံရေးအကျပ်အတည်းများကြောင့် အစိုးရကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် ပြီး နိုင်ငံပိုင် SPR စနစ်ကို စတင်အကောင်အထည်ဖော်ရန်ပြင်ဆင်နေပြီ ဖြစ်ပါကြောင်း၊ ဗီယက်နမ် နိုင်ငံတွင် လက်ရှိ ရက်ပေါင်း ၃၀ မှ ၆၀ ဝန်းကျင်စာသာ ရှိသော်လည်း ကမ္ဘာ့ဆီဈေးနှုန်း လှုပ်ခတ်မှု ဒဏ်ကို ကာကွယ်ရန် တိုင်းပြည်စက်သုံးဆီသိုလှောင်မှု ပမာဏကို ရက်ပေါင်း ၉၀ စာအထိ အရောက် လှမ်းနိုင်မည့် မဟာဗျူဟာမြောက် SPR စီမံကိန်းသစ်များကို မကြာသေးမီက အရှိန် အဟုန် မြှင့် ချမှတ်လုပ်ဆောင်နေပါကြောင်း။ 

နိုင်ငံတကာကို လေ့လာကြည့်ပါက အမေရိကန်၊ တရုတ်၊ ဂျပန် စသည့် ကမ္ဘာ့နိုင်ငံကြီးများ တွင်မက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် တိုင်းပြည်၏ စွမ်းအင် လုံခြုံရေး အတွက် ရက်ပေါင်း ၉၀ စာ သတ်မှတ်ချက်အတိုင်း မဟာဗျူဟာမြောက် အရန်ဆီ သိုလှောင်မှုစနစ်(SPR)တွေကို စနစ်တကျတည်ဆောက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ပုဂ္ဂလိကကုမ္ပဏီများ၏ စီးပွားဖြစ် သိုလှောင်မှု အဆင့်သာ ရှိပြီး နိုင်ငံတော်အဆင့်အကျပ်အတည်းနှင့်ကြုံတွေ့ပါက အစိုးရကိုယ်တိုင် ဈေးကွက်သို့ ဝင်ရောက် ထိန်းညှိမောင်းနှင်နိုင်သည့် မဟာဗျူဟာမြောက် အရန်ဆီသိုလှောင်မှုစနစ်မျိုး ထိထိ ရောက်ရောက် မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများနေ့စဉ် ကြုံတွေ့နေရသည့် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လက်ရှိမြေပြင်တွင် မည်သို့ သော လက်တွေ့ကျသည့် ကြပ်မတ်ထိန်းညှိမှုစီမံချက်များဖြင့် ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာန အနေဖြင့် အာဆီယံနှင့် နိုင်ငံတော်၏ စံနှုန်းများအတိုင်း ရက်ပေါင်း ၉၀ စာ သိုလှောင်နိုင်မည့် ရေရှည် စီမံကိန်းများကို ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ /မရှိ၊ နိုင်ငံတော်၏ ရေရှည်စွမ်းအင် လုံခြုံရေး (Energy Security)သိုလှောင်နိုင်မည့် အာမခံချက်ရရှိစေရန်နှင့် ရေရှည် စွမ်းအင် လုံခြုံရေးကို အရေးပေါ်အခြေအနေများတွင် အားကိုးနိုင်ရန်အတွက် ပြည်တွင်း၌ မဟာဗျူဟာ မြောက် အရန်ဆီ သိုလှောင်မှုစနစ်(SPR)ကို နိုင်ငံပိုင် သို့မဟုတ် Public Private Partnership-PPP စနစ်ဖြင့် ရေရှည် စီမံကိန်းချမှတ်၍ ဖော်ဆောင် ပေးနိုင်ခြင်းရှိ/ မရှိ တို့ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည် ။ 

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်နိုင်ဝင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်ဈေးနှုန်းများသတ်မှတ်ရာတွင် စွမ်းအင် တင်သွင်း ထုတ်လုပ်ရောင်းချသူနှင့် စွမ်းအင်သုံးစွဲသူ နှစ်ဦးနှစ်ဖက်စလုံးအတွက် စီးပွားရေး အာမခံ ချက်ရရှိစေရေးမူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းစက်သုံးဆီပြတ်လပ်မှု မရှိစေ ရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ခိုင်မာသည့် မဟာဗျူဟာ မြောက် အရန်ဆီ သိုလှောင်မှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တင်သွင်း ဖြန့်ဖြူးမှု ကွင်းဆက်ကို စနစ်တကျ ထိန်းကျောင်းနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်တွင် ဓာတ်ဆီ ရက် ၄၀ စာကျော်၊ ဒီဇယ်ဆီ ၄၅ ရက်စာ ရှိပြီး နိုင်ငံတော်အရန်ဆီ အလုံအလောက်ရှိနေခြင်းကြောင့် စက်သုံးဆီ ပြတ်လပ်မှု အတွက် စိုးရိမ် ပူပင်ရန်မလိုအပ်သည့်အခြေအနေတွင်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏စက်သုံးဆီအရင်းအမြစ်သည် တင်သွင်းမှုအခြေခံစနစ် (Import Based) ဖြစ်ပြီး လက်ရှိတွင် စက်သုံးဆီတင်သွင်းမှုအနေဖြင့် နိုင်ငံတစ်ခုတည်းကို Trading Hub အဖြစ်မှီ တည် နေရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စွမ်းအင် လုံခြုံရေး အတွက် မတူညီသည့်အရင်းအမြစ်၊ လမ်းကြောင်းများမှနေ စွမ်းအင်တင်သွင်း မှုနည်းလမ်း များကို အကောင် အထည်ဖော်နိုင်ရန်နှင့် ကမ္ဘာ့နိုင်ငံများနှင့် စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်နိုင်ရန် မူဝါဒကို ချမှတ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် စက်သုံးဆီ တင်သွင်းမှု ပြတ်လပ်ခြင်းမဖြစ် စေရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေ‌ရန်အတွက် အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက် နိုင်ငံကြီးများနှင့် Long-term Supply Agreement စာချုပ်များချုပ်ဆိုနိုင်ရန်ကိုလည်း ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း စက်သုံးဆီတင်သွင်းရန်အတွက် နိုင်ငံခြားငွေသုံးစွဲမှုကြောင့် ငွေကြေးဈေးကွက်အတွင်း ကျပ်ငွေတန်ဖိုးကျဆင်းခြင်း မဖြစ်ပေါ် စေရန် နှင့် ငွေကြေးလဲလှယ်မှုနှုန်းထား တည်ငြိမ်စေရေးတို့အတွက်လည်း နိုင်ငံတော်အနေနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ 

          Supply Chain တစ်လျှောက် မလိုအပ်သောကုန်ကျစရိတ်များ လျှော့ချနိုင်ရေးနှင့် စက်သုံးဆီ တင်သွင်းရေးလုပ်ငန်းစဉ်အတွင်း စနစ်တကျစီမံဆောင်ရွက်နိုင်ရန်အတွက် သိုလှောင်ကန်များတွင် ရှိသည့်ဆီပမာဏကို Automatic Tank Gauge(ATG)စနစ်များတပ်ဆင်ခြင်း၊ ဆီတင်ကားများကို GPS စနစ်တပ်ဆင်ခြင်း၊ လက်လီအရောင်းဆိုင်များမှာ QR Code စနစ်ဖြင့် Real Time Monitoring စောင့်ကြည့်ခြင်းတို့ကို ဒီဂျစ်တယ်စနစ်ဖြင့် စနစ်တကျ ဆောင်ရွက် ကြပ်မတ်လျက်ရှိပါကြောင်း၊ ရေရှည်တွင် ပြည်တွင်းရေနံချက်စက်ရုံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ဦးစားပေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရေနံချက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေနံ စိမ်း ကုန်ကြမ်းများကိုလည်း ပြည်တွင်း၌သာမက မိတ်ဆွေနိုင်ငံများတွင် သိုလှောင်ထားရှိနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စက်သုံးဆီဈေးနှုန်းအား အပတ်စဉ်အလိုက် တွက်ချက် ထုတ်ပြန်ပြီး နိုင်ငံတော် အတွင်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် အများဆုံး အဓိကအသုံးပြု သည့် ဒီဇယ်ဆီ 500 PPM အတွက် နိုင်ငံတော်မှ နိုင်ငံခြားငွေ စိုက်ထုတ်ပေးခြင်းများ၊ ဈေးနှုန်း တည်ငြိမ် လျော့ကျစေရေးအတွက် တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုခြင်းများ ဆောင်ရွက်၍ ရည်ညွှန်း ဈေးနှုန်းအား တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်အတွင်း စွမ်းအင်ဖူလုံမှုရှိစေရေးအတွက် စီမံချက်များ ချမှတ် ဆောင်ရွက် လျက်ရှိပြီး ပြည်သူများ သင့်တင့်မျှတသည့် တန်ဖိုးနှုန်းထားဖြင့် စွမ်းအင်ကို အသုံး ပြုခွင့်ရရှိစေရေး စီမံဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် ဖူလုံမှုရှိစေရေးအတွက် စက်သုံး ဆီဖြန့်ဖြူးမှုကွင်းဆက် (Supply Chain)တစ်လျှောက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါ ကြောင်း ဖြေကြားခဲ့ပါသည်။