MY EN

(ဃ)-ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)-မေးခွန်း

2026-06-22
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)
တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ မိုးရာသီတွင် ကမ်းပါးများရေတိုက်စားမှုအန္တရာယ်မှ ကာကွယ် နိုင်ရေးအတွက် သစ်ဆိန်ပင်ကျေးရွာ ၈၅၀ ပေ၊ ဖောင်းတောကျေးရွာ ၁,၅၀၀ ပေ၊ အနော်ရထာ ရပ်ကွက် တံတားအထက် ၁၀၀၀ ပေ - တံတားအောက် ၁၅၀၀ ပေ၊ လက်ပံကုန်းကျေးရွာ ၇၀၀ ပေ၊ ရှောက်ကုန်းကျေးရွာ ၉၀၀ ပေတို့အား ကမ်းထိန်းနံရံများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရေတို၊ ရေရှည်အစီအမံများချမှတ်၍ ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

တပ်ကုန်းမြို့နယ်ရှိ ကျေးရွာများ ကမ်းပါးများ ရေတိုက်စားမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် အတွက် သစ်ဆိန်ပင်ကျေးရွာတွင် ပေ ၈၅၀၊ ဖောင်းတောကျေးရွာ၌ ပေ ၁,၅၀၀၊ အနော်ရထာ ရပ်ကွက် တံထားအထက် ပေ ၁,၀၀၀ နှင့် တံတားအောက် ပေ ၁,၅၀၀၊ လက်ပံကုန်းကျေးရွာတွင် ပေ ၇၀၀၊ ရှောက်ကုန်းကျေးရွာတွင် ပေ ၉၀၀ တို့အား ကမ်းထိန်းနံရံများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရေတို၊ ရေရှည်အစီအမံများချမှတ်၍ ဆောင်ရွက်ပေးနိုင်ခြင်းရှိ /မရှိ မေးခွန်းကို  မေးမြန်းသွားမည် ဖြစ်ပါကြောင်း။

ဆင်သေချောင်း၏ဘေး သစ်ဆိန်ပင်ရွာ၏ ချောင်း၏ကြမ်းခင်းသည် မြင့်တက်လာပြီး ကမ်းမှာ နှစ်တောင်လောက်ပဲ ရှိပါတော့ကြောင်း ၊ မိုးနည်းနည်းရွာတာသည်နှင့် ရွာသည် ရေလွှမ်းသွားပါ ကြောင်း၊ ယခုလို ရေလွှမ်းခြင်းသည်လည်း ဒီတစ်ရွာတည်းမဟုတ်ပါကြောင်း၊ ယခုမိမိတင်ပြခဲ့သည့် အတိုင်း သစ်ဆိန်ပင်၊ အနော်ရထာရပ်ကွက်၊ လက်ပံကုန်းရွာ၊ ရှောက်ကုန်းရွာနှင့် မကျီးပင်ရွာများ ကိုလည်း ရေလွှမ်းပါကြောင်း၊ ပြီးခဲ့သည့်ရာဂီမုန်တိုင်းတုန်းတွင် တပ်ကုန်းမြို့နယ်တစ်ခုလုံး ရေလွှမ်း သဖြင့် ၁၅၀ အထိ သေကျေမှုရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ချောင်းကြမ်းခင်းကို နိမ့်ပြီး ကမ်းပါးကိုလည်း ရေမတိုက်စားအောင် ကာကွယ်ပေးနိုင်ရန် အရေးတကြီးလိုအပ်နေပါကြောင်း၊ ယခု မိုးနည်းနည်းရွာတာသည်နှင့် ရွာထဲမှာ ရေဝင်သည့်အနေအထားမျိုး ဖြစ်ပါကြောင်း၊ထို့ကြောင့် ဆောင်ရွက် ပေးနိုင်ရန်အတွက် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ဆိုသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၌ တိုက်ခတ်ခဲ့သည့် ရာဂီ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း၊ မြစ်ချောင်း များအတွင်း ရေထုထည်ကြီးမားစွာစီးဆင်းခဲ့သည့်အတွက် မုန်ချောင်း၊ ညောင်ကိုင်းချောင်း၊ လယ်ငယ်ချောင်း၊ နဝင်းချောင်း၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်း စသည်တို့တွင် ရေကြီးရေလျှံခြင်း၊ ရေတိုက်စား ကမ်းပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ကမ်းပါးတစ်လျှောက်ရှိ ကျေးရွာများ၊ မြို့ရွာများတွင် ထိခိုက်ပျက်စီးမှု များ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ထိုသို့ ရေကြီးရေလျှံမှုနှင့် ရေတိုက်စားကမ်း ပြိုမှုများကြောင့် တပ်ကုန်းမြို့နယ်တွင် ထိခိုက်ပျက်စီးမှုအများဆုံးခံစားရသည့် သစ်ဆိန်ပင် ကျေးရွာ၊ ဖောင်းတော ကျေးရွာ၊ အနော်ရထာရပ်ကွက်၊ လက်ပံကုန်းကျေးရွာနှင့် ရှောက်ကုန်းကျေးရွာတို့မှာ ချောင်းကမ်းပါး များကို ကာကွယ်ပေးရန် လိုအပ်လျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။ 

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများ၏ကမ်းပြိုကာကွယ်ရေး လုပ်ငန်း များသည် မြစ်ငယ်၊ ချောင်းငယ်များမှာဖြစ်ပွားသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဖြစ်ပါ သဖြင့် နေပြည်တော်ကောင်စီ၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းအမျိုးအစားများဖြစ် ပြီး ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက်၊ နဝင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အလျား ၂,၀၀၀ ပေအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁,၉၅၀ သန်းနှင့် တပ်ကုန်းမြို့နယ်၊ သစ်ဆိန်ပင်ကျေးရွာ ရေကြီးရေလျှံ ချောင်းပေါက်ထွက်မှု ကာကွယ်ရေးလုပ်ငန်း အလျား ၁,၅၀၀ ပေ အတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ်သန်း ၆၀၀ တို့ကိုတင်ပြတောင်းခံခဲ့ရာ ရန်ပုံငွေလျာထား တွင်ပါဝင်ခြင်း မရှိသည့်  အတွက် နောင်လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက်တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ကမ်းပြိုနေရာများဖြစ်သည့် ဖောင်းတောကျေးရွာ ၁,၅၀၀ ပေ၊ လက်ပံကုန်း ကျေးရွာ ၇၀၀ ပေနှင့် ရှောက်ကုန်းကျေးရွာ ၉၀၀ ပေ တို့ကို အသေးစိတ်ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဆောင်ရွက်သင့် သည့် အစီအမံများနှင့် ဘဏ္ဍာရန်ပုံငွေရရှိရေး ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ကြောင်းကို နေပြည်တော်ကောင်စီက ဖြေကြားထားပါကြောင်း။ 

ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ သစ်ဆိန်ပင်ကျေးရွာ၊ ဖောင်းတောကျေးရွာ၊ အနော်ရထာရပ်ကွက်၊ လက်ပံကုန်းကျေးရွာနှင့် ရှောက်ကုန်းကျေးရွာ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် နေပြည်တော်ကောင်စီ၏ ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေပါဝင်ခဲ့ခြင်းမရှိပါသဖြင့် အသေးစိတ်ကွင်းဆင်းတိုင်းတာစစ်ဆေး၍ ဆောင်ရွက်သင့်သည့် အစီအမံများနှင့်အတူ နောင်လာမည့်ဘဏ္ဍာနှစ်များတွင် ရန်ပုံငွေရရှိရေးဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ လုပ်ငန်းဆောင်ရွက်ချိန်တွင် နည်းပညာ အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် မိမိ အနေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနမှ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးသွားသည့်များကို ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ နေပြည်တော်ကောင်စီ ရန်ပုံငွေ၊ အမျိုးသား သဘာဝဘေး ရန်ပုံငွေ ဖြင့်သုံးစွဲသည့်အခါ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၂.၇၅၄ ဘီလီယံ ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ၈.၈ ဘီလီယံနှင့် ယခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ ၁၅.၁၁၁ ဘီလီယံဖြစ်ပါကြောင်း ၊ ဘဏ္ဍာရေးနှစ် ၃ ခု စုစုပေါင်း ၂၆.၇၀၄ ဘီလီယံ သုံးစွဲလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါ သည်။