ဒေါ်ကြူကြူမော်(သာစည်မဲဆန္ဒနယ်)
သာစည်မြို့မြောက်ဘက်ရှိ ၈မိုင်ခန့်ရှိ ဝမ်းသာ-ဟံဇား-သာဂရကျေးရွာချင်းဆက် ကျောက်ချော လမ်းအားကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
သာစည်မြို့မြောက်ဘက် ဟံဇားတိုက်နယ်အတွင်းရှိ ဝမ်းသာ-ဟံဇား-သာဂရကျေးရွာအထိ ဆက်သွယ်ထားသော ကျေးရွာချင်းဆက် ကျောက်ချောလမ်းသည် ကာလကြာမြင့်စွာ အသုံးပြု ထားသောကြောင့်ပျက်စီးလျက်ရှိပါကြောင်း၊ ဝမ်းသာ-ဟံဇား-သာဂရကျေးရွာအထိ ဆက်သွယ် ထားသော လမ်းချောပေါ်တွင် ကျေးရွာအုပ်စု ၆ အုပ်စု၊ ကျေးရွာပေါင်း ၁၃ ရွာရှိပြီး ပြည်သူများ သည်စက်ရက်ကန်းလုပ်ငန်း၊ လက်ရက်ကန်းလုပ်ငန်း၊ သီးနှံစိုက်ပျိုးမှုလုပ်ငန်း၊ ဒေသထွက်ကုန် များ ရောင်းဝယ်ရာတွင်လည်းကောင်း၊ ပညာရေးအနေဖြင့် ဟံဇားကျေးရွာတွင် အ.ထ.က(ဟံဇား)၊ သာဂရ ကျေးရွာတွင် အ.ထ.က (သာဂရ)သို့ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများမှလည်းကောင်း၊ ကျန်းမာရေးအနေဖြင့် ဟံဇားတိုက်နယ်ဆေးရုံသို့ ဆေးဝါးကုသ ရာတွင်လည်းကောင်း ဖြတ်သန်းသွားလာကြရပြီး အချက်အချာကျသည့် လမ်းဖြစ်ပါကြောင်း၊ မြို့ရှောင်လမ်းနှင့်တစ်ဆက်တည်းရှိသော ရန်ကုန်-မန္တလေးလမ်းမကြီးမှ ဝမ်းသာကျေးရွာအထိ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း။
ဆက်လက်၍ကျေးရွာချင်းဆက်လမ်းဖြစ်သည့် ဝမ်းသာ-ဟံဇား -သာဂရကျေးရွာချင်းဆက် ကျောက်ချောလမ်းအားရာသီမရွေး သွားလာနိုင်သော ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ပေးမည်ဆိုပါက အဆိုပါ ကျေးရွာချင်းဆက်လမ်းကို မှီခိုအားထား၍ သွားလာနေကြသည့်ကျေးရွာ သူ၊ ကျေးရွာသားများအနေဖြင့် ယခင်ကထက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးကိစ္စများ တွင် ပိုမိုအဆင်ပြေ ချောမွေ့လာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါစုစုပေါင်းမိုင်အရှည် ၈ မိုင်ခန့်ရှိ ဝမ်းသာ-ဟံဇား-သာဂရကျေးရွာချင်းဆက် ကျောက်ချောလမ်းအားကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ပါရန်အစီအစဉ် ရှိ၊မရှိ မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က
အဆိုပါကြယ်ပွင့်ပြမေးခွန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြား သွားမည်ဖြစ်ပါကြောင်း၊ တင်ပြပါလမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် Class(A) အဆင့်ရှိသည့် လမ်းဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီးမှ စီမံခန့်ခွဲသည့်လမ်းလည်းဖြစ်ပါကြောင်း၊ လက်ရှိအခြေ အနေတွင် ကတ္တရာလမ်း ၂ မိုင် ၂.၅၇ ဖာလုံ၊ ကျောက်ချောလမ်း ၆ မိုင် ၀.၉၇ ဖာလုံ၊ အမာခံလမ်း ၁ မိုင် ၀.၄၆ ဖာလုံ၊ စုစုပေါင်း ၉ မိုင် ၄ ဖာလုံရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိမိတို့အနေဖြင့် တိုင်းဒေသကြီး ရန်ပုံ ငွေမှ ဝမ်းသာရွာနှင့် ဟံဇားရွာကြားရှိ ၄ ဖာလုံကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအပေါ် အခြေခံ၍ လက်ရှိတင်ပြ ထားသည့် ဦးစားပေးအစီအစဉ် ရွေးချယ်မှုပေါ်မူတည်၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိ နေသည့် အမာခံလမ်းပိုင်း ၄.၄၆ ဖာလုံကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။