ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်)
တရားမဝင်လောင်းကစား Website နှင့် Application များမှတစ်ဆင့် လောင်းကစားပြုလုပ်သူများ သည် Digital E-Money များဖြင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါ E-Money အကောင့်များအား ဖော်ထုတ်ဖျက်သိမ်းပေးရန်နှင့် ၎င်းတို့အသုံးပြုသော Mobile Phone နံပါတ်များအား ဖျက်သိမ်း ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ယနေ့မြန်မာနိုင်ငံတွင် Digital E-Money များ၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှုများ အရှိန် အဟုန်ကောင်းကောင်းနှင့် လည်ပတ်လျက်ရှိသည့်အတွက် အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း အသုံးပြုသူများလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာပါကြောင်း၊ ထိုသို့ အွန်လိုင်းငွေကြေး ဝန်ဆောင်မှု တိုးတက်လာသောကြောင့် ငွေပေးချေရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာပြီး ပြည်သူ တို့၏ လူမှုစီးပွားဘဝလည်း တိုးတက်လာခဲ့ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် တရားမဝင် အွန်လိုင်းလောင်းကစား Website များ၊ Application များမှတစ်ဆင့် လောင်းကစားပြုလုပ်သူများ တစ်နေ့တခြားများပြားလာပါကြောင်း၊ ထို လောင်းကစား Website များ၊ Social Network များ၊ Application များမှတစ်ဆင့် ၎င်းတို့၏ကြော်ငြာများလည်း အဆက်မပြတ် တက်နေပါကြောင်း၊ အွန်လိုင်းလောင်းကစားများကြောင့် လူငယ်လူရွယ်များ၊ လုပ်သားပြည်သူများ လူမှုစီးပွားဘဝနစ်မွန်း လျက်ရှိနေကြပါကြောင်း၊ လောင်းကစား Website များ၊ Application များနှင့် ငွေပေးချေမှုများသည် ယနေ့ တွင်ကျယ်စွာ အသုံးပြုနေသည့် Digital E-Money အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ကို အသုံးပြုနေကြပါကြောင်း။
ဆိုက်ဘာလုံခြုံရေးဥပဒေပုဒ်မ ၇၁ တွင် အွန်လိုင်းလောင်းကစား တည်ဆောက်ခြင်း ပြုလုပ် ကြောင်း ထင်ရှားခြင်း၊ စီရင်ခြင်းခံရလျှင် ခြောက်လမှ တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ မှ သိန်း ၂၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင် သော ပစ္စည်းများကိုလည်း နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့သော် တရားမဝင်အွန်လိုင်းလောင်းကစား Website များမှတစ်ဆင့် လောင်းကစားပြုလုပ်သူများမှ ယနေ့ တွင်ကျယ်စွာ အသုံးပြုလျက်ရှိနေကြပါကြောင်း၊ ထို့ကြောင့် တရားမဝင် Website များ၊ Application များ၊ အသုံးပြုနေသည့် Digital E-Money အကောင့်များကို ရှာဖွေဖော်ထုတ် ဖျက်သိမ်းပေးနိုင်ပါရန် နှင့် ၎င်းတို့အသုံးပြုနေကြသည့် ပြည်တွင်း Operator များ၏ Mobile Phone နံပါတ်များကို ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် က
အဆိုပါမေးခွန်းအား ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပေါင်းစပ်၍ ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို အမြစ်ဖြတ်ဖော်ထုတ် အရေးယူနိုင်ရန် အတွက် နိုင်ငံတော်သမ္မတရုံး၏ ၁၄-၅-၂၀၂၆ ရက်စွဲပါအမိန့်အမှတ် (၅၃/၂၀၂၆)ဖြင့် အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ပြည်ထဲ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အဖွဲ့ဝင်အဖြစ်လည်းကောင်း အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ တရားမဝင်အွန်လိုင်းလောင်းကစား Website များနှင့် Application Links ၁၀၂ ခုကို မြန်မာနိုင်ငံအတွင်းမှ ဝင်ရောက်ကြည့်ရှု၍ မရရှိစေ ရန် IP Block ဆောင်ရွက်ခြင်း၊ တရားမဝင် ငွေစာရင်းများဖွင့်လှစ်ရာတွင် အသုံးပြုသည့် မှတ်ပုံတင် မထားသော ဆင်းကတ် ၁,၁၂၀ ခုကို ပိတ်သိမ်းခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ Facebook, Telegram,Tik Tok နှင့် Viber အစရှိသည့် ပလက်ဖောင်းများသည် မိမိနိုင်ငံ၏ စနစ်များမဟုတ် သည့်အတွက် အပြည့်အဝ ပိတ်ပင်တားဆီး၍ မရရှိနိုင်သော်လည်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ လူမှုကွန်ရက်ပလက်ဖောင်းများကို တရားဝင် ကန့်ကွက်စာများ ပေးပို့လျက်ရှိပါကြောင်း၊ ထို့အပြင် စလော့ဂိမ်းနှင့် လောင်းကစားအေးဂျင့်များ ကြော်ငြာနေခြင်းနှင့်စပ်လျဉ်း၍ လောင်းကစား Website နှင့် Application များအား ပြည်တွင်း Internet Gateway များမှ ပိတ်ပင်တားဆီးရန် အင်တာနက်ဝန်ဆောင်မှုများ ပေးလျက်ရှိသည့် ကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း လောင်ကစားစလော့ဂိမ်းများကို ကြော်ငြာလက်ခံ ရိုက်ကူးထုတ်လုပ်ခဲ့သည့် သရုပ်ဆောင်များ၊ အခြားထင်ပေါ်ကျော်ကြားသူများကိုလည်း တရားဥပဒေ နှင့်အညီ တရားစွဲဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လောင်းကစားငွေများ လွှဲပြောင်းရာတွင် အဓိကအသုံးပြုနေသည့် Mobile Wallet များကို တင်းကျပ်စွာ စောင့်ကြည့်လျက်ရှိပြီး လောင်းကစား နှင့်ဆက်စပ်နေကြောင်း ခိုင်လုံသောအချက်အလက်ရှိသည့် အကောင့်များကို အမြဲပိတ်သိမ်း ခြင်း၊ ငွေကြေးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းများအား ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိကို KBZ Pay အကောင့် ၁,၀၉၇ ခုနှင့် အခြားဘဏ်အကောင့် ၁၀၄ ခုတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးပို့ပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ လူမှုကွန်ရက်ပလက်ဖောင်းများမှ တစ်ဆင့် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၏ နောက်ကွယ်ရှိ Cyber လိမ်လည်မှု အန္တရာယ်များ၊ ငွေကြေးဆုံးရှုံးနိုင်ခြေများနှင့် ကိုယ်ရေးကိုယ်တာအချက်အလက် ခိုးယူခံရနိုင်သည့် အခြေအနေများကို ပြည်သူလူထုထံ သတိပေးထုတ်ပြန်လျက်ရှိပါကြောင်း၊ အသိပညာပေးဝေငှ ခြင်းလုပ်ငန်းများကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက် အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ Website ဖြစ်သည့် www.mmcert.org.mm မှာလည်း ကျယ်ပြန့်စွာ အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အွန်လိုင်းလောင်း ကစားမှုများ ပြုလုပ်ရန် ဖြန့်ဝေလာသည့်စာများသည် ဖုန်းနံပါတ်တစ်ခုတည်းက တူညီသော စာသားများကို အချိန် ၁ နာရီအတွင်း ဖုန်းနံပါတ် ၆၀ ကို ဖြန့်ဝေပေးခြင်း၊ သို့မဟုတ် ၂၄ နာရီ အတွင်း ဖုန်းနံပါတ် ၁,၀၀၀ သို့ ပေးပို့ခြင်းအား ပုံမှန်မဟုတ်သည့် ပေးပို့မှုများအဖြစ် သတ်မှတ်ထား ပါကြောင်း၊ အဆိုပါ ဖုန်းနံပါတ်များ ပိတ်သိမ်းခြင်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လမှ ၂၀၂၆ ခုနှစ် မေလအထိ သံသယဖြစ်ဖွယ် ဆင်းကတ်အရေအတွက် ၁၄၃,၄၀၉ ခုကို အပြီးတိုင် ဖျက်သိမ်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်
ယခုကဲ့သို့ အစိုးရအဖွဲ့မှ တရားမဝင်အွန်လိုင်းလောင်းကစား အသုံးပြုနေသည့် Digital E-Money များ၊ ဖုန်းနံပါတ်များကို ဖျက်သိမ်းနေတာသိရသည့်အတွက် မိမိအရမ်းဝမ်းသာ ကျေနပ်မိပါကြောင်း၊ သို့သော် အွန်လိုင်းလောင်းကစားလုပ်သည့် လုပ်ငန်းများတွင်သုံးသည့် Digital E-Money အကောင့်များ၊ Mobile Phone နံပါတ်များကို ပြည်သူများအနေဖြင့် သိရှိပါက တိုင်ကြား အရေးယူနိုင်သည့် Mechanism တစ်ရပ် တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်း ခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် က
မိမိတင်ပြခဲ့သလို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက် အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ Website ဖြစ်သည့် www.mmcert.org.mm တွင် ကျယ်ပြန့်စွာ အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လောင်းကစားနှင့်ပတ်သက်သည့် Awareness ပေးရခြင်းများ၊ Personal Data များ၊ Protection မိမိ၏ ကိုယ်ပိုင်အချက်အလက်များကို ကာကွယ်မှု ဆိုင်ရာများ၊ မိမိ၏ Social Media ပေါ်ရှိ မိမိ၏ အချက်အလက်ပေါက်ကြားမှုများ ကာကွယ်မှု ပေးနိုင်ရန်အတွက် Website ထဲတွင် တင်ပြထားပါကြောင်း၊ ထို့အပြင် ဆက်လက်၍ ခွင့်ပြုထားသည့် မီဒီယာများအတွင်းတွင် Awareness ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မှုခင်းအနေနှင့် တိုင်းတာစစ်ဆေးတွေ့ရှိရသည်များမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ဆက်သွယ်ရေးဥပဒေနှင့် စပ်လျဉ်းသည်များ အားလုံးကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆောင်ရွက်သည့်နေရာတွင် လည်း နေ့စဉ်နှင့်အမျှ အပတ်စဉ် ဖြေရှင်းရသည့် Case တော်တော်များများရှိပါကြောင်း၊ ထိုကိစ္စများ သည် ဖြစ်လာသည့်အပေါ်မူတည်၍ ဖြေရှင်းရခြင်းဖြစ်သည့်အတွက် Awareness များပေးမည် ဖြစ်ကြောင်း၊ ဖြစ်လာခဲ့သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။