ဦးမြင့်ထွန်း(ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်)
ကြာအင်းဆိပ်ကြီးမြို့ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းကို ဆက်သွယ်သွားလာနိုင်မည့် ကူးတို့လှေငယ်များဖြင့် သွားလာနေကြရသောနေရာတွင် ဇမိမြစ်ကူးတံတား(ကြာအင်းဆိပ်ကြီး)ကို ၂၀၂၆ မှ ၂၀၃၀ ပြည့်နှစ် မတိုင်မီကာလအတွင်း သင့်လျော်မည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးနိုင်ခြင်းရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သည် သံလွင်မြစ်ဝသို့ စီးဆင်းသော အတ္ထရံမြစ်ဖျား ဒေသ၊ ဇမိမြစ်ပေါ်တွင် တည်ရှိပါကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့၊ ဘုရားသုံးဆူမြို့၊ ကျိုက်ထိုမြို့ စသည့် မြို့ ၃ မြို့၊ ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၅၁ အုပ်စု၊ ကျေးရွာပေါင်း ၂၈၆ ရွာ၊ လူဦးရေ စုစုပေါင်း ၂၇၀,၀၀၀ ဦးကျော်ရှိသည့် ခရိုင်မြို့ဖြစ်ပါကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့အရှေ့ဘက်ကမ်းတွင်ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ အနောက်ဘက်ကမ်းတွင် ကူးတို့ဆိပ်စသည်ဖြင့် ဖွဲ့စည်း ထားပါကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းကို ကူးတို့ ဖောင်ငယ်များဖြင့် အန္တရာယ်ကြားမှ ခက်ခဲကြမ်းတမ်းစွာ နေ့စဉ်ကူးသန်းသွားလာနေကြရပါကြောင်း၊ အဆိုပါ ဇမိမြစ်ကမ်းနေရာတွင် ဇမိမြစ်ကူးတံတား(ကြာအင်းဆိပ်ကြီး)ကို တည်ဆောက်ပေးမည် ဆိုပါက ဇမိမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာအုပ်စု ၁၉ အုပ်စုမှ ကျေးရွာပေါင်း ၁၀၅ ရွာတို့သည် ကြာအင်းဆိပ်ကြီးမြို့သို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်ကြမည်ဖြစ်ပါကြောင်း၊ ဇမိမြစ်အရှေ့ ဘက်ကမ်းတွင် ကျေးရွာအုပ်စု ၃၂ အုပ်စုမှ ကျေးရွာပေါင်း ၁၈၁ ရွာတို့သည်လည်း ကြာအင်း ဆိပ်ကြီးကူးတို့ဆိပ်၊ ထီးပေါ့ကလိုး၊ ကွမ်ကသောင်၊ တံခွန်တိုင်၊ မုဒုံလမ်းမှတစ်ဆင့် မော်လမြိုင်၊ ကျိုက်မရော၊ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ကြီးများသို့ အလွယ်တကူ ဆက်သွယ်သွားလာ နိုင်မည် ဖြစ်ပါကြောင်း။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဘာသာရေး၊ သာသနာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးစသည့်ကိစ္စအဝဝတို့ကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်လွယ်ကူစွာ ဆက်သွယ်သွားလာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းသည်လည်း နယ်စပ်ဒေသ ဘုရားသုံးဆူမြို့၊ ကြာအင်းဆိပ်ကြီးမြို့များမှ ခရီးသွားပြည်သူများဖြင့် ပိုမိုစည်ကားလာနိုင်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက် ကောင်းမွန်ပြီး ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူ မြန်ဆန်လာမည်ဖြစ်ပါကြောင်း၊ အခြေခံလူတန်းစားများ အတွက် ကုန်တင်ကုန်ချလုပ်ငန်းများ၊ ဈေးရောင်းဈေးဝယ်လုပ်ငန်းများဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာပါကြောင်း၊ ဒေသတည်ငြိမ်ရေး၊ အေးချမ်းရေး ပိုမို ကောင်းမွန်လာမည်ဟု ယုံကြည်ပါကြောင်း။
ကြာအင်းဆိပ်ကြီးမြို့ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းကို ကူးတို့ဖောင်ငယ်များဖြင့် ကူးသန်းသွားလာနေကြတွင် လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည့် ဇမိမြစ်ကူးတံတား (ကြာအင်းဆိပ်ကြီး)ကို ၂၀၂၆ မှ ၂၀၃၀ ပြည့်နှစ်မတိုင်မီ ကာလအတွင်း သင့်တော်မည့် ဘဏ္ဍာရေး နှစ်တွင် စတင်ဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းစတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
ဇမိမြစ်ကူးတံတား(ကြာအင်းဆိပ်ကြီး) တည်ဆောက်မည့် မြေနေရာတွင် ကြာအင်းဆိပ်ကြီး မြို့နယ်၊ အနောက်ဘက်ကမ်းဇက်ဆိပ်နေရာရှိ ကူးတို့ဆိပ်ကျေးရွာနှင့် ထီးပေါ့ကလိုး ဆက်သွယ် ထားသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင်လမ်းနှင့် ကြာအင်းဆိပ်ကြီးမြို့ အရှေ့ဘက်ကမ်း၊ ဇက်ဆိပ်နေရာရှိ ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသော ကြာအင်းဆိပ်ကြီး-မဲသရောလမ်းအစ ၀ ကီလိုမီတာအတွင်း တည်ရှိပါကြောင်း။
အဆိုပါဇမိမြစ်ကူးတံတား(ကြာအင်းဆိပ်ကြီး) တည်ဆောက်မည်ဆိုပါက Google Map နှင့်တိုင်းတာကြည့်သည့်အခါ မြစ်ကမ်းနှစ်ဖက်အကွာအဝေးတွင် ပေ ၆၀၀ ခန့်ရှိပြီး ချဉ်းကပ်တံတား အပါအဝင် တံတားတည်ဆောက်မည်ဆိုပါက ပေ ၂,၅၀၀ ခန့်တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ရေကြောင်းမှလည်း သင်္ဘောများသွားလာလျက်ရှိပါကြောင်း၊ ရေလမ်းကင်းလွတ်ကိုလည်း ပေ ၂၄၀ လောက် လုပ်ပေးရမည် ဖြစ်ပါကြောင်း၊ ရေလမ်းကင်းလွတ်အမြင့်မှာ အနည်းဆုံး ပေ ၃၀ လောက် လုပ်ပေးရမည်ဖြစ်သည့်အတွက် တံတားသည် နည်းနည်း ရှည်လျားသွားမည် ဖြစ်ပါကြောင်း၊ တံတားမတည်ဆောက်မီ လိုအပ်သည့် ပဏာမ ကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှု လုပ်ငန်းများဖြစ်သည့် တံတားအူကြောင်းရွေးချယ်ခြင်း၊ မြေစမ်းသပ်ခြင်းနှင့် တံတားပုံစံထုတ်ခြင်း လုပ်ငန်းတို့ကို ၂၀၂၆ မှ ၂၀၃၀ ပြည့်နှစ် သင့်တော်သည့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးမြင့်ထွန်း(ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
၂၀၂၆ မှ ၂၀၃၀ ပြည့်နှစ်မတိုင်မီ စတင်ဆောက်လုပ်ပေးနိုင်ခြင်းရှိ မရှိဆိုသည်မှာ ဥပမာအားဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်များတွင် ကွင်းဆင်းစိစစ်ခြင်း၊ နေရာသတ်မှတ်အတည်ပြုခြင်း၊ ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ခြင်းများ ဆောင်ရွက်ရန် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ လုပ်ငန်းတစ်ခုလုံး ခန့်မှန်းကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်းခန့် သို့မဟုတ် ၁၅ ရာခိုင်နှုန်းခန့် သို့မဟုတ် ၂၀ ရာခိုင်နှုန်းခန့်ဖြင့် လုပ်ငန်းစတင်ဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ပုံငွေ ခွဲဝေသတ်မှတ်ပေးခြင်း၊ ထိုမှတစ်ဆင့် ၅ နှစ်စီမံကိန်း သို့မဟုတ် ၁၀ နှစ်စီမံကိန်းဖြစ်စေ ကာလတို၊ ကာလရှည်စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော် ဆောက်လုပ်ပေးနိုင်ပါရန် ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ၂၀၃၅-၂၀၃၆ ဘဏ္ဍာရေးနှစ်မှ လုပ်ငန်းတစ်ခုလုံး၏ ၁၀၀ ရာခိုင်နှုန်းပြီးစီးမည် ဆိုပါကလည်း ကြာအင်းဆိပ်ကြီးမြို့နေ ပြည်သူလူထုများအနေဖြင့် ကာလရှည်ကြာ နှစ်ပေါင်းများစွာ က မျှော်လင့်တောင့်တခဲ့ကြရသော မဟာအိပ်မက်ကြီး ပြီးပြည့်စုံမည်ဖြစ်ပါကြောင်း၊ ဒေသတည်ငြိမ် အေးချမ်းရေးကို အကြောင်းပြနေမည်ဆိုလျှင် မိမိတို့ဒေသ မည်သည့်အချိန်ကာလရောက်မှ တိုးတက် မည်၊ ဖွံ့ဖြိုးမည်ကို မမျှော်မှန်းနိုင်ဖြစ်ပါကြောင်း၊ မြို့ပြနှင့်ကျေးလက် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက် ရေးကို မျှော်မှန်း၍ ကြာအင်းဆိပ်ကြီးမြစ်ကူးတံတားကြီးကို မြန်မြန်ဆောက်လုပ်လျှင် မြန်မြန် ပျော်ရွှင်ဝမ်းမြောက်ကြမည်ဖြစ်ပါကြောင်း၊ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးလျှင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ လုပ်ငန်းစတင်ရန်၊ အတည်ပြုပေးနိုင်ပါရန်နှင့်ပြန်လည်သုံးသပ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
အတ္ထရံမြစ်အား ကျိုက်မရောပိုင်းတွင် တံတားအားလုံးပေါင်း ၃ စင်း တည်ဆောက်ပေးထား ပြီးဖြစ်ပါကြောင်း၊ ကြာအင်းဆိပ်ကြီး နှင့်အနီးစပ်ဆုံးနေရာဖြစ်သည့် မုဒုံ-မြဝတီလမ်းပေါ်ရှိ တံတား သည် လောလောဆယ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပြန်လည်ဆောက်လုပ်ရန် လုပ်နေရပါကြောင်း၊ ထိုဟာကိုတော့ ထည့်သွင်းပေးသွာပါမည်၊ မိမိ တင်ပြကြည့်မည်ဖြစ်ပါကြောင်း၊ လောလောဆယ် နှစ်ကို အတိအကျမပြောနိုင်ခြင်း ဖြစ်ပါကြောင်း၊ ထိုနှစ်အား မတင်နိုင်၍ လာမည့်နှစ်တွင် ထည့်သွင်းတင်ပြကြည့်ပြီး အရင်ဆုံး Survey ဆင်းရမည်ဖြစ်ပါကြောင်း၊ တစ်ခုပြီးတစ်ခု လုပ်ပေး ချင်ပါကြောင်းနှင့် လုပ်ပေးချင်သည့်အတွက်လည်း ထိုနေရာနားတွင် ၃ စင်း တည်ဆောက်ပြီး ဖြစ်ပါ ကြောင်း၊ ၄ စင်းမြောက် ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ ဇမိမြစ်ဆိုသည်မှာ အတ္ထရံမြစ်ဖြစ်ပါကြောင်း၊ မိမိကိုယ်တိုင်လည်း ထိုနေရာတွင် ၅ နှစ်တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ကြာအင်းဆိပ်ကြီးသည် လည်း ယခင်က သွားလာ၍ တော်တော် ခက်ခဲပါကြောင်း၊ အဆင်ပြေအောင် အတ္ထရံမြစ် ကျိုက်မ ရောဘက်ခြမ်းမှ JICCA နှင့် အကူအညီတောင်းပြီး ထိုလမ်းလုပ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မွန်ပြည်နယ် မှ သွား၍ရအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တကယ်ဆောင်ရွက်ပေးချင်ပါကြောင်း၊ ထို့ကြောင့် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဖြစ်မြောက်နိုင်စွမ်းလေ့လာရန် အရင်ထည့်သွင်းပြီး ပါလာအောင် ကြိုးစားကြည့်ပေးမည်ဖြစ်ပါကြောင်း၊ ပါလာခဲ့လျှင် အစဉ်လိုက်ဖြစ်နိုင်အောင် ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။