ဦးဌေးလွင်(ခ)ဦးဒီလုံး(နမ့်စန်မဲဆန္ဒနယ်)
နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃)စုတွင် ဖုန်းဆက်သွယ် ရေးကောင်းမွန်စေရန် ဆက်သွယ် ရေးတာဝါတိုင်(၄)တိုင် တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နမ့်စန်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၃ စု၊ ကျေးရွာပေါင်း ၄၀ ခန့်တွင်ရှိသည့် ပြည်သူများ သည် မိုးနဲ၊ မောက်မယ် အစပ်ဘက်တွင်ရှိသည့် ကျေးရွာများဖြစ်ပါကြောင်း၊ ထိုကျေးရွာ များတွင် နေထိုင်သည့်ပြည်သူများသည် ဆက်သွယ်ရေး လိုင်းလုံးဝကောင်းမွန်မှုမရှိဘဲ တစ်ဦးနှင့် တစ်ဦး၊ တစ်ရွာနှင့်တစ်ရွာ မြို့ပေါ်သို့ဆက်သွယ်သည့်အခါနှင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စ အဝဝများကို ဆောင်ရွက်သည့်အခါတွင် အခက်အခဲများစွာကြုံတွေ့ရပြီး စီးပွားရေးများ နောက်ကျ နေသည်ကိုတွေ့ရှိရကြောင်း၊ ထိုရွာများမှ ပြည်သူများနှင့် ထိတွေ့သည့် အခါတွင် ပြည်သူ၏ အဓိကလိုလား တောင့်တချက်သည် ဆက်သွယ်ရေး ကောင်းမွန်စေ ရန်အတွက် ဆက်သွယ်ရေး တာဝါတိုင်များ တိုးချဲ့တည်ဆောက်ပေးရန်တောင်းဆိုခိုင်းသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါ ကြောင်း၊
Mytel နဲ့ MPT ဆက်သွယ် ရေးကုမ္ပဏီများသည် နမ့်စန်မြို့နယ်ရှိ နမ့်လစ်ကျေးရွာအုပ်စုမှာ ခါနာမ်ရွာသစ်တွင်တစ်တိုင်၊ ဟိုင်းနားကြီးကျေးရွာအုပ်စုတွင်ရှိသည့် နားရိုင်းရွာမကြီးတွင်တစ်တိုင်၊ နမ့်ဟူးမိုင်(ခ)နမ့်ခမ်းမှာတစ်တိုင်၊ ပိန်းဆည်ကျေးရွာအုပ်စု၊ နောင်ဘိုတွင်တစ်တိုင် တာဝါတိုင် ၄ တိုင် ကို မိမိတို့ ကွင်းဆင်း တိုင်းတာခြင်း၊ တာဝါတိုင်များစိုက်ထူရန်အတွက် မြေနေရာများ သတ်မှတ် ခြင်းများကို ဆောင်ရွက်ပေးသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း၊ သို့သော်ထိုအချိန်က ကိုဗစ် ကာလနှင့် နိုင်ငံရေးအခြေအနေများကြောင့် တာဝါတိုင် များကို တိုးချဲ့ ဆောင်ရွက်ပေး နိုင်ခဲ့ ခြင်း မရှိခဲ့ပါ ကြောင်း၊ ယခုအချိန်တွင် ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး လွှတ်တော်ကြီး များ လည်း ပေါ်လာပြီဖြစ်ကြောင်း၊ အစိုးသစ်တစ်ရပ်ကြီးကိုလည်း ဖွဲ့စည်းနိုင်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရသစ်တစ်ရပ်တွင် အဆိုပါတာဝါတိုင်တိုးချဲ့သည့် လုပ်ငန်းများကို ဆောင်ရွက် ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အထက် ဖော်ပြပါ တာဝါတိုင် ၄ တိုင် တိုးချဲ့တည်ဆောက် ပေးမည်ဆိုလျှင် ကျေးရွာအုပ်စု ၃ အုပ်စုရှိ ကျေးရွာ ၄၀ သာမက မိုးနဲ၊ မောက်မယ်အစပ်မှာရှိတဲ့ ကျေးရွာများ လည်း အကျိုးခံစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ယခု ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်း ရခြင်းဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ တာဝါတိုင် တိုင်းတာခြင်း၊ တာဝါတိုင် မြေနေရာများ သတ်မှတ်ခြင်းများ ဆောင်ရွက် နိုင်ခဲ့ပြီး တာဝါတိုင် ၄ တိုင်ကို တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိနဲ့ အစီအစဉ်ရှိခဲ့ပါက မည်သည့်ဘဏ္ဍာနှစ်တွင် စတင်၍ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးသက်ဝင်းအောင်
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု အတွင်း၌ မိုဘိုင်းစခန်း ၁၄ ခု၊ ဟိုင်းနားကြီး ကျေးရွာအုပ်စုအတွင်း၌ မိုဘိုင်းစခန်း ၁၀ ခု၊ ပိန်းဆည်ကျေးရွာအုပ်စုအတွင်း၌ မိုဘိုင်းစခန်း ၂ ခု စုစုပေါင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ၂၆ ခု တည်ဆောက်၍ ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နမ့်လစ်ကျေးရွာအုပ်စု၊ ဟိုင်းနားကြီးကျေးရွာအုပ်စု နှင့် ပိန်းဆည်ကျေးရွာအုပ်စုတို့တွင် တည်ဆောက် တပ်ဆင်ထားပြီးဖြစ်သည့် မိုဘိုင်းဆက်သွယ်ရေးစခန်း ၂၆ ခု၏ တည်နေရာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့် ကျေးရွာ ၄ ရွာတို့၏ တည်နေရာပြ မြေပုံဖြစ်ပါ ကြောင်း၊ တင်ပြပါ ပုံတွင် နမ့်လစ်ကျေးရွာအုပ်စု၌ လက်ရှိတည်ဆောက်ထားသည့် မိုဘိုင်းဆက်သွယ်ရေးစခန်း ၁၄ ခု တို့၏ တည်နေရာနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် ခါနာမ်ရွာသစ်တို့၏တည်နေရာပြ မြေပုံဖြစ်ပါကြောင်း၊ ခါနာမ်ရွာသစ်အနီး၌ လက်ရှိအချိန်တွင် Mytel ၏မိုဘိုင်းစခန်းတစ်ခု တည်ဆောက်တပ်ဆင်ထားသည်ကို တွေ့ရှိရ မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာ များ၏ မြေပြင်ကွင်းဆင်း စစ်ဆေးချက်များအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နမ့်လစ်ကျေးရွာအုပ်စု အတွင်း အဖြူရောင် ဖြင့်တင်ပြထားသည့် မိုဘိုင်းဆက်သွယ်ရေးစခန်း ၄ ခုကို ထပ်မံတည်ဆောက်သွား မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့် ခါနာမ်ရွာသစ်အနီးတွင် MPT ၏ဆက်သွယ် ရေး စခန်းအသစ်တစ်ခု ထပ်မံတည်ဆောက်တပ်ဆင်မှာဖြစ်ကြောင်း ။
တင်ပြပါပုံတွင်ဟိုင်းနားကြီးကျေးရွာအုပ်စုနှင့်ပိန်းဆည်ကျေးရွာအုပ်စုတို့တွင်တည်ဆောက်တပ်ဆင်ထားပြီး ဖြစ်သည့် မိုဘိုင်းဆက်သွယ်ရေးစခန်းများ၏ တည်နေရာနှင့် လွှတ်တော်ကိုယ်စား လှယ် ကြီးမေးမြန်းထားသည့် နားရိုင်းရွာမကြီး၊ နမ့်ခမ်းကျေးရွာ၊ နောင်ဘိုကျေးရွာတို့၏ တည်နေရာ ပုံဖြစ်ပါ ကြောင်း၊ လက်ရှိတည်ဆောက်တပ်ဆင်ထားသည့် မိုဘိုင်းဆက်သွယ်ရေး စခန်းများ၏ တည်နေရာအရ နောင်ဘိုကျေးရွာမှာ မိုဘိုင်းဆက်သွယ်ရေးစခန်းနှစ်ခု တည်ဆောက် ထားပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ မြေပြင်ကွင်းဆင်းစစ်ဆေးချက်များအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဟိုင်းနားကြီးကျေးရွာအုပ်စု အတွင်း၌ အဖြူရောင်ဖြင့်တင်ပြထားသည့် မိုဘိုင်းဆက်သွယ်ရေးစခန်း ၃ ခု ထပ်မံတည်ဆောက် သွားမည် ဖြစ်ပါကြောင်း၊ နားရိုင်းရွာမကြီးနှင့် နမ့်ခမ်းကျေးရွာတို့မှာ လျှပ်စစ်ဓာတ်အားမရရှိနိုင်မှုနှင့် အဝေးဆက်သွယ်ရေးဆက်ကြောင်း တည်ဆောက်ရန်ခက်ခဲမှုတို့ကြောင့် မိုဘိုင်းဆက်သွယ်ရေးစခန်း အသစ်တည်ဆောက်ပေးရန် လတ်တလော အစီအစဉ် မရှိသေးပါကြောင်း။ သို့ရာတွင် ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သွားလာရန် မလွယ်ကူ သည့် နယ်မြေဒေသများမှာ မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက် နို်ငရန်အတွက် လျှပ်စစ် ဓာတ်အား ရရှိမှု၊ ဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက်ချိတ်ဆက်နိုင်မှု၊ ဘဏ္ဍာငွေ ရရှိရေး နှင့် နယ်မြေဒေသအခြေအနေပေါ်မူတည်ပြီး ကွင်းဆင်းတိုင်းတာနိုင်ရေး စိစစ် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကွင်းဆင်းတိုင်းတာရရှိမှုအခြေအနေများပေါ်မူတည်ပြီး ဆက်သွယ်ရေး စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက မိုဘိုင်းစခန်းများတည်ဆောက် နိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက်လျာထားစီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးဌေးလွင်(ခ)ဦးဒီလုံး(နမ့်စန်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ဒုတိယဝန်ကြီးဖြေသွားသည့် အထဲတွင် ခါနာမ် ရွာသစ်တွင် Mytel တိုင်ရှိပါကြောင်း၊ Mytel သည် ကေဘယ်ကြိုးနှင့်ဆက်သွယ်ထားခြင်းမဟုတ်ဘဲ စက်သာ တပ်ဆင်ထားသည့်အတွက် တိုင်၏ အောက်ခြေမှာပင် လိုင်းမမိပါကြောင်း၊ ထို့ကြောင့် ထပ်၍တောင်းရ ခြင်းဖြစ်ပါကြောင်း၊ ထပ်မံ၍ ဒုတိယဝန်ကြီးပြောသွားသည့် အထဲတွင် နားရိုင်းရွာမကြီးနှင့် နမ့်ခမ်းသည် မီးမရရှိ သေးသော်လည်း နားရိုင်းရွာမကြီးထိက မီးရရှိပြီးပါကြောင်း၊ နမ့်ခမ်းတစ်ရွာသာ မီးမရသေးကြောင်း၊ ထို့ကြောင့် မိမိ တစ်ဆက်တစ်စပ်တည်းမေးချင်လိုသည်မှာ နားရိုင်းရွာမကြီးသည် မီးရပြီးသား ဖြစ်သည့် အတွက် တတ်နိုင် လျှင် ပြည်သူများ၏ လိုအပ်ချက်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အဆင် မပြေပါက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် မေးမြန်းခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးသက်ဝင်းအောင်
ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့်နမ့်ခမ်းရွာနှင့်နားရိုင်းရွာမကြီးနှစ်ရွာကိုမြေပြင် ကွင်းဆင်း စစ်ဆေးရန်အတွက် လုပ်ဆောင်နေပါကြောင်း၊ ရရှိသည့် အချက်အလက်များ ပေါ်မူတည် ၍ လာမည့် ဘဏ္ဍာရေးနှစ်များတွင် ပါဝင်အောင် လျာထား ဆောင်ရွက်သွားမည် ဖြစ်သည့် အကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။