MY EN

(ဆ)-ဦးသက်ပုံ(စစ်ကိုင်းမဲဆန္ဒနယ်)-မေးခွန်း

2026-06-25
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးသက်ပုံ(စစ်ကိုင်းမဲဆန္ဒနယ်)
စစ်ကိုင်းမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၌ ပညာရေး ဝန်ကြီးဌာနမှ သတ်မှတ်စံနှုန်းများဖြင့် များစွာကွဲပြားနေကြောင်းတွေ့ရှိရသဖြင့် နိုင်ငံတော်က စီမံ ကြပ်မတ် ပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းမြို့နယ်သည် လက်ရှိအခြေအနေတွင် အရေးပေါ်အခြေအနေ ကြေညာထားသော မြို့နယ်များစာရင်းတွင် မပါသော်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းသော မြို့နယ်တစ်ခု ဖြစ်ပြီး အခြားပတ်ဝန်းကျင် မြို့နယ်များမှ ယာယီနေရပ်စွန့်ခွာမိသားစုများ လာရောက်ခိုလှုံ နေထိုင် လျက်ရှိသောမြို့နယ်လည်းဖြစ်ပါကြောင်း၊ မြို့နယ်၏စာရင်းဇယားများအရ အခြားဒေသများမှ လာ ရောက်နေထိုင်သူ ယာယီနေရပ် စွန့်ခွာသူ ၂၀,၈၇၈ ဦးရှိပြီး သက်ဆိုင်ရာဌာနများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်ပြန်စိစစ်ရာ ၎င်းစာရင်း၌မပါဝင်သေးသူ ၁၁,၅၅၇ ဦးကျန်ရှိကြောင်း သိရှိရ သဖြင့် လက်ရှိတွင် ခန့်မှန်းယာယီ နေရပ်စွန့်ခွာသူ ၃၀,၀၀၀ ကျော်ခန့်ရှိကြောင်း လည်း လေ့လာ သိရှိရပါကြောင်း၊ စစ်ကိုင်းမြို့နယ်တွင် ၂၀၂၅-၂၆ ပညာသင်နှစ်တွင် မူလတန်းကျောင်း ၇၂ ကျောင်း အနက် ဖွင့်လှစ် ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၇၄ ကျောင်းအနက် ဖွင့်လှစ် ၂၅ ကျောင်း၊ အထက်တန်းကျောင်း ၃၅ ကျောင်းအနက် ဖွင့်လှစ် ၁၇ ကျောင်းတို့တွင် ကျောင်းအပ်နှံတက်ရောက် ကျောင်းသားကျောင်းသူ မူလတန်း ၁၆,၇၈၉ ဦး၊ အလယ်တန်း ၄,၀၂၆ ဦး၊ အထက်တန်း ၁,၆၁၉ ဦး စုစုပေါင်း ၂၂,၄၃၄ ဦး တက်ရောက်သင်ကြားနေသည်ကို  တွေ့ရှိရပါကြောင်း။ 

          စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေအချို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူလူထုများ စစ်ကိုင်းမြို့ ပတ်ဝန်းကျင်တွင် လာရောက်နေထိုင်ကြပြီး ၎င်းတို့၏သားသမီးများအား စစ်ကိုင်းမြို့၌ ပညာ သင်ကြား ခဲ့ကြရာ ၂၀၂၅-၂၆ ပညာသင်နှစ်တွင် အထက်ဖော်ပြပါ အစိုးရအခြေခံပညာကျောင်းများ၌ တက်ရောက်ခဲ့သည့်အပြင် စစ်ကိုင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကိုယ်ပိုင်မူလတန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်း ၈ ကျောင်း စုစုပေါင်း ကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၅,၂၅၅ ဦး၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၊ မူလတန်း ကျောင်း ၆ ကျောင်း၊ မူလတန်း လွန်ကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း စုစုပေါင်း ဘုန်းတော်ကြီးသင် စာသင် ကျောင်း ၁၇ ကျောင်း၌ ကျောင်းသားကျောင်းသူ ၁၃,၆၉၃ ဦး တို့ တက်ရောက်ပညာသင်ကြားခဲ့ကြောင်း လေ့လာတွေ့ရှိရပါကြောင်း၊ အထက်ဖော်ပြပါ ကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်း ၁၇ ကျောင်းတို့၌ ပြီးခဲ့သည့်စာသင်နှစ်တွင် တက်ရောက်သင်ကြား ခဲ့သည့် ကျောင်းသားကျောင်းသူ စုစုပေါင်းမှာ ၁၈,၉၄၈ ဦးရှိကြောင်း တွေ့ရှိရပြီး စစ်ကိုင်းမြို့ရှိ အစိုးရကျောင်းများ၌တက်ရောက်ခဲ့သည့်အင်အားမှာ ၂၂,၄၃၄ ဦးရှိသဖြင့် ၄ ပုံ ၃ ပုံ ခန့်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၌ ကျောင်းသား ကျောင်းသူများပြားရခြင်း၏ အခြေခံကိုလေ့လာသည့်အခါ အစိုးရအခြေခံ ပညာ ကျောင်းများ၌ ကျောင်းအပ်ရာတွင် မွေးသက္ကရာဇ်၊ အသက်နှင့်ပတ်သက်၍ တင်ပြသည့် စာရွက် စာတမ်းများ၊ နောက်ဆုံး တက်ရောက်ခဲ့သည့် အတန်းနှင့်ပတ်သက်၍ တင်ပြသည့် စာရွက်စာတမ်း များအား ယာယီနေရပ် စွန့်ခွာ မိသားစုများ ရရှိရှာဖွေခက်ခဲမှုကြောင့် လွယ်ကူသည့် ကျောင်းများသို့ အပ်နှံဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း။

          စစ်ကိုင်းမြို့ရှိ အစိုးရခြေခံပညာကျောင်းများတွင် လက်ခံနိုင်သည့် ကျောင်းသား ကျောင်းသူ အင်အား၏ ၇၅ ရာခိုင်နှုန်းခန့်သာ တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ မနှစ်ကစာသင်နှစ် တွင် စစ်ကိုင်းမြို့နယ်ရှိ အစိုးရအခြေခံပညာကျောင်းများ၏ ကျောင်းသား ကျောင်းသူဝင်ဆံ့ လက်ခံ နိုင်မှု ထက်လျော့နည်း၍ တက်ရောက်ခဲ့ပြီး ပြင်ပပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင် စာသင် ကျောင်းများ၌ကျောင်းသားကျောင်းသူဝင်ဆံ့လက်ခံနိုင်မှုထက်အဆမတန်များပြားလက်ခံတက်ရောက် ခဲ့ကြောင်း ၊ မိမိ သွားရောက်လေ့လာခဲ့သည့် စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးသင် စာသင် ကျောင်း တစ်ကျောင်းတွင် ကျောင်းသားကျောင်းသူအင်အား ၃,၀၀၀ ကျော်ရှိပြီး သင်ကြားပေးသည့် ဆရာ /ဆရာမဦးရေ ၄၀ ဦးခန့်သာရှိသဖြင့် ဆရာ၊ ကျောင်းသားအချိုး ၁:၇၅ ဖြစ်နေပါကြောင်း၊ ပညာရေး ဝန်ကြီးဌာန၏ သတ်မှတ်ချက်မှာ ၁:၃၀ ဖြစ်သည့်အတွက်များစွာ ကွာဟနေသည် ကိုလည်း တွေ့ရှိရပါ ကြောင်း။ 

          သို့ဖြစ်ပါ၍ စစ်ကိုင်းမြို့ရှိ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၌ ၂၀၂၅-၂၆ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမအချိုးအစား မလုံလောက်ခြင်း၊ နေရာဝင်ဆံ့မှုနည်းပါးခြင်းနှင့် အခြားပြဿနာများတွေ့ကြုံခဲ့ရပြီး ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်စံ နှုန်းများဖြင့် များစွာကွဲပြားနေကြောင်း တွေ့ရှိရသဖြင့် ယခုပညာသင်နှစ် ၂၀၂၆-၂၇ တွင် အလားတူ ပြဿနာများ မဖြစ်ပွားစေရေး၊ ကျောင်းသား ကျောင်းသူ၊ မိဘအုပ်ထိန်းသူများ နစ်နာမှုမရှိစေရေး အတွက် နိုင်ငံတော်က မည်သို့စီမံကြပ်မတ်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။ 

 

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေ အမှတ် (၅၀/၂၀၂၃အရ ပုဂ္ဂလိကပညာရေးဥပဒေကို ၁၂..၂၀၂၃ ရက်နေ့က ထုတ်ပြန်ပြဋ္ဌာန်း ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် အမျိုးသားသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသည့် ပုဂ္ဂလိက အခြေခံပညာကျောင်း မှတ်ပုံတင်ခြင်းဆိုင်ရာညွှန်ကြားချက် (၁၈/၂၀၂၃)နှင့် အညီ ပုဂ္ဂလိက အခြေခံ ပညာကျောင်း များကို ၂၀၂၄-၂၅ ပညာသင်နှစ်မှစပြီး ဖွင့်လှစ်ခွင့်ပြုခဲ့ပါကြောင်း၊ ဒါကို တင်ပြ ခြင်း သည် ပုဂ္ဂလိက ပညာရေးဥပဒေထဲတွင်လည်း ကြီးကြပ်ရေးအဖွဲ့ဆိုတာရှိပါကြောင်း၊ ကြီးကြပ်ရေး အဖွဲ့တွင် ပညာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားရှိပြီး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  ဒေသဆိုင်ရာကြီးကြပ်မှု အဖွဲ့ကိုလည်း ထည့်သွင်း ဖွဲ့စည်း ထားပြီး ကြီးကြပ်နေပါကြောင်းကို တင်ပြလိုခြင်းဖြစ်ပါကြောင်း။ 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် အမျိုးသားသင်ရိုးညွှန်းတမ်း နှင့် သင်ကြားသည့် ပုဂ္ဂလိက အခြေခံပညာအထက်တန်းကျောင်း ၅၈ ကျောင်း၊ ပုဂ္ဂလိကအခြေခံ ပညာအလယ်တန်းကျောင်း ၂၈ ကျောင်းနှင့် ပုဂ္ဂလိကအခြေခံပညာမူလတန်းကျောင်း ၁၁ ကျောင်း စုစုပေါင်း ၉၇ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း၊  စစ်ကိုင်းမြို့ပေါ်တွင် ကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်း ၁၇ ကျောင်းဖြင့် သင်ကြားလျက်ရှိသည်ကို တွေ့ရပါကြောင်း၊  ပုဂ္ဂလိကကျောင်းများတွင် အတန်းကျော်အပ်နှံခြင်း၊ ကျောင်းသားများ အမှန် တကယ် ကျောင်းတက်ရောက်ခြင်းမရှိဘဲ အမည်စာရင်းပေးသွင်းပြီး တက်ရောက်နေသည့် အတွက် ကျောင်းသား ဝင်ဆံ့မှုအင်အားထက် ပိုမိုလက်ခံထားသည်ဆိုသည့် အခြေအနေများဖြစ်ပွားခဲ့သည့် အတွက်ကြောင့် ယခု ၂၀၂၆-၂၇ ပညာသင်နှစ်မစမီ အဆိုပါပြဿနာများမဖြစ်စေရန်အတွက် ပညာရေး ဝန်ကြီးဌာနမှ စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းပြောင်းလက်မှတ် TC များကို သေသေချာချာ လက်ခံနိုင်ရန်အတွက် ကျောင်းသားလက်ခံသည့်အင်အားစာရင်းများ၊ အခန်း ဆုံး၊ နှစ်ဝက်ဆုံးနှင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးဖြေဆိုသည့်စာရင်းများ၊ အောင်မြင်သူ ဦးရေ စာရင်းများကိုလည်း သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး နှင့်  ပြည်နယ်ပညာရေးမှူး ရုံးများ သို့ အဆင့်ဆင့်တင်ပြပြီးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များဦးစီးသည့် အထူးစစ်ဆေးရေး အဖွဲ့ ၁၀ ဖွဲ့ ကို ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး ကို စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားသင်ရိုးညွှန်းတမ်းပုဂ္ဂလိကကျောင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံနှုန်းများနှင့် မကိုက်ညီသည့်ကျောင်းများကို ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့ကို တင်ပြစေပြီး ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏ အဆုံး အဖြတ် ရယူပြီး ဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း၊ ပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အတူ ၂၀၂၄-၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၆ ပညာသင်နှစ်များတွင် ဖွင့်လှစ်ခွင့် ရရှိပြီး သည့် အဆင့် တိုးလျှောက်ထားသည့် ပုဂ္ဂလိကကျောင်းများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသဆိုင်ရာကြီးကြပ်မှုအဖွဲ့များက သတ်မှတ်စံနှုန်းနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစိစစ်ပြီး သတ်မှတ်ချက် များ နှင့်ကိုက်ညီသည့်ကျောင်းများကို အဆင့်တိုးဖွင့်လှစ်ခွင့်ပြုခြင်းနှင့် စစ်ဆေးရေး အဖွဲ့များကသတ်မှတ်ချက်နှင့် မကိုက်ညီသည့်ကျောင်းများကိုစိစစ်ပြီး ပြင်ဆင်ဆောင်ရွက် လျက် ရှိပါကြောင်း ။ 

စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် ပုဂ္ဂလိကကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ စနစ် တကျ နှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာန အနေ ဖြင့် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၇ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ၏ သင်ကြားမှု၊ သင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရေး အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနအနေ၏ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသားများအတွက် Placement Test အထူးအစီအစဉ်ကို ၁၅--၂၀၂၆ ရက်မှ ၂၀--၂၀၂၆ ရက်အထိ ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ Grade-1 to Grade-8 အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၄၀,၀၀၀ ဦးကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး စစ်ကိုင်းတိုင်းတစ်ခုတည်းအနေဖြင့် ၅၁,၀၀၀ ဦးကျော် ဖြေဆိုခဲ့ပြီး ၎င်းကျောင်းသားများသည် စာသင်ခန်းကို ဦးတည်ခြေလှမ်းနိုင်ပြီ ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများနှင့်စပ်လျဉ်းပြီး တင်ပြလိုပါကြောင်း၊  သာသနာရေးဝန်ကြီး ဌာန မှ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များကို အဆောက်အဦနှင့်ကျောင်းသုံးပရိဘောဂပြည့်စုံပြီး အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမ များ အင်အားရှိ၍ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်သော ကျောင်းဖြစ်ကြောင်း အဆင့်ဆင့် ထောက်ခံ တင်ပြ မှသာ ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်းကို တွေ့ရှိရပါကြောင်း။

ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနအနေဖြင့်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း များ၏ ဆရာ၊ ကျောင်းသားစာရင်းမှန်ကန်မှုရှိစေရေး၊ ခွင့်ပြုအတန်းထက်ကျော်လွန် သင်ကြား မှု မရှိစေရေး အတွက်ကို လစဉ်စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ၏ သင်ကြားရေး၊ သင်ယူမှုလုပ်ငန်းစဉ်များကို အခြေခံပညာဦးစီး ဌာနကချမှတ်ထား သည့် လမ်းညွှန် မှုများနှင့်အညီ လေ့ကျင့်ပေးနိုင်ရေး၊ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းများကိုလည်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရေးတို့အတွက် ကြီးကြပ်လမ်းညွှန်ပေး လျက်ရှိကြောင်း ထို့အပြင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများတွင် ကျောင်းသားဝင်ဆံ့မှုဦးရေအရ ကျောင်းအပ်လက်ခံဆောင်ရွက်ရေး၊ စာသင်ခန်း၊ စာသင်ခုံနှင့် ဆရာအင်အားပြည့်စုံလုံလောက်မှုရှိစေရေး စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြည့်စုံအောင်ဖြည့်ဆည်းခြင်းလုပ်ငန်းများကို သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သတ်မှတ်စံနှုန်းများနှင့်ကိုက်ညီအောင် အလေး ထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားခဲ့ပါသည်။ 

မေးခွန်း
မေးခွန်း

ဦးသက်ပုံ(စစ်ကိုင်းမဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။

မိမိမေးမြန်းခဲ့သည့် မေးခွန်းပါအချက်အလက်များမှ ၂၀၂၅-၂၆ မနှစ်ကအခြေအနေကို အခြေခံ မေးမြန်းထားခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၂၆-၂၇ ပညာသင်နှစ်တွင်လည်း စစ်ကိုင်းမြို့တွင် လက်ရှိ ဇွန်လ ၂၂ ရက်ထိ ကျောင်းလက်ခံထားရှိမှုမှာ အခြေခံပညာကျောင်းများ ၂၃,၀၅၃ ဦး၊ ဘုန်းတော်ကြီးသင် ကျောင်း များ ၉,၂၀၃ ဦး၊ ကိုယ်ပိုင်စာသင်ကျောင်းများ ၂,၇၁၉ ဦး စုစုပေါင်း ၃၄,၉၇၅ ဦးရှိပြီ ဖြစ်ပါ ကြောင်း၊ Grade-1 မှ Grade-8 ထိ ယခင်နှစ်က အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ မဖြေဆိုခဲ့ရသူ များအတွက် Placement Test အထူးအစီအစဉ်ကို ဒုတိယဝန်ကြီးတင်ပြသကဲ့သို့ ဇွန်လ ၁၅ ရက်မှ ဇွန်လ ၂၂ ရက်ထိ ဆောင်ရွက်ပေးခဲ့ရာ စစ်ကိုင်းမြို့နယ်မှာ ၄,၉၀၅ ဦးဖြေဆိုခဲ့ကြောင်းနှင့် အောင်မြင်သူ များကို အခြေခံပညာကျောင်းများ၌ ဆက်လက်တက်ရောက်စေမည်ဖြစ်သည်ကို သိရှိရပါကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ် ကျောင်းတက်ရောက်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက အခြေခံပညာတွင် ၇၁၄ ဦး တိုးပြီး ဘုန်းတော်ကြီးသင်စာသင်ကျောင်းများမှာ ၄,၄၉၀ ဦးလျော့ပြီး၊ ကိုယ်ပိုင်စာသင်ကျောင်းများ၌ ၂,၅၃၆ ဦးလျော့နည်းခဲ့သည်ကိုတွေ့ရှိရပြီး စုစုပေါင်း မနှစ်က ကျောင်းတက်ရောက်မှုအောက် ၆,၃၁၂ ဦး လျော့နည်းလျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း။

ထိုသို့ ကျောင်းသားအင်အားလျော့နည်းသွားမှုများတွင် ယာယီနေရပ်စွန့်ခွာမိသားစုများ မူလ နေရာများ သို့ ပြန်လည်သွားရောက်ခြင်းဟု အကောင်းမြင်ရပါကြောင်း၊ အချို့ကိုယ်ပိုင်ကျောင်း များသည် စည်းမျဉ်းစည်းကမ်းမကိုက်ညီ၍ ပိတ်သိမ်းခဲ့ရခြင်းများကြောင့်လည်းဖြစ်နိုင်ပါကြောင်း၊ သို့သော် မနှစ်ကဲ့သို့ ယာယီစာရင်းသွင်းလက်ခံ ကျောင်းသားကျောင်းသူများကို စာရင်းမသွင်းရ သေး၍ လည်းဖြစ်နိုင်ပါကြောင်း၊  သို့ဖြစ်ပါ၍ ယခုစာသင်နှစ်တွင်လည်း မနှစ်ကကဲ့သို့ ကျောင်းသား စာရင်းသွင်းနောက်ကျခြင်း၊ ဝင်ဆံ့မှုထက်ကျော်လွန်ခြင်းတွေကြောင့် စာမေးပွဲမဖြေဆိုရခြင်း၊ ဖြေဆိုရ သော်လည်း ယခုအချိန်ထိ အောင်စာရင်းမထုတ်ပြန်နိုင်သေးခြင်းများ မဖြစ်စေရေး မည်ကဲ့သို့ကြပ်မတ် ပေးမည်ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးမြန်းပါသည်။ 

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က

တစ်ဆက်တစ်စပ်တည်းမေးခွန်းဖြစ်သည့် မနှစ်က ဖြစ်သွားခဲ့သည့် ယာယီစာရင်းသွင်းသည့် အခါနောက်ကျခြင်းများ၊ဝင်ဆံ့မှုအတွက်ကျော်လွန်ခြင်းမရှိရန်အတွက်ကိုလက်ရှိ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များပါဝင်သည့် အဖွဲ့များနှင့်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပြီး ဖြစ်ပါ ကြောင်း၊ အသေးစိတ်တိကျစွာဆောင်ရွက်ပြီး TC ထုတ်ပေးခြင်း၊ ယခုနှစ်ကိုယ်ပိုင် ကျောင်းများ တွင် Enroll သွင်းထားသည့်အနေအထားမျိုးများ မရှိအောင်လည်း အထူးတလည် သေချာစိစစ်ပြီး ဆောင် ရွက် လျက်ရှိပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာသင် ကျောင်းများနှင့်ပတ်သက်၍ သာသနာ ရေး ဝန်ကြီး ဌာနနှင့်ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။