ဦးဝင်းမြင့်(အုတ်တွင်းမဲဆန္ဒနယ်)
အုတ်တွင်းမြို့နယ် အ.ထ.က (အုတ်တွင်း)ကျောင်းမှ ၄ ခန်းတွဲ ၃ ထပ် ကျောင်းဆောင်၊ ဇီးဖြူသောင် အုပ်စု၊ ပဲကြီးကုန်ကျေးရွာ (အခြေခံပညာအလယ်တန်းကျောင်းခွဲ)ရှိ တစ်ထပ်ကျောင်းဆောင်နှင့် ဘန့်မွေး ပင် ကျေးရွာ၊ မူလွန်ကျောင်း၊ တစ်ထပ်ကျောင်းဆောင်တို့အား တာဝန်ယူ တည်ဆောက်ခဲ့ သည့် တင်ဒါအောင် ကုမ္ပဏီတို့မှ ရပ်တန့်ထားသောလုပ်ငန်းဆောင်ရွက်မှုတို့အား မည်သည့် အချိန်တွင် ပြန်လည် စတင် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
အုတ်တွင်း မြို့နယ်သည် အနောက်ဘက် ပဲခူးရိုးမနှင့်အရှေ့ဘက်စစ်တောင်းမြစ်၏ ကြားထဲ တွင် တည်ရှိသောမြို့နယ်တစ်ခုဖြစ်ပြီး စစ်ဘေးရှောင် ၇၀ ရာခိုင်နှုန်းသည်လည်း အုတ်တွင်းမြို့နယ် အတွင်းတွင် ပျံ့နှံ့နေထိုင်လျက်ရှိပါကြောင်း ၊ အများစုသည်ကျောင်းသူကျောင်းသားများ ပါဝင် နေပြီး သင်ကြားရေး အတွက် စာသင်ဆောင်ဟာလည်းပဲ အဓိက လိုအပ်ချက် တစ်ခုလိုဖြစ်နေ ပါကြောင်း ၊
အုတ်တွင်းမြို့ ပေါ် အုတ်တွင်း အ.ထ.က အတွင်းရှိ ၄ ခန်းတွဲ ၃ ထပ်ကျောင်း ဆောင်ဖြစ်ပြီး ၄၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ၊ ဝက်ထီးကျေးရွာအုပ်စု ဘန့်မွေးပင် အ.လ.က(ခွဲ) ကျောင်းနှင့် ဇီးဖြူသောင် ကျေးရွာအုပ်စု ပဲကြီးကုန် အ.လ.က(ခွဲ)ကျောင်းများ၏ လက်ရှိအခြေအနေကို သွားရောက်ကြည့်ရှုပြီးဖြစ်ပါကြောင်း ၊ အဆိုပါကျောင်း ၃ ကျောင်းစလုံး ဆောက်လုပ်ပြီးစီးရန် အတွက် များစွာ လိုအပ်နေသေးပြီး ဆက်လက်ဆောင်ရွက် နိုင်ခြင်းမရှိသည်ကို တွေ့ခဲ့ရ ပါကြောင်း ၊ ကျောင်းသူ ကျောင်းသားများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားရေးအတွက် ပညာရေး ဝန်ထမ်းများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းများမှ ကိုယ်စွမ်းရှိသ၍ ဆက်လက်ဆောင်ရွက်နေကြသော်လည်း ကျောင်းသားဦးရေနှင့်ကျောင်းဆောင်မျှတမှု မရှိသော ကြောင့် တချို့သော အ.ထ.က ကျောင်းများနှင့် မူလွန်ကျောင်းများ မှာ မနက်ပိုင်းနှင့် ညနေပိုင်း နှစ်ပိုင်းခွဲခြားပြီး သင်ကြားနေရပါကြောင်း ၊ခက်ခဲစွာပညာသင်ကြားနေရသော အနာဂါတ် ၏ မျိုးဆက်သစ်များ အဆင်ပြေလုံခြုံစွာ ပညာသင်ကြားရေးအတွက် အဆိုပါ ကျောင်းဆောင် ၃ ဆောင်အား မည်သည့်အချိန်ကာလတွင် အမြန်ဆုံး ပြီးစီးအောင် တည်ဆောက်ပေးမည်ကို အုတ်တွင်းမြို့နယ်နေ ပြည်သူများကိုယ်စား မေးမြန်း ခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ၊ ဦးနေမျိုးလှိုင် က
ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ အုတ်တွင်း မြို့နယ်အတွင်းရှိ အ.ထ.က အုတ်တွင်းတွင် ၁၄၀ ပေ x ၃၀ ပေ RCC ၃ ထပ်အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၆၁၅ သန်းနှင့် ဆောင်ရွက် ခဲ့ပြီး မြေပြင်ပြီးစီးမှုရာခိုင်နှုန်းမှာ ၄၅ ရာခိုင်နှုန်းသာပြီးစီးပြီး ၅၅ ရာခိုင်နှုန်းဆောင်ရွက်ရန် ကျန်ရှိ နေပါကြောင်း ၊ အ.လ.က(ခွဲ)ပဲကြီးခုံတွင် ၆၀ ပေ x ၃၀ ပေ တစ်ထပ်ကို ခွင့်ပြုငွေကျပ် ၃၅.၈၂၀ သန်းနှင့်ဆောင်ရွက်ခဲ့ပြီး မြေပြင်ပြီးစီးမှု ၅၀ ရာခိုင်နှုန်းသာပြီးစီးပြီး ၅၀ ရာခိုင်နှုန်းဆောင်ရွက် ရန်ကျန်ရှိနေပါကြောင်း၊ မူလွန် ဘန့်ဘွေးပင်တွင် ၉၀ ပေ x ၃၀ ပေ RCC တစ်ထပ်အတွက်ကို ၅၃.၇၈၀ သန်းနှင့်ဆောင်ရွက်ခဲ့ပြီး မြေပြင်ပြီးစီးမှု ၅၀ ရာခိုင်နှုန်းသာပြီးစီးပြီး ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း။
အဆိုပါလုပ်ငန်း ၃ ခုသည် ကုမ္ပဏီ၏အားနည်းချက်ကြောင့် လုပ်ငန်းများ ပြန်လည်အပ်နှံ ရခြင်း ဖြစ်သည့်အတွက် ကုမ္ပဏီများကိုလည်း စာချုပ်ပါစည်းကမ်းနှင့်အညီ လုပ်ငန်းအာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းယူပြီး လုပ်ငန်းလုပ်ပိုင်ခွင့်ရပ်ဆိုင်းထားပြီးဖြစ်ပါကြောင်း ၊ ထိုသို့ မပြီးပြတ်သေးသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ ဒေသပေါက်ဈေးအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် PAE နှုန်းထားများနှင့်အညီ စီမံကိန်းတန်ဖိုး ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းတန်ဖိုး ပြောင်းလဲဆောင်ရွက်ရာတွင် နိုင်ငံပိုင်ကဏ္ဍ ငွေလုံး ငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းများ၏ ခန့်မှန်း စီမံကိန်း တန်ဖိုးပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ယခင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၏ အမိန့် ကြော်ငြာစာအမှတ်-၄၅/၂၀၂၀ နှင့်အဆိုပါ အမိန့်ကြော်ငြာစာကို ပြင်ဆင်ဖြည့်စွက်သည့် အမိန့် ကြော်ငြာစာအရ မူလစီမံကိန်းတန်ဖိုး ၁၀ ရာခိုင်နှုန်း(ကျပ်သန်း ၂၀၀)ထက် မကျော်လွန်သော လုပ်ငန်းများအတွက် စီမံကိန်းတန်ဖိုးပြောင်းလဲရ သည့် အကြောင်းအရင်းများကို ဆောက်လုပ်ရေး လုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့(ငွေလုံးငွေရင်း)သို့ ပေးပို့၍ ထောက်ခံချက်ရယူခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့(ငွေလုံးငွေရင်း)၏ ထောက်ခံချက်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သဘောထားမှတ်ချက်ဖြင့် ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနသို့ ခွင့်ပြုချက်ရယူခြင်း၊ အတည်ပြုချက် ရရှိသော လုပ်ငန်းအမျိုးအစားတွေကို စီမံကိန်း တန်ဖိုးပြောင်းလသတ်မှတ်နိုင်ရန်အတွက် စီမံကိန်း ရေးဆွဲရေးဦးစီးဌာနသို့ ပေးပို့ခြင်းရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်) သို့ ပေးပို့ခြင်းနှင့် အမျိုးသား စီမံကိန်းဥပဒေ တွင် ထည့်သွင်းအတည်ပြုနိုင်ရန်အတွက်စီမံကိန်းလုပ်ငန်းတန်ဖိုး ပြောင်းလဲ ခြင်း အား စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထားတင်ပြခြင်းများ ဆောင်ရွက်ရပြီး ကျပ်သန်း ၂၀၀ ထက်ကျော်လွန်သော လုပ်ငန်းများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိရန် ဆက်လက်လုပ်ဆောင်ရပါကြောင်း ။
အုတ်တွင်းမြို့နယ်အတွင်းမှ မပြီးပြတ်သေးသော လုပ်ငန်း ၃ ခုအား မြေပြင်တွင် အမှန် တကယ် ဆောင်ရွက်နိုင်သည့် အခြေအနေကို စိစစ်စေလျက်ရှိပြီး ညွှန်ကြားချက်များနှင့်အညီ အဆင့် ဆင့်တင်ပြဆောင်ရွက်ရကြောင်း ၊ စီမံကိန်းတန်ဖိုးပြောင်းလဲ ဆောင်ရွက်ခွင့်ရရှိသည့် အချိန် တွင် ပြီးဆုံးရန်တစ်ဝက်တစ်ပျက်ကျန်ရှိနေသည့်ကျောင်းဆောင်များအားသက်ဆိုင်ရာဘဏ္ဍာရေးနှစ် တွင် ငွေလုံးငွေရင်းတည်ဆောက်ရေးရန်ပုံငွေမှ ခွင့်ပြုနိုင်ရေးလျာထား တင်ပြခြင်းများကို ဆောင်ရွက် ၍ အပြီးသတ်နိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး ဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။