ဦးဝင်းမြင့်မောင်(ကျောက်ပန်းတောင်းမဲဆန္ဒနယ်)
Grade 11 ENGLISH TEXTBOOK Unit 6 TRAVEL IN SOUTHEAST ASIA II 6 A Reading “Myanmar” Page 59 တွင် ဖော်ပြထားသည့် old pagodas အစား “ancient monuments” လို့ ပြင်ဆင်သင်ကြား ပေးရန်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
Curriculum and TEXTBOOK ကော်မတီ သင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာနှင့် ကျောင်းသုံး စာအုပ်ကော်မတီ အညွှန်းမှာ ၃(င) ပြုစုသည့် ပြဋ္ဌာန်းချက်စာအုပ်ပါ သင်ခန်းစာများကို အခြေခံပညာ ဆရာ၊ ဆရာမများက သင်ကြားပေးရပါကြောင်း၊ အကယ်၍ ပြဋ္ဌာန်းချက်စာအုပ်တွင် တစ်စုံတစ်ရာအမှား ပါရှိခဲ့ပါက အခြေခံပညာဆရာ၊ ဆရာမများ၏သင်ကြားမှုတွင် အမှားပါရှိသွားမည် ဖြစ်ပါကြောင်း၊ တယ်။ အခြေခံပညာဆရာ၊ ဆရာမများ၏ သင်ကြားမှုမှာ အမှား ပါရှိသွားပါလျှင် Health, Help and Hard three the Main ထဲက Knowledge အသိပညာနယ်ပယ် တွင်လည်း အမှားပါသွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာဆရာ၊ ဆရာမများ၏ သင်ကြားမှုတွင် အမှားမပါစေ လိုသော စေတနာဖြင့် မေးခွန်းမေးလိုခြင်းဖြစ်ပါကြောင်း။
မိမိသိလိုသည်မှာ Grade 11 ENGLISH TEXTBOOK Unit 6 TRAVEL IN SOUTHEAST ASIA II 6 A Reading Myanmar Page 59 မှာmore than 2,500 old pagodas လို့တွေ့ရပါကြောင်း၊ ပုဂံတွင် Pagodas ဆိုသည့် စေတီသည် ၂,၅၀၀ မကျော်ပါကြောင်း၊ more than 2,500 ဆိုသည့် အထဲတွင် Temple ဆိုသည့် ဂူဘုရားများ၊ ဥမင်များ၊ အုပ်ကျောင်းများ၊ သိမ်၊ ပိဋကတ်တိုက်နှင့် မြို့ရိုးတံခါးစသည့် ရှေးဟောင်း အဆောက်အအုံများ အများအပြားပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ Old Pagodas အစား Ancient Monuments လို့ ပြင်ဆင်သင်ကြားပေးရန် ရှိ /မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဇော်မြင့်
ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းကို သရုပ်ခွဲကြည့်သည်အခါတွင် ဝေါဟာရအသုံးအနှုန်းနှင့် အရေအတွက်ဆိုပြီး နှစ်ပိုင်း တွေ့ရှိရပါကြောင်း၊ ဝေါဟာရအသုံးအနှုန်းအနေဖြင့် မြန်မာစာအဖွဲ့ကထုတ်ဝေသည် အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင် Pagodas ကို “စေတီပုထိုးများ” လို့ဘာသာပြန်ဆိုထားပါကြောင်း၊ Monuments ကို “အထိမ်းအမှတ်အဆောက်အအုံ၊ မော်ကွန်းတိုင်၊ ရုပ်ထုစသည့်ထိန်းသိမ်း စောင့်ရှောက်ထားသော သမိုင်းဝင်အဆောက်အအုံ၊ ထင်ရှားသောသာဓက ဟုလည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊ ယခု ၂၀၂၆ ခုနှစ်တွင် ထုတ်ဝေသည့် Oxford Advanded Learns Dictionary 11th edition တွင် Pagodas ကို temple လို့ define လုပ်ထားပါကြောင်း၊ အရေအတွက် အနေဖြင့် ကြည့်မည်ဆိုပါက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စင်တာသို့ တင်ပြခဲ့သည့် ကမ္ဘာ့အမွေအနှစ် အဆိုပြုလွှာစာတွဲတွင် “Bagan includes 3,595 surviving monuments” လို့ ဖော်ပြထားသည်ကိုတွေ့ရှိရပါကြောင်း၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနသို့ ၁၅-၆-၂၀၂၆ ရက်နေ့ ပြန်ကြားစာအရ ၂၀၁၈ ခုနှစ်က ကမ္ဘာ့အမွေအနှစ် စင်တာသို့ တင်ပြခဲ့သည့် ရှေးဟောင်းအဆောက်အအုံ Mounments အရေအတွက် ၃၅၉၅ ခု တွင် စေတီကို Pagodas လို့ယူမည်ဆိုပါက ၉၆၂ ဆူ ရှိပါကြောင်း၊ အာနန္ဒာဂူဘုရားများကို Pagodas ဟုထည့်သွင်း ရေတွက်မည်ဆိုပါက ၁၅၉၄ ဆူရှိပါကြောင်း၊ ထို့ကြောင့် စေတီနဲ့ဂူဘုရားတို့ နှစ်ခု ပေါင်းမည်ဆိုရင်လျှင် ၂၅၅၆ ဆူရှိသည့်အတွက် more than 2,500 ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါ ကြောင်း ။
ယူနက်စကိုကမ္ဘာ့အမွေအနှစ်စင်တာကို တင်ပြခဲ့သည့် အရေအတွက်အတိုင်း ယနေ့ချိန်ထိ လည်း ရှေးဟောင်းအဆောက်အအုံ ၃၅၉၅ ဆူရှိပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို အမြဲမပြတ် ကွင်းဆင်း စစ်ဆေး၍ ပြုပြင်ထိန်းသိမ်းလျက်ရှိသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ သိရှိရပါကြောင်း၊ သင်ရိုး ညွှန်းတမ်းပြုစုရာတွင် သုတေသနစာတမ်းအနေဖြင့် ပြုစုရခြင်းမျိုးမဟုတ်ဘဲ သင်ကြားရေး ရှုထောင့် အနေဖြင့်လည်း ရေးသားပြုစုကြရပါကြောင်း၊ ရှေးယခင်ကျောင်းသင်ခန်းစာများတွင် လှည်းဝင် ရိုးသံ တညံညံ ပုဂံဘုရားပေါင်းဆိုပြီး ဘုရားဟု သုံးနှုန်းသင်ကြားခဲ့ပါကြောင်း၊ Grade–11 Textbook ပြုစုစဉ်ကလည်း ဘာသာရပ်ပါမောက္ခကြီးများက သင်ကြားရေး ရှုထောင့်ဖြင့် more than 2,500 old pagaodas လို့သုံးနှုန်းပြုစုခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိသင်ရိုး ညွှန်းတမ်းများ ကို ပြန်လည်သုံးသပ်တည်းဖြတ် လျက်ရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တန်ဖိုးရှိသည် ယခုအကြံပြုချက်ကို အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ National Curriculum Committee နှင့် ဘာသာရပ်သင်ကြားရေးအဖွဲ့ Board of Studies ပညာရှင်ပါမောက္ခကြီးများက အလေးအနက် ထားပြီး ခိုင်လုံသော ဝေါဟာရ အသုံးအနှုန်းနှင့် အရေအတွက်ကို လိုအပ်သလို စိစစ်တည်းဖြတ်သွား မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးဝင်းမြင့်မောင်(ကျောက်ပန်းတောင်းမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းအားမေးမြန်းခဲ့ပါသည်။
မေးခွန်းကိုဖြေကြားပေးခဲ့သည် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အဆင့်မြင့်ပညာအား ကျေးဇူး အထူးတင်ရှိပါကြောင်း၊ ဒီနေရာတွင် မိမိတို့ ဝေါဟာရအရေအတွက်လို့ ပြောသည့်နေရာတွင် အရေ အတွက်သည် ယခင်တုန်းက ပုဂံယဉ်ကျေးမှုနယ်မြေတွင်ရှိသည့် ရှေးဟောင်း အဆောက်အအုံ ပေါင်းသည် ၂၂၁၇ ဆူဖြစ်ပါကြောင်း၊ နန်ပင့်သင်္ကတေနှင့် ကျောင်းကြီးအုပ်နီလို့ မှတ်သားထား ပါကြောင်း၊ အခုအခါ ပုဂံတွင် ၃၈၁၂ ဆူ၊ ပုဂံနှင့် ဆက်စပ်နေသည် စလေတို့၊ ပခန်းကြီးတို့ ယဉ်ကျေးမှု နယ်မြေနှင့်ပါပေါင်းလျှင် ၃၅၉၅ ဆူလို့သိရှိထားပါကြောင်း၊ ထို့ကြောင့် အရေအတွက် more than 2,500 ဆိုသည်ကို မိမိအနေ့ဖြင့် ငြင်းစရာအကြောင်းမရှိပါကြောင်း၊ သို့ရာတွင် စေတီနှင့် ဂူဘုရား တို့ကို Oxford Dictionary မိမိတွင်လည်းရှိပါကြောင်း၊သို့သော်လည်း စေတီတို့၊ ဂူဘုရားတို့ဆိုသည်မှာ မြန်မာ့ ယဉ်ကျေးမှု၏ ဝေါဟာရများ ဖြစ်ပါကြောင်း၊ English ၏ ဝေါဟာရ မဟုတ်ပါကြောင်း၊ ထို့ကြောင့် မိမိက Oxford ကိုမကိုးကားပါကြောင်း၊ မိမိကိုးကားသည်မှ ပညာရေးဝန်ကြီးဌာန မြန်မာစာ အဖွဲ့မှပြုစုသည့် မြန်မာအဘိဓာန်၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်နှင့် အင်္ဂလိပ်-မြန်မာ အဘိဓာန်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းအဘိဓာန်များတွင် စေတီနှင့်ဂူဘုရား၊ ပုထိုးဆိုသည်ကို တည်ပုဒ် သုံးခုပြပါကြောင်း၊ တည်ပုဒ်သုံးခုပြသည့်အတွက် ၎င်းသုံးလုံး၏ ဝေါ်ဟာရအရမတူပါကြောင်း၊ ဓာတ်တော်မွေတော်များကို ဌာပနာထားသည် မြေစိုက် စေတီများ ကို သာ Pagodas လို့ခေါ်ပါကြောင်း၊ ပုထိုးကို Stupa လို့ ခေါ်ပြီး မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် ပြသည့်ပုံ အရ၊ အနက်ဖော်ချက်နှင့်ပူးတွဲတင်ပြသည့်ပုံအရ စေတီပေါက်ဂူဘုရားဖြစ်ပါကြောင်း၊ စေတီပေါက် ဂူဘုရားကို လှိုင်ကန်စေတီလို့လည်းခေါ်သည့်အတွက် ပုထိုးကို စေတီထဲတွင်ထည့်ခြင်း၊ ဂူဘုရား ထဲတွင် ထည့်မည်ဆိုသည်ကိုလည်း မိမိအနေဖြင့်ဘာမှ စောဒကမတတ်လိုပါကြောင်း။
သို့ရာတွင် ဂူဘုရားဆိုတာ Temple ပါ။ Temple ကို ဘုရားကျောင်းလို့ပြပါကြောင်း၊ ဘုရားကျောင်း ပါ။ ဗုဒ္ဓရုပ်ပွားတော်ကိန်းဝပ်စံပယ်သည့် ကျောင်းဆောင်ဖြစ်ပါကြောင်း၊ ဒါ့ကြောင့်မို့ Temple ကို ဘုရား ကျောင်းလို့ ပြောတာကို ဘာမှအငြင်းပွားစရာမရှိပါကြောင်း၊ ရုပ်ပွားတော်၏ ဝိဟာရဖြစ်ပါကြောင်း၊ ထို့ကြောင့် Temple ဆိုတာ ရုပ်ပွားတော်၏ ဝိဟာရ၊ Pagodas လို့ခေါ်သည့် စေတီက ဓာတ်တော် မွေတော်တွေကို ဋ္ဌာပနာထားသည့် မြေစိုက်စေတီ ဖြစ်ပါကြောင်း၊ စေတီနှင့် Pagodas ကွဲပြားသည့် သာဓကတစ်ခုအနေဖြင့် ပြရမည်ဆိုပါက စိမ်းညက် ညီမဘုရားကို Pagodas လို့ပြပြီး စိမ်းညက်အစ်မဘုရားကို Temple လို့ပြပါကြောင်း၊ နောက် ရန်ကုန်တက္ကသိုလ်ကထုတ်သည့် Glimpses of glorious Bagan၊ ယဉ်ကျေးမှုဝန်ကြီးဌာန ကထုတ်သည့် Historical Guide to Bagan၊ မင်းဘူးဦးအောင်ကြိုင်ရေးသည့် Guide to Bagan Mounments စာအုပ်များတွင် စေတီကို Pagodas၊ ဂူဘုရားကို Temple လို့ ပြောပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ၂၅၀၀ ကျော်ဆိုသည့် အထဲထဲတွင် စေတီကြီးလည်းမဟုတ်၊ Pagodas ကြီးရယ် မဟုတ်ပါလို့ ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ထပ်ဆင့်မေးခွန်းအနေဖြင့် မေးလိုသည်မှ ၂၅၀၀ကျော်ဆိုသည့် အထဲတွင် မိမိပြောခဲ့သည့် ကျောင်းကြီးအုပ်နီပါပါကြောင်း၊ ကျောင်းကြီး အုပ်နီထဲတွင်ပါသည့် ၂၅၀၀ကျော်ကို Pagodas လို့ဟု ခေါ်မည်ဆိုပါက ကျောင်းကြီးအုပ်နီ ထဲတွင်ပါသည့် ဥပါလိ Pagodas၊ သရပါတံခါးကို သရပါ Pagodas၊ မြားသဥမင်ကို မြားသ pagodas၊ စိုးမင်းကြီး အုတ်ကျောင်းကို စိုးမင်းကြီး Pagodasလို့ ပညာရေးဝန်ကြီးဌာနက ခေါ်ခွင့်ပြု/မပြုကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးမြန်းသွားပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဇော်မြင့် က
Curriculum ကော်မတီအနေဖြင့် Curriculum ပြုစုသည့်နေရာတွင် ခိုင်လုံသည့်စာအုပ် အထောက် အထားများ တင်ပြရပါကြောင်း၊ အထူးသဖြင့် ကိန်းဂဏန်းများ ပြုစုမည်ဆိုပါက အထောက် အထား ခိုင်လုံသည့် Evidence Base ရှိမှသာ မိမိတို့ ပြုစုရေးသားထည့်သွင်းလို့ ရပါကြောင်း၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၁၅-၆-၂၀၂၆ ရက်နေ့တွင် ပေးပို့ခဲ့သည့် အထောက် အထား များတွင် စေတီနဲ့ ဂူဘုရားအသုံးအနှုန်းကို ဂူဘုရားကို Mounments ထဲတွင်ထည့်မလား ဆိုသည့် မေးခွန်းလည်း ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ အုတ်ကျောင်းတိုက်များ ၊ ပိဋကတ်တိုက်များ၊ ဆင်ပို များ ၎င်းတို့ကို Mounments လက်ခံပါကြောင်း၊ သို့သော် မိမိတို့ ဒွိဟဖြစ်နေ သည်မှာ အခုကိုယ်စားလှယ် တော်ကြီး တင်ပြထားသည့် ဂူဘုရားများကို Mounments ထဲတွင်ထည့်သင့် သည်လို့ အကြံပြုချက် မျိုးဟု နားလည်ပါကြောင်း၊ ဒါကတော့ ပညာရှင်များ ကနေပြီး ဆုံးဖြတ်ရမည့် လုပ်ငန်းဖြစ်သွားပါကြောင်း၊ စေတီကို Pagodas လို့ခေါ်သလို ဂူဘုရား အာနန္ဒာ ဘုရားကို Pagodas လို့ထည့်မလား Mounments လို့ခေါ်သည့် ရှေးဟောင်း အဆောက် အအုံများထဲတွင် ထည့်မလား လို့ဆိုသည်ကတော့ ပညာရှင်များ ဆုံးဖြတ်ရန်ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းပြုစုသည့် အခါတွင် မိမိတို့ အနေဖြင့် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ ဆိုပြီး Curriculum Development Team များရှိ ပါကြောင်း ၎င်းတို့ထဲတွင် ပညာရှင်များ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ ပါဝင်ပါကြောင်း။
ယခုလိုဘဲ SWCC လို့ခေါ်သည့် ဘာသာရပ်သင်ရိုးညွှန်တမ်းကော်မတီက အထက်တွင်ရှိပါ ကြောင်း၊ ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီတွင် အထူးသဖြင့် တက္ကသိုလ်ပါမောက္ခကြီးများနှင့် ပြင်ပ ပညာရှင်ကြီးများက ကြီးကြပ်သည့်အဖွဲ့ဖြစ်ပါကြောင်း၊ SWCC လို့ခေါ်ပါကြောင်း ၎င်း၏အထက် တွင် သူတို့ နှစ်ဖွဲ့က စိစစ်တည်းဖြတ်လာသည် သင်ရိုးညွှန်းတမ်းများကို မိမိတို့ Board of Studies လို့ခေါ်သည့် ဘာသာရပ်သင်ကြားရေးအဖွဲ့များ၊ ပါမောက္ခများ၊ မြန်မာပြည်အနှံ့က တက္ကသိုလ် ၅၀ က ပါမောက္ခများ အကုန်လုံးပါသည့် Board of Studies အဖွဲ့ကြီးမှ ထပ်မံတည်းဖြတ်ပါကြောင်း၊ ဆက်ပြီး ၎င်းတို့၏အပေါ်တွင် ရှိသည့် National Curriculum Committee(NCC) ကို ဆက်လက်တင်ပြ ရပါကြောင်း၊ NCC ကလည်းပဲ လိုအပ်သည့် သက်သေအထောက်အထားများနှင့် ခိုင်လုံမှ အတည်ပြု ပေးပါကြောင်း၊ အထက်ကတင်ပြခဲ့တဲ့အတိုင်း နှစ်ပိုင်းရှိပါကြောင်း၊ ဝေါဟာရအပိုင်းနှင့် အရေအတွက်ဟူ၍ အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ မိမိတို့အနေဖြင့် ခိုင်လုံသည့်သက်သေ အထောက် အထားများ၊ ခိုင်လုံသည့် အသုံးအနှုန်းများနှင့် သက်ဆိုင်ရာပညာရှင်ကြီးများမှနေပြီး ဆက်လက် ဆုံးဖြတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြာ ခဲ့ပါသည်။