ဦးဝင်းဆွေ (ခရမ်းမဲဆန္ဒနယ်)
ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ ၁ ခု၊ ကျီနီချောင်တိုက်နယ်ဆေးရုံ၊ ကမာမတ်တိုက်နယ်ဆေးရုံနှင့် ပိန်းကန်တိုက်နယ်ဆေးရုံ ၃ ရုံရှိပြီး ဆရာဝန် ၁၁ ဦး သူနာပြု ၂၀ ဦးလိုအပ်လျက်ရှိပါသဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ခရမ်းမြို့နယ်သည် ရန်ကုန်တိုင်း၏ အစွန်ဆုံးနေရာဖြစ်ပြီး ပဲခူးတိုင်းနှင့်ထိစပ်နေသော ဒေသ တစ်ခုလည်း ဖြစ်ပါကြောင်း၊ အရေးခင်းကာလအတွင်း ဗုံးပေါက်ကွဲမှုပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှု အကြိမ် ၃၀ ဖြစ်ပေါ်ခဲ့သည့်နေရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ခဲ့သည့် မိမိတို့ ပါတီ၏ တိုင်းသစ်ကိုယ်စားလှယ် ၁ ဦး၊ မြို့နယ်အတွင်းရေးမှူးနှင့် ပါတီ၏အမာခံများ ပါတီနှင့်ဆက်စပ်သူစုစုပေါင်း ၁၂ ဦး အကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရပါကြောင်း၊ ယခုလိုအကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်းများကြောင့် ခရမ်းမြို့နယ်တွင် ဆိုင်ကယ်နှင့် ဘေးတွဲ ဆိုင်ကယ်များ စီးနင်းခွင့်ကို ယနေ့ထိ ပိတ်ပင်ထားဆဲဖြစ်သည့် အတွက် ပြည်သူအပေါင်းတို့သည့် ခရီးသွားလာရေးတွင် အခက်အခဲ များစွာ ရင်ဆိုင် ကြုံတွေ့နေရဆဲဖြစ်ပါကြောင်း၊ ယခုလိုအကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှု များကြောင့် နိုင်ငံ့ဝန်ထမ်းများ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများသည် ခရမ်းမြို့နယ်ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန် အင်မတန်နည်းပါးသည်ကိုတွေ့ရှိရပါကြောင်း။
ခရမ်းမြို့နယ်တွင် ပြည်သူ့ဆေးရုံ ၁ ခု၊ ကျီနီချောင်တိုက်နယ်ဆေးရုံ ၁ ခု၊ ကမာမတ်တိုက်နယ်ဆေးရုံနှင့် ပိန်းကန်တိုက်နယ်ဆေးရုံဆိုပြီး ဆေးရုံ စုစုပေါင်း ၄ ခုရှိပါကြောင်း၊ ဆရာဝန်ခန့်ထားနိုင်သည့် အရေအတွက်မှ ၁၅ ဦးဖြစ်ပြီး ခန့်ထားအရေ အတွက်မှ ၄ ဦးဖြစ်သည့်အတွက် ဆရာဝန် ၁၁ ဦး၊ သူနာပြု အယောက် ၂၀ လိုအပ်လျက် ရှိပါကြောင်း၊ ခရမ်းမြို့နယ်ရှိ ခုတင် ၅၀ ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ၁ ဦးသာ တာဝန် ထမ်းဆောင်လျက်ရှိပြီး လက်ထောက် ဆရာဝန် ၆ ဦး တာဝန်ထမ်းဆောင်ရမည် ဖြစ်သော်လည်း ၁ ဦးမှ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသေးပါကြောင်း၊ ခရမ်းမြို့နယ်၏ ကျီနီချောင် တိုက်နယ်ဆေးရုံသည် အလှူရှင်များ၊ ဒေသခံများနှင့် ပြည်ခိုင်ဖြိုး ပါတီအသင်း ပူးပေါင်းပါဝင်ပြီး လှူဒါန်းခဲ့သည့် ကိုယ်ထူကိုယ်ထတိုက်နယ်ဆေးရုံ ၁ ခုဖြစ်ပါကြောင်း၊ ၎င်းတိုက်နယ် ဆေးရုံတွင် ဆရာဝန် ၁ ဦး တာဝန်ထမ်းဆောင်နေသည့် အနေအထားဖြစ်ပါကြောင်း၊ သူနာပြု ၄ ဦးခန့်ထားရန် ဖြစ်သော်လည်း ၁ ဦးသာခန့်ထားဆောင်ရွက်နိုင်သည့်အတွက် ၃ ဦး လိုအပ်လျက်ရှိပါကြောင်း၊ ကမာမတ်တိုက်နယ်ဆေးရုံသည် နဝတအစိုးရလက်ထက်တွင် တာဝန်ချိန် စပါးများ ရာနှုန်းပြည့် ရောင်းချနိုင်ခဲ့သည့်အတွက် ခရမ်းမြို့နယ်ကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ပေးခဲ့သည့် တိုက်နယ် ဆေးရုံဖြစ်ပါကြောင်း၊ ၎င်းဆေးရုံတွင် တိုက်နယ်ဆရာဝန် ၁ ဦးသာ တာဝန်ထမ်းဆောင် လျက်ရှိပြီး သူနာပြု ၃ ဦး၊ သူနာပြုများ ၁ ဦးလိုအပ်လျက်ရှိပါကြောင်း၊ တိုက်နယ်တာဝန်ခံ ဆရာဝန် သည် အထက်မင်းလှမြို့နယ်ကို ရာထူးတိုးပြောင်းရွှေ့သွားသည့်အတွက် ဆရာဝန်လုံးဝမရှိသည့် အနေအထားဖြစ်ပါကြောင်း။
ပိန်းကန်တိုက်နယ်ဆေးရုံသည် ၂၀၁၀-၂၀၁၅ ခုနှစ် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်တွင် လွှတ်တော် ကိုယ်စားလှယ်များ၏ ကြိုးပမ်းမှုဖြင့် ရရှိထားသည့်တိုက်နယ်ဆေးရုံဖြစ်ပါကြောင်း၊ ၎င်းဆေးရုံတွင် တိုက်နယ်ဆရာဝန် ၁ ဦးနှင့် လှိုင်သာယာဆေးရုံ၊ ကျန်းမာရေးဌာနမှ တွဲဖက်ထားသည့် ဆရာဝန် ၁ ဦးရှိသည့် ဆရာဝန် ၁ ဦးနှင့် သူနာပြုများလိုအပ်လျက်ရှိပါကြောင်း၊ အထက်တန်း သူနာပြု များက ပြည့်စုံပါကြောင်း၊ မိမိတင်ပြခဲ့သည့် ဆေးရုံ ၄ ရုံတွင် ဆရာဝန် ၁၅ ဦးလိုအပ်ပါကြောင်း၊ ဆရာဝန် ၁၅ ခန့်ထားသည့်နေရာတွင် ၄ ဦးသာရှိသည့်အတွက် ၁၁ ဦးလိုအပ်ပါကြောင်း၊ ကမာမတ်တိုက်နယ် ဆရာဝန် ပြောင်းရွှေ့သွားသည့်အတွက် ၁၂ ဦးလိုအပ်မည်ဖြစ်ပြီး သူနာပြု ၂၀ ဦးလိုအပ်မည်ဖြစ်ပါ ကြောင်း၊ ခရမ်းမြို့နယ်တွင် သူနာပြုလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့်အတွက် ဆရာဝန်များ၏ လိုအပ်ချက်က ပိုပြီးအဓိကကျပါကြောင်း ကိုတင်ပြလိုပါကြောင်း၊ မြို့နယ် ဆရာဝန်ကြီး သည် ခါးရိုးကျီးပေါင်းနှင့် အကြောညှပ် ဝေဒနာကြောင့် လွန်ခဲ့သည့် ၂ လခွဲခန့်က ကြည့်မြင်တိုင်အရိုးဆေးရုံကြီးတွင် ခွဲစိပ်ကုသမှုခံယူခဲ့ရပြီး ဆေးဝါးကုသမှုခံယူပြီး နှစ်ပတ်အကြာတွင် တာဝန်ပြန်လည်ထမ်းဆောင်ခဲ့ပါကြောင်း၊ ပြန်လည်တာဝန် ထမ်းခဲ့သည့်နေရာတွင် ကျီနံချောင် ဆေးရုံနှင့် ကမာမတ်ဆေးရုံမှ တာဝန်ခံဆရာများက အလှည့်ကျ ကူညီဆောင်ရွက် ပေးသည့် အနေအထားကိုတွေ့ရှိရပါကြောင်း၊ ခရမ်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၆၆ အုပ်စု၊ ကျေးရွာခွဲများအပါအဝင် ရပ်ကျေးပေါင်း ၂၂၀ ခန့်ရှိပြီး လူဦးရေ ၁၇၀၀၀၀ ကျော်နေထိုင်သည့် မြို့နယ်ဖြစ်သည့်အတွက် ကျေးလက်ဒေသနေပြည်သူများ၊ အခြေခံလူတန်းစားများ၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသည့်နေရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရဆဲဖြစ်ပါကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်တဲ့နေရာမှာ ကျန်းမာကြံ့ခိုင်ခြင်းသည် အဓိကလုပ်ငန်းစဉ် တစ်ခုဖြစ်သည့် အတွက် ခရမ်းမြို့နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တွသ် လိုအပ်နေသော ဆရာဝန်များနှင့် သူနာပြုဝန်ထမ်းများ၏ လိုအပ်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မည်သို့စီမံဆောင်ရွက် ထားရှိမည်ကို သိရှိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း
ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံ ခုတင် ၅၀ တွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ၁ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၂ ဦး၊ သူနာပြုကြီး ၁ ဦး၊ အထက်တန်းသူနာပြု ၇ ဦး၊ သူနာပြု ၄ ဦးတာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း၊ ကျီနီချောင်တိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန် (တာဝန်ခံ) ၁ ဦး၊ အထက်တန်း သူနာပြု ၂ ဦး၊ သူနာပြု ၁ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ ကမာမတ်တိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန် (တာဝန်ခံ) ၁ ဦး၊ အထက်တန်းသူနာပြု ၂ ဦး၊ သူနာပြု ၁ ဦး တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း၊ ပိန်းကန်တိုက်နယ်ဆေးရုံတွင် လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် (၁)ဦး၊ အထက်တန်းသူနာပြု ၂ ဦး၊ သူနာပြု ၁၀ ဦး တာဝန်ထမ်းဆောင် လျက်ရှိပြီး၊ တိုက်နယ်ဆရာဝန် ၁ ဦး ခန့်ထားပေးနိုင်ရေးအတွက် ယခု ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုက်နယ် ဆေးရုံတိုင်းတွင် အနည်းဆုံးဆရာဝန် ၁ ဦး ထားရှိနိုင်ရေး မူဝါဒအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပြည့်အဝစွမ်းအားပြည့် ဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ချက်ရှိသည့်အတွက် လေ့ကျင့်မွေးထုတ်ဖြေရှင်းနည်းကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရမ်းပြည်သူ့ဆေးရုံကြီး၏ ဆေးရုံလုပ်ငန်း ဆောင်ရွက် ချက်ပေါ်မူတည်ပြီး လက်ထောက်ဆရာဝန်များ ထပ်မံခန့်ထားနိုင်ရေး စိစစ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ယခုလတွင် ခရမ်းမြို့နယ်ဆေးရုံအတွက် သူနာပြု ၂ ဦး၊ တိုက်နယ် ဆေးရုံ ၂ ခုအတွက် သူနာပြု ၂ ဦးစီ စုစုပေါင်း သစ်လွင်သူနာပြု ၆ ဦးအား ခန့်ထားပေးခဲ့ပါကြောင်း ဖြေကြားခဲ့ပါသည်။