MY EN

(င)- ဦးအောင်လင်းလှိုင်(ဘုတ်ပြင်းမဲဆန္ဒနယ်)-မေးခွန်း

2026-06-19
တတိယအကြိမ်
ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်လင်းလှိုင်(ဘုတ်ပြင်းမဲဆန္ဒနယ်)
ကုမ္ပဏီများက WIFI လိုင်းများ၊ Internet Package ရောင်းချရာတွင် မူလစာချုပ်ပါ စည်းမျဉ်းများ တွင် မည်ကဲ့သို့ချုပ်ဆိုထားသည်ကို တိကျစွာ အသေးစိတ်ရှင်းလင်းပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

လက်ရှိ ကာလသည် ဒီဂျစ်တယ်ဆက်စပ်ပစ္စည်းများနှင့် ဖုန်းဆက်စပ်ပစ္စည်းများ တိုးတက် ဖွံ့ဖြိုးလာသည်နှင့်အညီ Internet၊ WIFI တို့သည်လည်း မရှိမဖြစ် လိုအပ်လျက်ရှိပြီး အဓိကမှာ ဖုန်းသီးသန့်သုံးစွဲသည့် အပိုင်းတစ်ပိုင်းနှင့် Internet၊ WIFI သုံးစွဲသည့်အပိုင်းဖြစ်ပါကြောင်း၊ ဖုန်းသီး သန့်သုံးစွဲသည့်ကိစ္စတွင် ဖုန်းဘေလ်ကို ထည့်သွင်းပြောလျှင် မိမိပြောသလောက်သာ ကျခံရမည်ဖြစ် ကြောင်း၊ စက်ချို့ယွင်းသော်လည်းကောင်း မီးစက်ပျက်သော်လည်းကောင်း ဖုန်းလိုင်းများ ပြတ်တောက်သော်လည်းကောင်း ကုန်ကျမှု မရှိနိုင်ကြောင်း၊ သို့ရာတွင် နောက်ပိုင်းတွင် ခေတ်စား လာသည့် ဒီ Internet၊ WIFI များတပ်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ချို့ယွင်းချက် နည်းနည်းရှိလာကြောင်း၊    အင်တာနက်ကိုလည်း ဖုန်းဘေလ် Package ထည့်၍ သုံးစွဲသည့်အခြေအနေနှင့် အော်ပရေတာ များမှ Internet Package တို့ WIFI တို့အသုံးပြုရပါကြောင်း၊  ပထမအပိုင်းအနေဖြင့် ဝယ်ယူသည့် အခါ ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၁၅၀၀၀ စသည်ဖြင့် တန်ကြေးနှင့်ဖျက်သည့် Package များ ဝယ်ယူပါကြောင်း၊ ထို Package များကို ဝယ်ယူသည့်အခါ သုံးစွဲသူများသည် Package အလိုက် ငွေကြေးတန်ဖိုးအလိုက် သုံးစွဲရလျှင် မျှတမှုရှိသည်ဟု ယူဆပါကြောင်း၊ သို့ရာတွင် ထို Package များ ၏ နောက်ကွယ်တွင် ထိန်းချုပ်ထားသည့် ရက်အကန့်အသတ်တစ်ခုကို ထည့်သွင်းလိုက်သည့်အခါ ပြဿနာတစ်ခုရှိလာပါကြောင်း၊ ဖုန်းသုံးစွဲစဉ်ကာလတွင် အော်ပရေတာများ စက်ပျက်စီးခြင်း၊ မီးမလာခြင်း၊ သို့မဟုတ် အကြောင်းတစ်မျိုးမျိုးနှင့် အင်တာနက်ကို သုံးမရတော့လျှင် သုံးစွဲသည့် ကာလ ၅ ရက်ဆို ၅ ရက်၊ တစ်ပတ်ဆို တစ်ပတ်၊ ၁၀ ရက်ဆို ၁၀ ရက် ကာလတွင် ဖုန်းပျက်သည့် ရက်များတွင်လည်း သုံးစွဲရပါကြောင်း၊ ထို့ကြောင့် သုံးစွဲသည့်ရက်များအတွက် နစ်နာမှုများဖြစ်ပါ ကြောင်း၊ အလားတူ WIFI သုံးစွဲရာတွင်လည်း တစ်လ တန်ဖိုး၊ ၂ လတန်ဖိုး၊ ၃ လတန်ဖိုးနှင့် သုံးစွဲခဲ့ရ ပါကြောင်း၊ လက်ရှိမိမိနေသည့်ဒေသတွင်လည်း အမြဲတမ်းလိုလို ၃ လ WIFI တစ်ခုကို ဝယ်ပြီးလျှင် တစ်ရက်စီ တွက်မည်ဆိုလျှင်င် တစ်လလောက်နီးပါး WIFI ပျက်တာနှင့် ကြုံခဲ့ရပါကြောင်း၊ သို့သော် ၃ လကြိုတင်ပေးထားသည့်အတွက် ထိုတစ်လစာကို မသုံးရဘဲ ငွေသွင်းထားသည့် ၃ လစာ အပေါ် ငွေသွင်းရသည့်အတွက် သုံးစွဲသည့်ပြည်သူများသည် တစ်လစာ နစ်နာမှုကို ခံစားနေရပါကြောင်း၊ ထို့ကြောင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာကုမ္ပဏီ သဘောတူစာချုပ်ချုပ်ဆိုသည့်အခါ နောက်ထပ်တိုးချဲ့သည့် WIFI နှင့်စပ်လျဉ်းသည့် စည်းမျဉ်း စည်းကမ်းများကို မည်သို့ချုပ်ဆိုသည်ကို ရှင်းလင်းဖြေကြားပေးပါရန်နှင့် WIFI ပြတ်တောက်မှု မရှိလျှင် ၎င်းပြတ်တောက်ချိန်များအစား Extension လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် သို့မဟုတ် ပြတ်တောက်ချိန်တွင် မသုံးစွဲရသည့် ငွေကြေးတန်ဖိုးကို ပြန်လည်ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ အစီအစဉ်ရှိလျှင် မည်သည့်အချိန်မည်သည့်ကာလတွင် လုပ်ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် က

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လိုသည့်ကုမ္ပဏီများကို စိစစ်ပြီး လုပ်ငန်းလိုင်စင်များ ချထားပေးကာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၃၂အရ လုပ်ငန်းလိုင်စင်ရရှိသည့် ဆက်သွယ်ရေးကုမ္ပဏီများသည် အမှန်တကယ် အသုံးပြုသူများနှင့် ချုပ်ဆိုနိုင်ရန် စာချုပ်ပုံစံသတ်မှတ်ထားရှိရန်၊ မှန်ကန်သည့် အသေးစိတ်ငွေတောင်းခံလွှာများ ပေးပို့ရန်၊ မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်ကို သတ်မှတ် ပေးရန်၊ ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှုအရည်အသွေးတို့ပါဝင်သော ဝန်ဆောင်မှု အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များကို ထုတ်ပြန်ထားရန်၊ ပုဂ္ဂိုလ်ရေးအချက် အလက်များနှင့် သတင်းအချက်အလက်လုံခြုံရေးတို့ကို ကာကွယ်ပေးမည့် အစီအစဉ်များအား စာဖြင့်ရေးသားဖော်ပြထားရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် အင်တာနက်လိုင်းပြတ်တောက်ချိန်များနှင့် စပ်လျဉ်း၍ အသုံးပြုသူများအနေဖြင့် ဆောင်ရွက်နိုင်မည့် အချက်များအား ရှင်းလင်း ဖြေကြားမည် ဖြစ်ပါကြောင်း၊ အသုံးပြုသူများအနေဖြင့် အင်တာနက်လိုင်းဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်ရထား သည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ဆောင်မှု အမျိုးအစားအလိုက် ရယူအသုံးပြုရမည်ဖြစ်ပါကြောင်း၊ အင်တာနက်လိုင်းပြတ်တောက်မှုဖြစ်ပေါ် ခဲ့ပါက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ပေးနိုင်ရေး သက်ဆိုင်ရာ ကုမ္ပဏီများသို့ အကြောင်းကြားသွားရမည်ဖြစ်ပါကြောင်း၊ အကယ်၍ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီများမှ သတ်မှတ်ထားသည့် ကာလအတွင်း ပြင်ဆင်ပေးခြင်းမရှိပါက အင်တာနက် လိုင်းပြတ်တောက်သည့် အချိန်ပေါ် မူတည်၍ သတ်မှတ်လျော်ကြေးငွေ ပြန်လည်ပေးဆောင်ရန် သို့မဟုတ် အင်တာနက်လိုင်း ပြတ်တောက်သည့် ကာလအတိုင်းအစားထိုးဝန်ဆောင်မှုပေးအပ်ရန် သက်ဆိုင်ရာ ကုမ္ပဏီများသို့ ညှိနှိုင်း တောင်းဆိုဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း။ 

ထိုကဲ့သို့ ညှိနှိုင်းတောင်းဆိုသော်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဖြည့်ဆည်းမှုမရှိပါက ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့လည်း တိုင်ကြားနိုင်ပါကြောင်း၊ အသုံးပြုသူများအနေဖြင့် တိုင်ကြားလာပါက ဌာနအနေနှင့် လုပ်ထုံးလုပ် နည်းများနှင့်အညီ စိစစ်ပြီးဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများကို သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်ပေးသွားရန် အကြောင်းကြားခြင်း၊ လိုက်နာမှု မရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၇ နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥဒေ ပုဒ်မ ၄၁၊ပုဒ်မခွဲ(က)အရ သတိပေးခြင်း၊ ဖောက်ဖျက်မှုအတွက် ပြန်လည်ပြင်ဆင်ရန်နှင့် နောင်ဖြစ်လာနိုင် သည့် ဖောက်ဖျက်မှုကိုတားဆီးရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ သက်ဆိုင်ရာဝင်ငွေ၏ ၅ ရာခိုင် နှုန်းအထိ ဒဏ်ငွေပေးဆောင်ရန်သတ်မှတ်ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်း ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းစသည့် အရေးယူမှုများဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။