ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်)
တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား အခွန်ငွေသတ်မှတ်ပေးသွင်းစေပြီး ဥပဒေနှင့် အညီ တရားဝင်လိုင်စင်ထုတ်ပေးရန် အစီအစဉ်ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ယခုမေးခွန်းသည် လက်လုပ် လက်စားအခြေခံစားလူတန်းစားများအပါအဝင် တစ်နိုင်ငံလုံးရှိသည့် ပြည်သူလူထုအများဆုံး များစွာ မျှော်လင့်တောင့်တနေသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီး လွှတ်တော်အများစု တွင်လည်းကောင်း၊ ပြည်နယ်လွှတ်တော်အများစုတွင် လည်းကောင်း သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်တော်ကြီးများက ပြည်သူများအတွက်ကိုယ်စားပြု ပြီး ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မေးမြန်းတင်ပြသွားတာ အားလုံးအသိဘဲဖြစ်ပါကြောင်း၊ မိမိအနေဖြင့်လည်း ပထမပုံမှန်အစည်းအဝေး ကျင်းပနေစဉ် မတ်လ ၃၀ ရက်နေ့ကတည်းက လွှတ်တော်သို့ တင်ပြထားသည့် မေးခွန်းတစ်ခုဖြစ်ပါ ကြောင်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ် ၁၅ ခု၊ ခရိုင် ၇၅ ခရိုင်၊ မြို့နယ် ၃၃၀ မြို့နယ်၊ ရပ်ကွက် ၃၄၀၀ ကျော်၊ ကျေးရွာအုပ်စု ၁၃၅၉၀ နှင့် ကျေးရွာခွဲ ၆၃၂၁၇ ရွာတွင် တရားဝင်လိုင်စင်မရှိသည့် မော်တော် ဆိုင်ကယ်များစွာအသုံးပြုနေသည်ကို တွေ့မြင်နေရပါကြောင်း၊ ကျေးရွာတစ်ရွာတွင် ပျမ်းမျှ ၁၀ စီးရှိ ပါက တစ်နိုင်ငံလုံး တွင် အစီးရေ ၆ သိန်းကျော်ရှိနေမည် ဖြစ်ပါကြောင်း၊ နယ်မြို့များ တွင် ယခင်က အနှေးယာဉ်ဆိုက်ကားများဖြင့် မိသားစုစီးပွားရေးများကို ဖြေရှင်းသူများသညိ ယခုနောက်ပိုင်းမှာ ခေတ်နှင့် လျော်ညီသည့် ဆိုင်ကယ်များရရန်အတွက် ဆိုက်ကား များအားရောင်းချ၍ ရသည့်ငွေကြေးနှင့် ကိုက်ညီသည့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များကိုသာဝယ်ယူ၍ ဆိုင်ကယ်ကယ်ရီများ အဖြစ် လည်းကောင်း၊ အရပ်ဈေးသည်များအဖြစ်လည်းကောင်း၊ ဘေးတွဲ၍ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်၍ လည်းကောင်း ရှာဖွေစားသောက်နေကြရပါကြောင်း၊ ထို့အတူ ကျေးရွာအများစုတွင် ယခင်က မြင်းလှည်း၊ နွားလှည်းများဖြင့် ကူးသန်းသွားလာမှုများပြုလုပ်ရာမှာ ယခုအခါတွင် တတ်နိုင်သည့် ငွေကြေးဖြင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များဝယ်ယူ၍ စီးနင်းခြင်း၊ ဘေးတွဲ၍ကုန်စည်များ သယ်ယူပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်နေကြရပါကြောင်း။
ယခုတင်ပြသည့် လုပ်ငန်းစဉ်အား ပထမအကြိမ် လွှတ်တော်သက်တမ်းကာလ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်တွင် ပြည်သူများအတွက် အလေးအနက် ထားပြီး ဆောင်ရွက်ပေးခဲ့တာ အားလုံးအသိပဲဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိသဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြသည့် ရပ်ကွက်နှင့်ကျေးရွာများမှ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၏ ထောက်ခံမှုဖြင့် ယခုလုပ်ငန်းစဉ်အား ဆောင်ရွက်မည်ဆိုပါက မလိုလားအပ်သည့် ကိစ္စရပ်များကို လည်း ကျော်လွှားနိုင်မှာဖြစ်ကြောင်းကို ထည့်သွင်းတင်ပြလိုပါကြောင်း၊ အဆိုပါ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်ကိုသာ ဝယ်ယူစီးနင်းနိုင်သည့် လက်လုပ်လက်စားပြည်သူလူထုများအတွက် ဥပဒေနှင့် အညီ သင့်တင့်သည့်အခွန်ငွေပေးသွင်းစေပြီး တရားဝင်လိုင်စင်ထုတ်ပေးပါက နိုင်ငံတော်အတွက် ထိုက်သင့်သည့်အခွန်ဘဏ္ဍာငွေရရှိမည်ဖြစ်သည့်အပြင် ပြည်သူများအနေဖြင့် စိုးရိမ်စိတ်ကင်းစွာဖြင့် လိုရာခရီးကို သွားရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အချိန်ကာလတစ်ခုသတ်မှတ်၍ ပြည်သူ များအား အသိပညာပေးခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ တိကျစွာဆောင်ရွက်မှသာ အားလုံး အဆင်ပြေချောမွေ့သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံအများစုတွင် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူမှုတစ်ခုတည်းဖြင့် ဖြေရှင်းခြင်းမရှိဘဲ မှတ်ပုံတင်ခြင်း၊ အခွန်ကောက်ခံခြင်းနှင့် ဥပဒေစိုးမိုးရေးတို့ကို ပေါင်းစပ်ဆောင်ရွက်နေကြသည်ကို လေ့လာသိရှိရပါကြောင်း၊ ထိုင်းနိုင်ငံတွင် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခွင့်ပေးခြင်း၊ ဒဏ်ကြေးလျှော့ပေါ့၍ တရားဝင်ဖြစ်စေရန် ပြုလုပ် ပေးခြင်း၊ သတ်မှတ်ကာလကျော်လွန်ပါက ဖမ်းဆီးသိမ်းဆည်း အရေးယူခြင်းစသည့်တို့ကို ဆောင်ရွက် သည်ကိုလေ့လာတွေ့ရှိရပါကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် ပိုင်ဆိုင်မှုအထောက်အထားစစ်ဆေးမှု တင်းကျပ်စွာပြုလုပ်ခြင်း၊ လမ်းများပေါ်တွင် စစ်ဆေးဖမ်းဆီးပြီး မှတ်ပုံတင်ပြုလုပ်၍ အာမခံနှင့် လိုင်စင်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်နေကြောင်းကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ဒဏ်ကြေးလျှော့ပေါ့၍ တရားဝင် မှတ်ပုံတင်ခွင့်ပြုခြင်း၊ ရဲတပ်ဖွဲ့နှင့် သယ်ယူ ပို့ဆောင်ရေးဌာနတို့ ပူးပေါင်းစစ်ဆေးခြင်း၊ သတ်မှတ်ကာလကျော်လွန်သည့်အချိန် လိုင်စင်မဲ့များ တွေ့ပါက သိမ်းဆည်းခြင်း ၊ ထို့အပြင် အိန္ဒိယနိုင်ငံတွင် လိုင်စင်မဲ့တွေ့ပါက ဒဏ်ငွေချမှတ်ခြင်း၊ Registration Number မဖြစ်မနေ ဖြစ်အောင်ပြုလုပ်ပေးခြင်း၊ စာရင်းဇယားများကို ဒီဂျစ်တယ်စနစ် ဖြင့် စီမံခန့်ခွဲထားရှိခြင်း တို့ကိုဆောင်ရွက်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်နိုင်ငံလုံး တွင်ရှိသည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား အခွန်ငွေသတ်မှတ်ပေးသွင်းစေပြီး ဥပဒေနှင့်အညီ တရားဝင်လိုင်စင်ထုတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင်
နိုင်ငံတော်အတွင်း တရားမဝင်ရောက်ရှိနေသည့် မော်တော်ဆိုင်ကယ်များအား ပြည်ထောင်စုအစိုးရ ၏ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ပြီး ၁၉၉၉ ခုနှစ်မှစပြီး One Stop Service စီမံချက်ဖြင့် တစ်နိုင်ငံလုံးမောင်းနှင် အသုံးပြုနိုင်သည့် ယာဉ်အမှတ်ဖြင့် တရားဝင်မှတ်ပုံတင်ခြင်းဆောင်ရွက်ပေးခဲ့သည်မှာ ၁၀ ကြိမ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ၁၉၉၉ မှ ၂၀၂၁ ခုနှစ်ထိ ၁၀ ကြိမ်ဖြစ်ပြီး ဆိုင်ကယ်အစီးရေပေါင်း ၃၃၁၁၅၉၅ စီး ဖြစ်ကြောင်း ၊ ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း ၌သာ အသုံးပြုခွင့်ရှိသည့် ဒေသအမှတ်သတ်မှတ်သည့် မော်တော်ဆိုင်ကယ်များအား သက်ဆိုင်ရာ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ တိုက်ရိုက်တာဝန်ယူ ကြီးကြပ်ပြီး မော်တော်ဆိုင်ကယ်များအပေါ် ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအောက်မလျော့သော ဒဏ်ငွေသတ်မှတ်ကောက်ခံပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့ စီးပွားရေးဘဏ်တို့ပူးပေါင်းပြီး One Stop Service စီမံချက်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါကြောင်း။
တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပဲခူးနှင့် ခရိုင်ရုံးများတွင် သတ်မှတ်ဒဏ်ကြေးငွေကောက်ခံပြီး DGO-၁၀၀၁ မှစပြီး ဆိုင်ကယ် ၁၄၃၅၁ စီးအား မှတ်ပုံတင်ပေးခဲ့ပါကြောင်း၊ ၂၀၁၄ မှ ၂၀၂၃ ခုနှစ်ထိ တိုင်းဒေသကြီး၊ ပြည်နယ်အစီအစဉ်နဲ့ ဆိုင်ကယ်ပေါင်း ၂၁၉၃၆၁ စီးဖြစ်ကြောင်း၊ ထိုကဲ့သို့ တရားဝင် မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့သော်လည်း တရားမဝင် ဝင်ရောက်မှုများ ရပ်ဆိုင်းခြင်းမရှိသည့်အတွက် မှတ်ပုံတင် ပေးခြင်းကို ၂၀၂၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့် တင်သွင်းရောက်ရှိလာသည့် မော်တော်ဆိုင်ကယ်များနှင့် ပြည်တွင်းတပ်ဆင် ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်များ ကနဦးမှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးရာတွင် ပြည်ပမှ တင်သွင်းသည့် မော်တော်ဆိုင်ကယ်များအား ကနဦးမှတ်ပုံတင် လျှောက်ထားရာတွင် သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာ၊ အကောက်ခွန်ဖော်ပြချက်၊ ပြည်တွင်း၌ CKD၊ SKD စနစ်ဖြင့် ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်များ ကနဦးမှတ်ပုံတင်လျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ကထုတ်ပေးသည့် သက်တမ်းရှိသည့်ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်၊ ကုမ္ပဏီ၏ကိုယ်စားလှယ်ခွင့်ပြုစာ၊ Quality Certificate တို့ကို ကုမ္ပဏီမှ လက်မှတ် ရေးထိုးထားခြင်း၊ Vehicle Identification Number(VIB Plate)တို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့၏ မော်တော်ဆိုင်ကယ်အမျိုးအစားအလိုက် ထုတ်လုပ်ခွင့်ပြုချက်၊ COA တို့ကို Inspection Certificate ကိုလည်းကောင်း စာရွက်စာတမ်းများကို အထောက်အထား တင်ပြမှသာ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အထက်ဖော်ပြပါအထောက်အထားများပါရှိသည့် မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင်ဆောင်ရွက် ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရောက်ရှိနေသည့် တရားမဝင်မှတ်ပုံတင်မဲ့ဆိုင်ကယ်များသည် ဖော်ပြပါအထောက်အထားများ တင်ပြနိုင်ခြင်းမရှိပါသဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေး၍ မရနိုင် ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
မိမိမေးမြန်းသည့်မေးခွန်းအပေါ်တွင် ပြည်ထောင်စုဒုတိယဝန်ကြီးအနေဖြင့် ၁၉၉၉ ခုနှစ်ကနေစပြီး ၁၀ ကြိမ်တိုင်ပြုလုပ်ပေးခဲ့ကြောင်းနှင့် အစီးရေများစွာဆောင်ရွက်ပေးခဲ့သည်လို့ ကြားသိရသည့် အတွက် များစွာဝမ်းသာပါကြောင်း၊ သို့သော် ၎င်းနောက်ပိုင်းတွင် ဝင်ရောက်ထားသည့် တရားမဝင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် ယခုလို ဆောင်ရွက်ပေးနေသည့်ကြားက မော်တော်ဆိုင်ကယ်များ တရားမဝင်ရောက်ရှိမှု မရှိစေ ရေး အတွက် မည်သို့ဆက်လက်ဆောင်ရွက် သွားမည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင်က
လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် တရားမဝင်တင်သွင်းရောက်ရှိလာသည့် ဆိုင်ကယ်များကို တရားဝင်ဖြင့် မှတ်ပုံတင်ပြုနိုင်ခြင်း၊ ပေးနိုင်ခြင်းရှိ /မရှိအနေအထားတွင် မှတ်ပုံတင်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် တရားမဝင်တင်သွင်းရောက်ရှိလာသည့် ဆိုင်ကယ်များကို မှတ်ပုံတင် ပေးမည်ဆိုပါက တရားမဝင်ကုန်စည်စီးဆင်းမှုကို အားပေးရာရောက်နေပါကြောင်း၊ တရားမဝင်လမ်းကြောင်းမှ တင်သွင်း လာခြင်းကြောင့် သက်သာသောဈေးနှုန်းကြောင့် အသုံးပြုသူများအနေဖြင့် အရည်အသွေးမပြည့်မီသည့် ယာဉ်ကြံ့ခိုင်မှု၊ Roat Safety အားနည်းသည့် ဆိုင်ကယ်များဖြစ်နိုင် များပါကြောင်း၊ တရားဝင်တင်သွင်းခွင့် ပြုထားသည့် ဆိုင်ကယ်များသည် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တပ်ဆင်ထုတ်လုပ်ထားသည့် ပစ္စည်းနှင့် သက်ဆိုင်ရာထုတ်လုပ်သည့်ကုမ္ပဏီမှလည်း တာဝန်ခံမှုရှိခြင်းများ ပါရှိမည်ဖြစ်ပါကြောင်း၊ ပြည်ပတွင် သွင်းကုန်လိုင်စင်ဖြင့် တရားဝင်တင်သွင်းပြီး အခွန်အပြည့်အဝပေးဆောင်ထားသော အခွန် ထမ်း ပြည်သူများအနေဖြင့် နစ်နာမှုရှိပါကြောင်း၊ ပြည်တွင်းတွင် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ အသုံးပြုနိုင်ရေး အတွက်ကို SKD စနစ်ဖြင့် ထုတ်လုပ်လျက်ရှိရာ ထုတ်လုပ်သည့်စက်ရုံများအား အရင်း အနှီး များစွာဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်သည့် ပြည်တွင်းပြည်ပကုမ္ပဏီများအနေဖြင့် နစ်နာမှု ရှိပါကြောင်း၊ ၎င်းအချက်များကြောင့် မှတ်ပုံတင်ခွင့်မပြုသင့်သည့် အကြောင်းအရာများ ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဆိုင်ကယ်အစီးရေ ၄၁၅၉၃၈၃ စီးရှိသည့် အတွက် တစ်နိုင်ငံလုံး သွားနိုင်သည့် W နံပါတ်နှင့်ဆိုင်ကယ် ၃၉၄၀၀၂၂ စီးဖြစ်ပါကြောင်း၊ ပြည်နယ် နှင့်တိုင်းဒေသကြီးများ တွင်သာ သုံးနိုင်သည့် မော်တော်ဆိုင်ကယ် ၂၁၉၃၆၁ စီးဖြစ်ပါကြောင်း၊ ၁၉၉၉ မှ ၂၀၂၂ ခုနှစ်အထိ ၁၀ ကြိမ်မှာ ၃၃၂၁၅၉၅ စီး မှတ်ပုံတင်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားမဝင်ဝင်ရောက်မှုများ ရပ်ဆိုင်းခြင်းမရှိသည့် အတွက် မှတ်ပုံတင်ပေးခြင်းမပြုနိုင်ပါကြောင်းနှင့် တရားမဝင် မော်တော်ဆိုင်ကယ် များ တင်သွင်းမှုကို မည်သို့ဆောင်ရွက်မည်ဆိုသည့် မေးခွန်းနှင့်စပ်လျဉ်းပြီး ဌာနပေါင်းစုံပေါင်းစပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။