MY EN

(စ)-ဦးနိုင်ဝင်း(ကျောက်တန်းမဲဆန္ဒနယ်)-မေးခွန်း

2026-06-23
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးနိုင်ဝင်း(ကျောက်တန်းမဲဆန္ဒနယ်)
ကျောက်တန်းမြို့နယ်၊ သီတာမြိုင်ရပ်ကွက်နှင့် သနပ္ပင်ချင်းကျေးရွာအုပ်စုတို့အား ဆက်သွယ်မည့် မှော်ဝန်းချောင်းကူးတံတားအား အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်အနီးရှိ သီတာမြိုင် ရပ်ကွက်နှင့် သနပ္ပင်ချင်းကျေးရွာအုပ်စုတို့အား ဆက်သွယ်မည့် မှော်ဝန်းချောင်းကူးတံတားတည် ဆောက်ရန်အတွက် လွန်ခဲ့သောနှစ်များစွာကတည်းက အစီအမံများ ချမှတ်ခဲ့သော်လည်း ယခုအချိန်ထိ အကောင်အထည်ပေါ်လာခြင်းမရှိသည်တွေ့ရှိရပါကြောင်း၊ ၎င်းတံတား၏ ချဉ်းကပ် လမ်း မြေသားတာဘောင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်ပါဝင်သွားသည့် သနပ္ပင်ချင်းကျေးရွာအုပ်စုမှ တောင်သူ ၁၁ ဦး၊ နောက်ပိုင်းရပ်ကွက်မှ တောင်သူ ၃ ဦး၊ လယ်ယာမြေများအတွက် မြေယာ လျော်ကြေးများ ပေးချေပြီးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့မြေယာလျော်ကြေးများ ပေးချေပြီး သနပ္ပင်ချင်းကျေးရွာအုပ်စုဘက်ခြမ်းမှာ ပေ ၃၂၁၀ ရှိ တံတားချဉ်းကပ်လမ်းအား ဖောက်လုပ်ပြီးဖြစ် ပါကြောင်း။

 ထို့အပြင်ကျောက်တန်းမြို့နယ်၊ သီတာမြိုင်ရပ်ကွက်အခြမ်းရှိ လယ်ယာမြေမဟုတ်သည့် အခြားနည်းအသုံးပြုခွင့် ရရှိထားသော Winner Brother ဂဏန်းပျော့မွေးမြူရေးလုပ်ငန်း၊ ဂဏန်းများ ကမ္ဘာ ဂဏန်းပျော့မွေးမြူရေးလုပ်ငန်း၊ ပုဂ္ဂလိကများဖြစ်ကြသည့် ဦးလှဦး၊ ဦးရာဆာမိ တို့မှ လျှပ်စစ် ဓာတ်တိုင်ပြောင်းရွှေ့မှုကုန်ကျစရိတ်များမြေယာလျော်ကြေးများ ပေးရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေခွင့်ပြုချထားပေးပြီး ဖြစ်ပါကြောင်း၊ ချဉ်းကပ် လမ်း လုပ်ငန်းဆောင်ရွက်မှုအတွက်လည်း သီတာမြိုင်ရပ်ကွက်အခြမ်းမှာ လမ်းတာဘောင်အား အလွှာလိုက်မြေသားခင်းခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်း Box Culvert နှစ်စင်းတည်ဆောက် ခြင်း တို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွင့်ပြုချထား ပေးပြီး ဖြစ်သော် လည်းတံတားတည်ဆောက်ရန်အတွက်မူ ရန်ပုံငွေရရှိထားခြင်းမရှိသေးကြောင်း ကျောက်တန်းမြို့နယ် တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၈ အုပ်စု တည်ရှိပြီး မှော်ဝန်းချောင်းတစ်ဖက်ကမ်းတွင် ရပ်ကွက် ၉ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျန်တစ်ဖက်ကမ်းတွင် တံတားမြို့၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၃ စု တည်ရှိပါကြောင်း၊မှော်ဝန်းချောင်းသည် အရှေ့မှအနောက်သို့ ဖြတ်သန်းစီးဆင်းပြီး ၂၄ မိုင် ရှည်လျားပါ ကြောင်း၊ မှော်ဝန်းချောင်း၏ အရှေ့ဘက်ထိပ်တွင် ဝက်ကြီးကျေးရွာအုပ်စုနှင့်ပန်းချောင်းကျေးရွာအုပ်စုအား ဆက်သွယ်သော မှော်ဝန်းချောင်းကူး တံတားတစ်စင်းတည်ရှိသော်လည်းစက်မှုဇုန်နှင့်နီးစပ်သော ကျောက်တန်းမြို့ပေါ် ရပ်ကွက် များနှင့်သနပ္ပင်ချင်းကျေးရွာအုပ်စု၊ ပန်းတောကျေးရွာအုပ်စု၊ မီးပြကျေးရွာ အုပ်စု၊ ကမာကလုပ် ကျေးရွာ အုပ်စုစသည့် တစ်ဖက်ခြမ်းရှိလူဦးရေထူထပ်သော ကျေးရွာအုပ်စုများ သွားလာရေး အတွက် အဆိုပါတံတားမှပတ်သွားရန် လွန်စွာအလှမ်းဝေးသဖြင့် ယခုအချိန်ထိ လှေ၊ သမ္ဗန်၊ ကူးတို့များကိုသာအားကိုး၍ မှော်ဝန်းချောင်းအား ဖြတ်သန်းနေရပါကြောင်း၊ အဆိုပါ လူဦးရေ ထူထပ်သောကျေးရွာအုပ်စုမှ သီလဝါအထူးစီးပွားရေးစက်မှုဇုန်၊ သီလဝါပြည်တွင်းစက်မှုဇုန်၊ သီလဝါ ဆိပ်ကမ်းများသို့ အလုပ်လာရောက်လုပ်ကိုင်ရသော ဒေသခံလုပ်သား ပြည်သူများ အတွက်လည်း မှော်ဝန်းချောင်းကူးတံတားအသစ် တည်ဆောက်ပေးပါက လွယ်ကူလျင်မြန်စွာ လုပ်ငန်းခွင်သို့ သွားရောက်နိုင်မည့်အပြင် ချောင်းတစ်ဖက်ခြမ်းရှိ လယ်ယာမြေများမှ စိုက်ပျိုးရေး ထွက်ကုန်များ ရေလုပ်ငန်းမှရရှိသော သား၊ ငါး၊ ပုစွန်များဈေးကွက်ရှိရာ မြို့ပေါ်သို့ ပို့ဆောင်ရ သည့် ကုန်စည်စီးဆင်း မှုလည်း ပိုမိုချောမွေ့လွယ်ကူသွားမည်ဖြစ်ပါကြောင်း။ 

ထို့အပြင် သနပ္ပင်ချင်းကျေးရွာအုပ်စုဘက်ခြမ်းရှိ ချဉ်းကပ်လမ်းထိပ်အနီးတွင် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဖြစ်တော်မူသော သန်လျင်မင်းချောင်းဆရာတော်ကြီး၏ ဇာတိ ချက်ကြွေမွေးရပ်မြေ၊ ဘောကလိုကျေးရွာအုပ်စုတည်ရှိသောကြောင့် အဆိုပါ တံတားပေါ်ထွန်းရန် အတွက် ဆရာတော်ကြီးမှလည်း အထူးပင်လိုလားလျက်ရှိပါကြောင်း၊ ဆရာတော်ကြီးမှ နိုင်ငံတော်သမ္မတကြီးအား မှော်ဝန်းချောင်းကူးတံတားအသစ် တည်ဆောက်ပေးရန် မေတ္တာရပ်ခံ ထား သည်ကိုလည်းသိရပါကြောင်း၊ အင်္ဂလိပ် စာတွင် Need & Want ဟု ရှိပါကြောင်း၊ Need မှာလိုအပ်တာဖြစ်ပြီး Want မှာ လိုချင်တာဖြစ်ပါကြောင်း။ ထိုစကားလုံးနှစ်လုံး၏ အဓိပ္ပာယ်မှာ တူသယောင်နှင့်ကွဲပြားပါကြောင်း၊ဥပမာ ပေးတင်ပြရရင် လူတစ်ယောက် အသက်ရှင်သန် ရန်နံပါတ်၁ ရေလိုပါကြောင်း၊နံပါတ် ၂ အစာအာဟာရလိုပါကြောင်း၊ ရေနှင့် အစာအာဟာရ မရလျှင် လူသည် အသက်ရှင်ရပ်တည်ရန် မဖြစ်နိုင်ပါကြောင်း၊ယခု လိုအပ်ချက်သည်  Need ဖြစ်ပါကြောင်း၊လူတစ်ယောက်တွင်သာမန်ဖုန်း တစ်လုံးရှိသော်လည်း ထိုသူက I Phone လိုချင်ခြင်း၊ ထိုသူတွင်စက်ဘီးနှင့် ဆိုင်ကယ်ရှိသော်လည်း ထိုသူကကားလိုချင်ခြင်း၊ I Phone နှင့် ကားမရှိသော်လည်း ဆက်သွယ်ရန်နှင့်သွားလာရန် အဆင်ပြေသောကြောင့် ဒါဟာ Want ဖြစ်ပါကြောင်း၊ Need ဆိုသည်မှာ  မရှိမဖြစ်လိုအပ်သောဖြစ်ပြီး ၊Want ဆိုတာသည်မှာ မရှိလည်းရပါသည်ဖြစ်ကြောင်း။

သို့ဖြစ်ပါ၍ ကျောက်တန်းမြို့နယ်တွင် နေထိုင်ကြသော ရဟန်းရှင်လူ မဲဆန္ဒရှင် မိဘပြည်သူ များ၏ မရှိမဖြစ်လိုအပ်နေသော မှော်ဝန်းချောင်းကူးတံတားအသစ်အား အမြန်ဆုံးတည်ဆောက် ပေးရန် အစီအစဉ်ရှိ မရှိ  အစီအစဉ်ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီတာမြိုင်ရပ်ကွက်နှင့် သနပ္ပင်ချင်းကျေးရွာတို့အား ဆက်သွယ်သွားလာ နိုင်မည့် မှော်ဝန်းချောင်းတံတား တည်ဆောက် ပေး နိုင်ရေးကိစ္စနှင့် စပ်လျဉ်းပြီး အဆိုပါတံတား တည်ဆောက်ပေးမည်ဆိုပါက မှော်ဝန်းချောင်း အား ဖြတ်သန်းပြီး တံတားအရှည် ပေ ၂၀၀၀ ခန့် တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ကျောက်တန်းမြို့နယ်မှ ၁၂ မိုင်ခန့် အကွာ တွင် ဝဲကြီးကျေးရွာနှင့် ပန်းချောင်းကျေးရွာကိုဆက်သွယ်သည့်မှော်ဝန်းချောင်းတံတား ၉၀၀ ပေကို တည်ဆောက်ပေး ထားပြီးဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေဖြင့်တည်ဆောက် ပေးခြင်း ဖြစ်ပါကြောင်း၊ အဆိုပါတံတားရှိနေသည့်အတွက် လက်ရှိတွင် သွားလာမှု အဆင်ပြေ နေဆဲ ဖြစ်ပါကြောင်း။

         ယခုအခါ ဧရာဝတီမြစ်ကူး တံတားကြီးဖြစ်သည့် မကွေးတိုင်းဒေသကြီး ၊ အောင်လံ မြို့နယ်နှင့် သရက်မြို့နယ်ကိုဆက်သွယ်ထား သည့် ဧရာဝတီမြစ်ကူးတံတားသရက်-အောင်လံ ၇၄၅၆ ပေနှင့်ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့ကို ဆက်သွယ်ထား သည့်ဧရာဝတီတံတားအသစ် ဗလမင်းထင် ၃၂၁၂ ပေတို့ကို အပြီးသတ် ဆောင်ရွက်ပေးနေရခြင်း ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-လက်ပံလှလမ်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ခ)သည်လည်းပျက်စီးသွားသည့်အတွက်  ပျက်စီးသွားသည့် အပိုင်းများကိုပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေရပါကြောင်း၊ မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ငလျင်ဒေသရှိတံတား ၉၂ စင်းကိုလည်း ဆောင်ရွက် သည်မှာ လောလောဆယ် ၈၂ စင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်များ ကြောင့် ထိခိုက်သည့်တံတားစုစုပေါင်း ၁၁၉ စင်းရှိပြီး ယာယီဘေလီတံတားထိုးခြင်းနှင့် အမြဲတမ်း သံကူကွန်ကရစ်တံတား အဖြစ် တည်ဆောက်ခြင်းလုပ်ငန်း ၃၇ စင်း ပြီးပြီဖြစ်ပါကြောင်း၊ လက်ရှိတံတားများကိုလည်းဆက်လက်ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊ ယခုလက်ရှိ တံတားကိုသွားနေသည့် ယာဉ်များအပြင်  ထပ်တိုးလာမည့် ယာဉ်များနှင့်စဉ်းစား၍ လာမယ့်ဘဏ္ဍာရေးနှစ်များတွင် တံတားဖြစ်နိုင်စွမ်းကို အရင်လေ့လာရပါကြောင်း၊ ဖြစ်နိုင်စွမ်းရှိသည်ဆိုလျှင်ဆက်လက်ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးနိုင်ဝင်း(ကျောက်တန်းမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

ဒုတိယဝန်ကြီးဖြေသွားသည့် မှော်ဝန်းချောင်းတံတားဆောက်မည့် နေရာတွင် ဖောက်လုပ်ပြီး ကွန်ကရစ်လမ်းအရှည်ပေ ၂၆၁၃ ပေ၊ မြေသားလမ်းဖောက်လုပ်ရန်ကျန်သည့် မြေသည် ၃၀၁၆ပေ၊ တံတားဆောက်လုပ်မည့် မှော်ဝန်း ချောင်းအကျယ်သည်၉၀၆ ရှိကြောင်း၊ ဒုတိယဝန်ကြီးပြောသွားသည်မှာ ပေ ၂,၀၀၀ ကျော်ဟုပြောပါကြောင်း၊မြေပြင်တွင်မိမိတို့ကိုယ်တိုင်ဆင်း၍ တိုင်းတာထားခြင်းဖြစ်ပါကြောင်း၊နောက်တစ်ခုက မြေသားလမ်း ဖောက်လုပ်ပြီးစီးသည့်မြေနေရာသည် ၃၂၁၀ ပေဖြစ်ပါကြောင်း၊မှော်ဝန်းချောင်းသည် အရှေ့ဘက် မှအနောက်ဘက်သို့ စီးဆင်းပါ ကြောင်း၊ အရှေ့ဘက်တွင်မှော်ဝန်းချောင်းတံတား တစ်စင်းရှိပါကြောင်း၊ သို့သော်လည်း အနောက်ဘက်တွင်စက်မှုဇုန်နှင့် နီးစပ်သည့် အပိုင်းတွင်ကျေးရွာများနှင့်လူဦးရေထူထပ်ပါကြောင်း၊ နေ့စဉ် သီလဝါစက်မှုဇုန်၊ သီလဝါပြည်တွင်း စက်မှုဇုန်နှင့် သီလဝါဆိပ်ကမ်းများမှနေ့စဉ်မှော်ဝန်းချောင်းကို ဖြတ်သန်းပြီး အလုပ်လုပ်ကိုင် နေရပါကြောင်း၊ ထို့ကြောင့်မိမိတို့ဒေသမှပြည်သူလူထုများ အခက်အခဲဖြစ်နေ ပါကြောင်း၊လှေ၊ သမ္ဗန်၊ ကူးတို့များနှင့်ဖြတ်သန်းရသည့် အခါတွင်အန္တရာယ်အလွန်ရှိပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် မှော်ဝန်းချောင်းသည်  ရန်ကုန်မြစ်ဝနှင့်နီးပါကြောင်း၊ ရေစီးအလွန် ကြမ်းပါကြောင်း၊ ထို့ကြောင့်  နိစ္စဓူဝအန္တရာယ်များ ရှိနေပါကြောင်း၊မကြာခဏဆိုသလို လှေ၊ ကူးတို့များတိမ်းမှောက်ခြင်း၊လူ့အသက်ဆုံးရှုံးခြင်းများ မကြာခဏကြုံတွေ့ရ၍ ဒေသအမှန်တကယ် လိုအပ်သည် ကို မိမိတို့တောင်းဆိုတင်ပြခြင်းဖြစ်ပါကြောင်း။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်

ပထမရှိသည့် တံတားနှင့် လက်ရှိဆောက်မည့်တံတားနှင့် ဆိုလျှင် ၁၂ မိုင်သာဝေးပါကြောင်း၊ အမှန်တကယ် လည်း လက်ရှိသွားလာနေခြင်း ဖြစ်ပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်နေရာသည်လည်း လိုအပ်ပါကြောင်း၊မလိုအပ်သေးဟု ‌ပြော၍မရပါကြောင်း၊ ထို့ကြောင့်လုပ်ပေးလို၍ လမ်းများပင်ကြိုတင်လုပ်ပေးနေပါကြောင်း၊ သို့သော် ထိုသို့လုပ်လျှင် လက်ရှိအခြေအနေတွင်  ဖြစ်ပျက်သွားသည့် ငလျင်သဘာဝဘေးများကြောင့်လုပ်နေသည်များ များပြားနေပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသကဲ့သို့ လိုအပ်သည်နှင့် လိုအပ်ချက်ကို ပြန်စဉ်းစားဆောင်ရွက် ပေးခြင်းဖြစ်သည့် အတွက် တွက်ချက်ပြီး တင်ပြပေးမည် ဖြစ်ပါကြောင်း၊ရရှိလျှင်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊သို့သော် ဘတ်ဂျက်နှင့် ပြန်လည်သုံးသပ်သည့်အခါတွင် မည်သည့် နေရာများတွင်  လိုအပ်သည်ကို ပြန်လည်သုံးသပ်ရမှာဖြစ်ပါကြောင်း၊ ထိုသုံးသပ်ချက်အရရလာလျှင် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း မိမိတို့ဘက်မှတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။