ဦးစောဟေသားကြီး(သံတောင်ကြီးမဲဆန္ဒနယ်)
လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ပြန်လည်ပြုလုပ်ပေးနိုင်ခြင်း ရှိ မရှိ၊ လုပ်ပေးနိုင်ပါက ဘယ်ချိန် ကာလတွင် စတင်ပြုလုပ်ပေးမည်နှင့် မလုပ်ပေးနိုင်ပါက အဘယ်ကြောင့်မလုပ်ပေးနိုင်ခြင်းကို သိရှိ လိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လိုင်စင်မဲ့ ဆိုင်ကယ်များသည် နယ်စပ်ဂိတ်များဖြစ်သော တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပါကြောင်း၊ နိုင်ငံအနှံ့တွင်လည်း လိုင်စင်မဲ့ဆိုင်ကယ်များ ဆိုင်တွင် တင်ရောင်းနေပါကြောင်း၊ အစိုးရအဆက်ဆက် အရေးယူဆောင်ရွက်မှု အားနည်းနေပါကြောင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များသည် နယ်စပ်မှ ပြည်တွင်းသို့ ရောက်ရှိလာခြင်းသည် မည်သူ့တွင် တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိပြည်သူများသည် နေ့စဉ် သွားလာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း၊ ရုံးလုပ်ငန်းများအတွက် ဆိုင်ကယ်များကို အဓိကအားထား၍ အသုံးပြုလျက်ရှိပါကြောင်း။
ပြည်သူများသည် မိမိ၏ဝင်ငွေအပေါ်မူတည်၍ တချို့သည် လိုင်စင်ဆိုင်ကယ်များ ဝယ်စီးနိုင် ကြသလို တချို့သည် လိုင်စင်မဲ့ဆိုင်ကယ်များကို ဝယ်ယူ၍ အသုံးပြုကြပါကြောင်း၊ ယခုအချိန်ထိလည်း လိုင်စင်မဲ့ဆိုင်ကယ်များ နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်မှုကို မဟန့်တားနိုင်သေး၍ မြို့ကြီးများတွင် လိုင်စင်မဲ့ဆိုင်ကယ်များ ဆိုင်တင်ရောင်းချခြင်းများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လည်း အဖွဲ့စုံဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များကို သိမ်းယူခြင်း၊ ဒဏ်ရိုက်ခြင်းများကို ဝမ်းနည်းစွာ မြင်တွေ့ရပါကြောင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များ တိုးပွားလာခြင်းဖြင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊ ယာဉ်မှုခင်းစုံစမ်းဖော်ထုတ်ရေးကို များစွာအခက်အခဲဖြစ်စေပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှု၊ စာနာ၊ ငှဲ့ညှာ သောအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လိုင်စင်မဲ့ဆိုင်ကယ်များကို ယာဉ်မှတ်ပုံတင်စနစ် တည်ဆောက် ပေးနိုင်ရေး၊ ယာဉ်ယန္တရားကင်းရှင်းရေး၊ နိုင်ငံတော်၏အခွန်၊ ဘဏ္ဍာငွေတိုးတက်ရရှိရေးတို့ကို ရည်ရွယ် ၍ နိုင်ငံတော်၏ ဆိုင်ကယ်နှင့်စပ်လျဉ်းသော မူဝါဒများကို စဉ်းစားဖြေလျှော့ပေးစေလိုပါကြောင်း၊ သို့ဖြစ် ပါ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လိုင်စင်မဲ့ဆိုင်ကယ်များကို မှတ်ပုံတင်ပေးနိုင်ခြင်း ရှိ မရှိ၊ ရှိပါက မည်သည့်အချိန်ကာလတွင် စတင်ပြုလုပ်မည်ကို သိရှိလိုပါကြောင်းနှင့် မလုပ်ပေးနိုင်ပါကလည်း မည်သည့်အကြောင်းကြောင့် မလုပ်ပေးနိုင်ကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က
နိုင်ငံတော်အတွင်းတွင် တရားမဝင် ရောက်ရှိနေသည့် မော်တော် ဆိုင်ကယ်များအား ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ ၁၉၉၉ ခုနှစ်မှစပြီး One Stop Service စီမံချက်ဖြင့် တစ်နိုင်ငံလုံး မောင်းနှင်အသုံးပြုသည့် ယာဉ်အမှတ်ဖြင့် တရားဝင်မှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးခဲ့သည်မှာ ၁၀ ကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အတွင်း၌သာ အသုံးပြုခွင့်ရှိသည့် ဒေသအမှတ်သတ်မှတ်သည့် မော်တော် ဆိုင်ကယ်များအား နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ တိုက်ရိုက် တာဝန်ယူကြီးကြပ်ပြီး မော်တော်ဆိုင်ကယ်များအပေါ် ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအောက် မလျော့သော ဒဏ်ငွေသတ်မှတ်ကောက်ခံပြီးကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်တို့နှင့် ပူးပေါင်း၍ One Stop Service စီမံချက်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်နယ်ဦးစီး မှူးရုံး(ဘားအံ)နှင့် ခရိုင်ရုံးတို့တွင် KYN-1001 မှစ၍ ဆိုင်ကယ် ၂,၂၃၈ စီး မှတ်ပုံတင်ပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ တရားဝင်မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့သော်လည်း တရားမဝင် ဝင်ရောက်မှုများ ရပ်ဆိုင်း ခြင်း မရှိသဖြင့် မှတ်ပုံတင်ပေးခြင်းကို ၂၀၂၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့် တင်သွင်းရောက်ရှိလာသည့် မော်တော်ဆိုင် ကယ်များနှင့် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်နေသော မော်တော်ဆိုင်ကယ်များ ကနဦးမှတ်ပုံတင် ခြင်းကိစ္စရပ်များကို ဆောင်ရွက်ပေးရာတွင် ပြည်ပမှတင်သွင်းလာသည့် မော်တော်ဆိုင်ကယ်များ ကနဦးမှတ်ပုံတင်လျှောက်ထားရာတွင် သွင်းကုန်လိုင်စင်၊သွင်းကုန်ကြေညာလွှာ(သို့မဟုတ်)Release Order Notification အကောက်ခွန်ဖော်ပြချက်များကိုလည်းကောင်း၊ ပြည်တွင်းတွင် CKD/SKD စနစ်ဖြင့်ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်များ ကနဦး မှတ်ပုံတင်လျှောက်ထားရာတွင် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် သက်တမ်း ရှိသည့် ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီ၏ ကိုယ်စားလှယ်ခွင့်ပြုစာ Quality Certificate တို့ကို ကုမ္ပဏီမှ လက်မှတ်ရေးထိုးထားပြီး Vehicle Identification Number (VIN Plate)တို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မော်တော်ဆိုင်ကယ် အမျိုးအစားအလိုက် ထုတ်လုပ်ခွင့် ခွင့်ပြုချက် Certificate of Approval (COA) သို့မဟုတ် Inspection Certificate (IC) တို့ကိုလည်း ကောင်း စာရွက်စာတမ်းများ ရယူပြီး မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အထက်ဖော်ပြပါ အထောက်အထားများပါရှိသည့် မော်တော်ဆိုင်ကယ်များကိုသာ မှတ်ပုံတင်ဆောင် ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရောက်ရှိနေသော တရားမဝင်မှတ်ပုံတင်မဲ့ မော်တော်ဆိုင် ကယ်များသည် ဖော်ပြပါအထောက်အထားများ တင်ပြနိုင်ခြင်းမရှိပါသဖြင့် မှတ်ပုံတင်ဆောင်ရွက် ပေး၍မရပါကြောင်း၊ တရားမဝင်တင်သွင်းရောက်ရှိလာသည့် မော်တော်ဆိုင်ကယ်များကို တရားဝင် မှတ်ပုံတင်ခွင့်ပြုသင့်သည့် အကြောင်းအရာများအနေဖြင့် ပထမတစ်ချက် တရားမဝင် တင်သွင်းလာ သည့် ဆိုင်ကယ်များသည် မှတ်ပုံတင်ပေးမည်ဆိုပါ တရားမဝင် ကုန်စည်စီးဆင်းမှု အားပေးရာ ရောက်ပါကြောင်း၊ ဒုတိယတစ်ချက် တရားမဝင်လမ်းကြောင်းမှ တင်သွင်းလာသည့်အတွက် သက်သာသည့် ဈေးနှုန်းနှင့် အသုံးပြုနိုင်စေရန်အတွက် အရည်အသွေးမပြည့်မီသည့်၊ ယာဉ်ကြံ့ခိုင်မှု အားနည်းသည့်၊ Road Safety အားနည်းသည့် ဆိုင်ကယ်များ ဖြစ်ပါကြောင်း၊ တတိယအချက်အနေ ဖြင့် တရားဝင် တင်သွင်းခွင့်ပြုထားသည့် ဆိုင်ကယ်များသည် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ ထုတ်လုပ်သည့် ကုမ္ပဏီများမှလည်း တာဝန်ခံမှုရှိပါကြောင်း၊ စတုတ္ထအချက်အနေဖြင့် ပြည်ပမှသွင်းကုန်လိုင်စင်ဖြင့် တရားဝင်တင်သွင်း ပြီး အခွန်အပြည့်အဝပေးဆောင်သော အခွန်ထမ်းပြည်သူများအနေဖြင့် နစ်နာမှုရှိပါကြောင်း၊ ပဉ္စမ အချက်အနေဖြင့် ပြည်တွင်းတွင် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်သည့်အတွက် SKD စနစ် ဖြင့် ထုတ်လုပ်သည့် စက်ရုံများ အရင်းအနှီးမြောက်များစွာ ရင်းနှီးဆောင်ရွက်သည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေဖြင့် နစ်နာမှုရှိပါကြောင်း၊ ပြည်တွင်းတွင် SKD လည်း တည်ဆောက်ရန် ခွင့်ပြုထားသည့် ကုမ္ပဏီပေါင်း မြန်မာနိုင်ငံသားကုမ္ပဏီ ၃၉ ခုနှင့် ပြည်ပနိုင်ငံသားကုမ္ပဏီ ၁၁ ခုရှိကြောင်း၊ မိမိတို့နိုင်ငံတွင် တရားဝင်ဆိုင်ကယ်ပေါင်း ၄,၁၅၉,၃၈၃ စီးရှိပြီး တစ်နိုင်ငံလုံးမောင်းနှင် နိုင်သည့် W အမှတ်အသားနှင့် ၃,၉၀၄,၀၂၂ စီးနှင့် ဒေသအမှတ်များနှင့် တပ်ဆင်ပြီးမောင်းနှင်နိုင် သည့် မော်တော်ဆိုင်ကယ် ၂၁၉,၃၆၁ စီးရှိကြောင်း၊ ထို့ကြောင့် တရားမဝင်ဝင်ရောက်မှုများ ရပ်ဆိုင်း ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ခြင်းကို ရပ်ဆိုင်းထားကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးစောဟေသားကြီး(သံတောင်ကြီးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိမေးချင်သည့်မေးခွန်း ပထမအချက်မှာ တရားမဝင် လိုင်စင်မဲ့ဆိုင်ကယ်များကို ပြည်ပမှ ဝင်ရောက်ခြင်းကို မည်သို့ ကာကွယ်ပေးမည်လဲ၊ ဒုတိယအချက်အနေဖြင့် လက်ရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို မည်သို့ဆက်လုပ်ပေးမည်လဲ၊ တတိယအချက်မှာ ပြည်သူလူထု၏အသံကို ရှေးရှု ခြင်းအားဖြင့် နောင်လာမည့်ရက် ၁၀၀ ဒါမှမဟုတ် Cabinet တွင် ပြန်လည်စဉ်းစားပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပထမဆုံးအချက်အနေဖြင့် တရားမဝင် လိုင်စင်မဲ့ဆိုင်ကယ်များကို နယ်စပ်မှ ဒီကို မရောက်အောင် မည်သို့ တားဆီးပေးမည်လဲ၊ ဒုတိယအချက်အနေဖြင့် တရားမဝင်ဆိုင်ကယ်များကို ဆိုင်ကြီးများတွင် ရောင်းနေသည်ကို မည်သည့်ဥပဒေများနှင့် အရေးယူပေးမလဲ မေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က
မော်တော်ဆိုင်ကယ်များ တရားမဝင် ဝင်ရောက်မှုမရှိစေရေးအတွက် မိမိတို့နိုင်ငံ၏ ဌာန ပေါင်းစုံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ဒုတိယတစ်ချက်မှာ တရားမဝင်ရောက်ရှိနေသည့် မော်တော်ဆိုင်ကယ်များကို အရေးယူမယ်ဆိုလျှင် ပို့ကုန်သွင်းကုန်ဥပဒေအရလည်း အရေးယူ၍ ရပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော် ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၂၀၂၀ အရ လည်း အရေးယူ၍ရကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။