ဦးထွန်းထွန်းနိုင် (စဉ့်ကိုင်မဲဆန္ဒနယ်)
စဉ့်ကိုင်မြို့နယ်၊ ရွှေလှံဗိုလ်(ကံအောက်) ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု လိုအပ်လျက်ရှိပါ သောကြောင့် တိုက်နယ်ဆေးရုံအဖြစ် ခွင့်ပြုဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်အုပ်စု၊ ကျေးရွာခွဲ ၁၂ ရွာရှိပြီး စဉ့်ကိုင်မြို့နယ်၏ အစွန်ဆုံး ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊ လျှောက်ထားသည့် တည်နေရာနှင့် စပ်လျဉ်း၍ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်အုပ်စု၊ ရွှေလှံဗိုလ်(ကံအောက်)ကျေးရွာဖြစ်ပြီး စဉ့်ကိုင်မြို့၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပါကြောင်း၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်တို့၏အစပ် လွယ်လင်လမ်းဆုံမှ ပြင်ဦးလွင်သို့ သွားရာလမ်းမကြီးဘေးတွင် တည်ရှိပါကြောင်း၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်ချင်းဆက် လမ်းမကြီးပေါ်တွင်တည်ရှိပြီး အချက်အခြာကျသော နေရာတစ်ခုလည်းဖြစ်ပါကြောင်း၊ မြေနေရာနှင့်စပ်လျဉ်း၍ တိုက်နယ်ဆေးရုံ ဆောက်လုပ်နိုင်ရန်အတွက် မီးသွေးဘုတ်အုပ်စု၊ ရွှေ့လှံဗိုလ်(ကံအောက်)ကျေးရွာနေ ဦးရင်သွေး မိသားစုတို့မှ ၎င်းတို့ပိုင်ဆိုင်သော ဦးပိုင်အမှတ် ၇၃/၂၊ မြေဧရိယာ ၄.၀၂ ဧကတို့အား ကျန်းမာရေး ဝန်ကြီးဌာနသို့ ၃-၄ ၂၀၁၇ ခုနှစ်ကတည်းက လှူဒါန်းပြီးဖြစ်ပါကြောင်း၊ အဆိုပါ လှူဒါန်းထားသည့် မြေနေရာကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယာမြေကို အခြားနည်းအသုံးပြု ခွင့်ရရှိရေး အတွက် တိုက်နယ်ဆေးရုံတည်ဆောက်ရန် မြေနေရာအဖြစ် ခွင့်ပြုမိန့်အား ၂၉-၈-၂၀၁၈ ရက်စွဲပါ စာအမှတ် ၂/၃-၃/၇ ဦး ၆ (၂၁၆) တို့အရ ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ ရွှေလှံဗိုလ်(ကံအောက်) ကျေးရွာသည် မြို့နယ်ပြည်သူ့ဆေးရုံ ရွှေလှံဗိုလ်(ကံအောက်) ကျေးလက်ကျန်းမာရေးဌာနနှင့် နတ်ရေကန် ကျေးလက်ကျန်းမာရေးဌာနခွဲများ၏ စောင့်ရှောက်မှု အောက်တွင်ရှိသော ကျေးရွာလေးဖြစ်ပါကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံကိုသွားမယ်ဆိုလျှင် ၁၆ မိုင် ခန့် ဝေးကွာပြီး နတ်ရေကန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲသို့ သွားမည်ဆိုပါက ၃ မိုင် ခန့်၊ ရွာဘိုကျေးလက် ကျန်းမာရေးဌာနသို့သွားမည်ဆိုပါက ၆ မိုင်ကျော် ခန့်၊ မြို့နယ်ကြား ပုသိမ်ကြီး မြို့နယ် ကျောက်မီးတိုက်နယ်ဆေးရုံသို့သွားမည်ဆိုပါက ၁၁ မိုင်ကျော်ခန့်ကွာဝေးလျက်ရှိပါကြောင်း၊ လျှောက်ထားသော တိုက်နယ်ဆေးရုံကို ခွင့်ပြုပေးမည်ဆိုပါက အကျိုးပြုကျေးရွာ ၄၁ ရွာ၊ လူဦးရေ ပေါင်း ၄၁၅၇၅ ဦး အကျိုးခံစားခွင့်ရမည့်အပြင် ကျောက်ဆည်မြို့နယ်နှင့်ဆက်စပ်လျက်ရှိသော ကျေးရွာများပါ ကူညီစောင့်ရှောက်ခွင့်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်တွင် စက်ရုံကြီးများစွာ ရှိသည့်အတွက် အလုပ်သမား ၂၀၀၀ ကျော်ခန့်လည်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိမည်ဖြစ်ပါ ကြောင်း၊ နောက်တခါ နည်းပညာမြှင့်တင်ရေးသင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများလည်း ရရှိမည်ဖြစ်ပါကြောင်း၊ တပ်နယ်ရှိသည့်အတွက် စွန်ရဲတပ်နယ်အခြေချနေသည့် တပ်ရင်းတပ်ဖွဲ့ ၇ ခု အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုရရှိမည် ဖြစ်ပါကြောင်း၊ စဉ့်ကိုင်မြို့နယ်တွင် လူဦးရေ ၁၆၀၀၀၀ ကျော်ရှိသည့်အတွက် စဉ့်ကိုင်ဆေးရုံနှင့် ပုလိပ်တိုက်နယ်ဆေးရုံ ၂ ခုကိုသာ အားကိုးနေရ သည့် အနေအထားဖြစ်ပါကြောင်း၊ ပုလိပ်တိုက်နယ်သည် စဉ့်ကိုင်၏ အနောက်မြောက်ဘက်ခြမ်း ကိုသာ ကျန်းမာရေးကိုလွှမ်းခြုံနိုင်ပြီး စောင့်ရှောက်ပေးနိုင်ပါကြောင်း၊ မြို့၏အရှေ့ဘက်အခြမ်းတွင် တောင်ကုန်းတောင်တန်းများ၊ အင်းအိုင်များ၊ စက်ရုံအလုပ်ရုံများပေါသည့်အတွက် အရှေ့ဘက် ခြမ်းတစ်ခြမ်းတွင် တိုက်နယ်ဆေးရုံတစ်ရုံလိုအပ်သည်မှာ အမှန်ဧကန် ဖြစ်ပါကြောင်း၊ မိမိတို့ လျှောက်ထားသည့် တိုက်နယ်ဆေးရုံ ခွင့်ပြုပေးနိုင်ရန်အတွက် သတ်မှတ်ထားသော မြေနေရာရှိခြင်း၊ ၎င်းမြေနေရာ၏ ဧရိယာအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြားနည်းအသုံးပြုခွင့်ပေးထားခြင်း မြို့နယ်ကျန်းမာရေး သို့သွားရာတွင်၊ ဆေးရုံသို့သွားရာတွင် ၁၆ မိုင်ကျော်ခန့် ဝေးကွာခြင်း အခြေချတပ်ရင်းတပ်ဖွဲ့များရှိပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ အကျိုးရှိရှိ ကျန်းမာရေး စောင့်ရှောက်မှုများစွာပေးနိုင်သော SOP စံသတ်မှတ်ချက်များနှင့် ပြည့်စုံနေပါကြောင်း၊ သို့ဖြစ်၍ မီးသွေးဘုတ်အုပ်စု၊ ရွှေလှံဗိုလ်(ကံအောက်) ကျေးရွာတွင် ဒေသခံပြည်သူများအတွက် အားကိုးရ သော တိုက်နယ်ဆေးရုံတစ်ခု လိုအပ်လျက်ရှိပါသောကြောင့် တိုက်နယ်ဆေးရုံအဖြစ် ခွင့်ပြု ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က
စဉ့်ကိုင်မြို့နယ်သည် ၁၇၂ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်း ၁၆၂၆၇၀ ဦးနေထိုင် ပြီး၊ စဉ့်ကိုင်မြို့နယ် ဆေးရုံ ၁ ရုံ၊ စဉ့်ကိုင်မျက်စိရောဂါအထူးကုဆေးရုံနှင့် ပလိပ်တိုက်နယ်ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၄ ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၂ဝ ခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောမြို့နယ်ဖြစ်ပါကြောင်း။
ယခု တိုက်နယ်ဆေးရုံနေရာသည် ရွာဘိုကျေးလက်ကျန်းမာရေးဌာနနှင့် ၃ မိုင်၊ နတ်ရေကန် ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ၆ မိုင်သာကွာဝေးပါကြောင်း၊ ရွှေလှံဗိုလ်(ကံအောက်)ကျေးရွာသည် ရွာဘိုကျေးလက်ကျန်းမာရေးဌာနနှင့် နတ်ရေကန်ကျေးလက်ကျန်းမာရေးဌာနခွဲများမှ စောင့်ရှောက်မှု ပေးနေသော ကျေးရွာတစ်ရွာဖြစ်ပြီး၊ ၎င်းနေရာမှ စဉ့်ကိုင်မြို့နယ်ဆေးရုံသို့ ၁၆ မိုင်၊ ကျောက်မီး တိုက်နယ်ဆေးရုံ(ပုသိမ်ကြီး)သို့ ၁၂ မိုင်သာကွာဝေးပြီး၊ လမ်းပန်းဆက်သွယ်မှုအားဖြင့် ကောင်းမွန်ပြီး မော်တော်ကား၊ ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ခန့် သွားလာရပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးရုံအသစ်များတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် လျော့နည်းလျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်အခြေအနေအပေါ်မူတည်၍ ဦးစားပေးဆောင်ရွက်ရသည့်အတွက် လက်ရှိ ဖွင့်လှစ်ထားရှိသည့် ဆေးရုံများတွင် အင်အားပြည့်ဖြည့်တင်းနိုင်ရေး ဦးစားပေးဆောင်ရွက်နေရသည့် အချိန်အခါဖြစ်ပါကြောင်း၊ ယခုအဆိုပြုနေရာတွင် တိုက်နယ်ဆေးရုံ ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အခြေခံ သတ်မှတ်ချက်တစ်ခုဖြစ်သော ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ထားရှိပြီး ယခင်ကျေးလက်ကျန်းမာရေးဌာနအဆင့် ဖွင့်လှစ်ထားရှိပြီးသော ကျေးရွာဖြစ် ရမည်ဆိုသည့် အချက်တစ်ခုနှင့်မကိုက်ညီသေးပါကြောင်း၊ ထို့အပြင် လမ်းပန်းဆက်သွယ်ရေးအရ မြို့နယ်ဆေးရုံသို့ လာရောက်ရန် ခက်ခဲသော နယ်မြေဖြစ်ရမည်ဆိုသည့်အချက်နှင့်လည်း လိုအပ်ချက်ရှိနေပါကြောင်း၊ ထို့ကြောင့် ယခုချိန်တွင် ဦးစားပေးဆောင်ရွက် ခွင့်ပြုပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။