ဒေါ်ဇာခြည်လွင် (မိုးညိုမဲဆန္ဒနယ်)
ရှမ်းတော-မင်းလှ-အင်းဘုတ်ကုန်းမိုးညိုလမ်း (မိုးညိုမြို့နယ်အပိုင်း)အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာ နှစ် တွင် ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းခင်းရန်အတွက် ကျန်ရှိသော ၅ မိုင်၊ ၁ ဖာလုံအား ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိနှင့် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ရှမ်းတော-မင်းလှ-အင်းဘုတ် ကုန်း မိုးညိုလမ်း (မိုးညိုမြို့နယ်အပိုင်း)၏ မိုးညိုမြို့အဝင်လမ်းသည် မြို့နယ်၏ အဓိပတိလမ်းကြီး ဖြစ်ပါကြောင်း၊ ကား ၂ စီး ရှောင်ရန်ပင် အန္တရာယ်ရှိနေသည့် အနေအထား ဖြစ်ပါကြောင်း၊ ကုန်တင်ကားကို မြေနည်းနည်းကောင်းသည့် နေရာမှ ကားရပ်၍ ကားရှောင်နေ ရသည့် အနေအထားဖြစ်ပါကြောင်း၊ ရပ်မစောင့်ဘဲ မောင်းမည်ဆိုလျှင် နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတိုနှင့် ရောက်နိုင်ပါကြောင်း၊ ထိုလမ်းကောင်းစဉ်အချိန်က ရန်ကုန်-ပြည်လမ်းပေါ်သို့ မိနစ် ၄၀ နှင့် ရောက်နိုင်သည့် ခရီးကို ယခုဆိုလျှင် ၁ နာရီခွဲလောက် သွားလာနေရခြင်း ကြောင့် အချိန်များကြန့်ကြာနှောင့်နှေးလျက်ရှိပါကြောင်း၊ ဆိုးဆိုးဝါးဝါးပျက်စီးနေသည့် အပိုင်းများကို ကြတ်ခြေခတ်ပုံနှင့် ပြထားခြင်းဖြစ်ပြီး ယခုပုံကိုမြင်လျှင် လမ်းတစ်လျှောက်လုံးတွင် မည်မျှ ပျက်စီးနေသည်ကို မြင်တွေ့နိုင်မည်ဖြစ်ပါကြောင်း၊
အဆိုပါ မင်းလှ-မိုးညိုလမ်းသည် မိမိတို့မြို့နယ်၏ နံပါတ် (၁) အသုံးပြုမှု အများဆုံး အဓိကလမ်းဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များသို့ ကျောင်းသွားတက်ရမည့် ကျောင်းသူ များ နှင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များအတွက်သွားလာရသည့် တစ်မြို့နယ်လုံးရှိ ပြည်သူလူထုအဓိကအားထား နေရသည့်လမ်းဖြစ်ပါကြောင်း၊ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင် သော ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်တွင်သာ အပြစ်အနာအဆာမရှိသော ကတ္တရာ လမ်းကြီးနှင့် သက်တောင့်သက်သာဖြင့် မိဘပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ခဲ့ပြီး ကျန်သောကာလများတွင် အန္တရာယ်ရှိသောလမ်းပုံစံအတိုင်းသာ မြင်တွေ့ခဲ့ရပါကြောင်း၊ ဖြတ်သန်း သွားလာခဲ့ရပါကြောင်း၊ အန္တရာယ်ကင်းကင်းနှင့် သက်တောင့်သက်သာသွားလာ နိုင်သောလမ်း ဖြစ်လာရန် ရဟန်းရှင်လူပြည်သူများက မျှော်လင့်တောင့်တ နေကြပြီဖြစ်ပါ ကြောင်း၊ ရှမ်းတော-မင်းလှ-အင်းဘုတ်ကုန်း မိုးညိုလမ်း (မိုးညိုမြို့နယ်အပိုင်း)သည်မိုင် ၁၀/၅ မှ ၁၇/၁ အထိ ၆ မိုင်၊ ၄ ဖာလုံရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ၅.၅ ဖာလုံကို ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းပြီးဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၁၈ ပေအကျယ်ကွန်ကရစ်လမ်း၊ ၁ ဖာလုံ ဆောင်ရွက်ရန်ပါရှိ ထားပါကြောင်း၊ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းရန်ကျန်ရှိနေသော ၅ မိုင်၊ ၁ ဖာလုံအား ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိသိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်
ရှမ်းတော-မင်းလှ - အင်းဘုတ်ကုန်း - မိုးညိုလမ်းသည် ရန်ကုန်-ပြည်-မန္တလေးလမ်း ၁၀၂ မိုင်၊ ၄ ဖာလုံ မှ လက်ဝဲဘက်သို့ စတင်ခွဲထွက်ပြီး မင်းလှမြို့နယ်နှင့်မိုးညိုမြို့နယ်တို့ကြား ဆက်သွယ် ထားသည့် ၁၇ မိုင်၊ ၁ ဖာလုံအရှည်ရှိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို မိမိတို့မှ ပထမအကြိမ် တံတားဆောက်ရန် ဒေါ်ဇာခြည်လွင်မေးသည့် အချိန်ကလည်း ယခုလမ်းကိုဖြေကြားထားတာရှိပါကြောင်း၊ အဆိုပါ လမ်း များ ပြီးသည်နှင့် တံတားဆောက်၍ရမည်ဟု ဖြေကြားထားပါကြောင်း၊ ရှမ်းတော-မင်းလှ-အင်းဘုတ်ကုန်း-မိုးညိုလမ်းသည် မင်းလှမြို့နယ်အတွင်း ၁၀ မိုင်၊ ၅ ဖာလုံနှင့် မိုးညို မြို့နယ်အတွင်းတွင် ၆ မိုင် ၄ ဖာလုံရှိပါကြောင်း၊ ရှမ်းတော- မင်းလှ-အင်းဘုတ်ကုန်း-မိုးညိုလမ်း၏ (မိုးညိုမြို့နယ်အပိုင်း)တွင် လက်ရှိလမ်းအခြေအနေမှာ ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ၅ မိုင်၊ ၃၃၀ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း ၂ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၅ မိုင်၊ ၄ ဖာလုံ ၃၃၀ ပေနှင့် စုစုပေါင်း ၆ မိုင် ၄ ဖာလုံလုပ်ပေးပြီး ဖြတ်သန်းသွားလာသည့် တစ်ရက် ပျမ်းမျှယာဉ်စီးရေမှာ ၄၁၂ စီးခန့် ရှိပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေနှင့် ၁၈ ပေ အကျယ် ကတ္တရာလမ်းခင်း ၁ ဖာလုံ၊ကတ္တရာလမ်း ချိုင့်ခွက်များ၊ အနိမ့်အမြင့်ဖြစ်ပေါ်နေ သည့်နေရာများအား ကျောက်ဖြည့်ခင်းခြင်း၊ ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ၁၈ ပေအကျယ် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ရန်လိုအပ်သည့် ၅ မိုင်၊ ၅ ဖာလုံကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှ စတင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှရန်ပုံငွေတင်ပြ တောင်းခံ၍ ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်ပြီးဖြေကြားခဲ့ပါသည်။ ပြည်ထောင်စုမှ ဆောင်ရွက်ပေးနိုင် ခြင်း ရှိ မရှိ ဆိုသည်ကို မေးခွန်းထဲတွင် ထ်ပမံ ပါသည့်အခါ မိမိတို့က လမ်းများကို ပြည်ထောင်စုမှ စီမံခန့်ခွဲခြင်းနှင့် တိုင်းဒေသကြီးကစီမံခန့်ခွဲ ခြင်း ဟု သီးခြားခွဲခြားထားပါကြောင်း၊ ပြည်ထောင်စုဆိုသည်မှာ ပြည်ထောင်စုတစ်ခု လုံးဖြစ်သည့် အတွက် များပြားပါကြောင်း၊ များပြားသည့်အတွက် တိုင်းဒေသကြီးကနည်းပါးကြောင်း၊ ရရှိရန်ပုံငွေ များကိုကြည့်လျှင်လည်း (တစ်ဆက်တစ်စပ်တည်းမှာဖြေကြားတာကတော့ ရရှိရန်ပုံငွေကိုကြည့်လျှင် မိမိတို့ ပြည်ထောင်စု၊ ပဲခူးတိုင်းအတွက် ပြည်ထောင်စုကိုပေးသည့်) ပြည်ထောင်စုကပေးနိုင်သည့် ရန်ပုံငွေနှင့် ပြည်နယ်ကပေးနိုင်သည့် ရန်ပုံငွေမှာ ၅ ဆ၊ ၁ ဆကွာပါကြောင်း၊ ပြည်နယ်ကပိုများပါကြောင်း၊ ပြည်ထောင်စုမှ ထပ်လုပ်၍ မရပါကြောင်း၊ မှော်ဝန်းချောင်းပြိုသွားသကဲ့သို့ မိမိတို့ အောက်တွင်ရှိသည့် ဆောက်လုပ်ရေးအဖွဲ့လေးများနှင့် ခေါ်တိုင်းရာတွင် တိုင်းတာမှုသည် ယခုလောက်ပေသာ ရနိုင်မည်ဖြစ်ကြောင်း၊ သို့သော် တံတားတစ်စင်းကို ဆောက်၍မရပါကြောင်း၊ အမှန်တကယ် Survey ပြန်စစ်လျှင် အမှန်တကယ် ကျွမ်းကျင်သူများနှင့် ကွင်းဆင်းပြီးမှသာ ဆောင်ရွက်ရပါကြောင်း၊ အဆိုပါဒေသမှ မြို့နယ် အင်ဂျင်နီယာလေးများ၊ အဆိုပါဒေသမှ တံတားအဖွဲ့လေးများပြော၍ လုပ်လို့မရပါကြောင်း၊ သိအောင် ရှင်းပြခြင်းဖြစ်ပါကြောင်း၊ တံတားတစ်စင်းဆောက်ရန်အင်မတန် ခက်ခဲပါကြောင်း၊ လွယ်လွယ် တည်ဆောက်ပါက ပျက်စီးသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့လုပ်၍မရပါကြောင်း၊ အကုန်လေ့လာပြီးမှ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဒေါ်ဇာခြည်လွင် (မိုးညိုမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
မိမိ ၄ လပိုင်းပြန်စဉ်က သဲဖို့ပြီး ပြုပြင်ထားသည့်အစား ကတ္တရာထပ်ပိုးလွှာ လုပ်စေ ချင်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က
အားလုံးကို အမှန်တကယ်ဆောင်ရွက်ပေးလိုပါကြောင်း၊ လမ်းခင်းပေးခြင်းဖြင့်အသက် ရှည် သည့် အပြင် သေမည့် နေ့ပင် ရွှေ့ပေးနိုင်သည့်အလုပ်ဖြစ်ပါကြောင်း သို့သော် ရန်ပုံငွေ မရှိပါက လုပ်ပေးရန် အခက်အခဲရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။