ဦးတင်ထွေး(အုတ်ဖိုမဲဆန္ဒနယ်)
မကျီးပင်-ဗြန့်ကြီး-ကင်မွန်းခြုံ-ချောင်းနားမြေသားလမ်း ၃/၄ မိုင်အား အမာခံလမ်းအဖြစ် ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ မကျီးပင်အုပ်စုရှိ မကျီးပင်-ဗြန့်ကြီး-ကင်မွန်းခြုံ-ချောင်းနား(ရှေ့)စသည်အားဖြင့် မြေသား လမ်း ၃ မိုင်၊ ၄ ဖာလသည် ကျေးရွာ ၁၂ ရွာကို အခြေပြုပြီး အိမ်ခြေ ၉၀၀ ခန့်နှင့် လူဦးရေ ၄,၀၀၀ ကျော်ခန့် အဓိက အသုံးပြုနေရသော လမ်းကြီးဖြစ်ပြီး ဒေသခံပြည်သူများ အနေဖြင့် အဓိက သွားလာအသုံးပြုလျက်ရှိသည့် လမ်းလည်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် အုတ်ဖို- အုတ်ကျတ်ကုန်း ဖြတ်လမ်းနှင့် ဆက်သွယ်ထားသည့် လမ်းမကြီး ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် လယ်သမားများ၏ရာသီအလိုက် စိုက်ပျိုးသီးနှံ၊ ထုတ်ကုန်သီးနှံများနှင့် အဓိကသယ်ယူ ပို့ဆောင်လျက်ရှိသည့်လမ်းကြီးလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် ထိုလမ်းကို ပညာရေး၊ ကျန်းမာရေး ဆိုင်ရာအဓိကအသုံးပြုနေသည့်လမ်းဖြစ်ပြီး ပြည်သူများစုပေါင်းထည့်ဝင်ငွေနှင့် အလှူရှင်များ ထည့်ဝင်၍ ပြုပြင်နေရသည့် လမ်းမကြီးဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အုတ်ဖိုမြို့နယ်၊ မကျီးပင်အုပ်စု၊ မကျီးပင်-ဗြန့်ကြီး-ကင်မွန်းခြုံ-ချောင်းနား မြေသားလမ်း ၃ မိုင်၊ ၄ ဖာလုံကို အမာခံကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်းမေးမြန်းခဲ့ပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က
အုတ်ဖိုမြို့နယ်၊ မကျီးပင်အုပ်စု၊ မကျီးပင်-ဗြန့်ကြီး-ကင်မွန်းခြုံ-ချောင်းနားမြေသားလမ်း ၃ မိုင်၊ ၄ ဖာလုံဟာ ၁၂ ရွာ၊ အိမ်ခြေ ၉ဝဝ ခန့်၊ လူဦးရေ ၄,ဝဝဝ ခန့် အသုံးပြုလျက်ရှိသောလမ်းဖြစ်ပြီး ဒေသတောင်သူများ၏ ထုတ်ကုန်များ၊ ရာသီသီးနှံများ၊ သယ်ယူပို့ဆောင်ရာတွင် အဓိကကျသော ကုန်ထုတ်လမ်းဖြစ်ပါကြောင်း၊ အဆိုပါ မကျီးပင်-ဗြန့်ကြီး-ကင်မွန်းခြုံ-ချောင်းနား မြေသားလမ်း ၃ မိုင်၊ ၄ ဖာလုံကို အမာခံလမ်း အဖြစ်ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ မရှိကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ကြယ်ပွင့်ပြမေးခွန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပေါင်းစပ်ဖြေကြားသွားမည် ဖြစ်ပါ ကြောင်း။
မကျီးပင်- ဗြန့်ကြီး- ကင်မွန်းခြုံ- ချောင်းနား(ရှေ့) လမ်း ၀ မိုင် မှ ၁ မိုင်၊ ၃ ဖာလုံအထိ လမ်းအကျယ် ၁၄ ပေ ရှိပါကြောင်း၊ မကျီးပင်-ဗြန့်ကြီး-ကင်မွန်းခြုံ-ချောင်းနား(ရှေ့)လမ်း ၁ မိုင်၊ ၃ ဖာလုံမှ ၂ မိုင်၊ ၄ ဖာလုံအထိ လမ်းအကျယ် ၈ ပေခန့်ရှိပါကြောင်း၊ မကျီးပင်- ဗြန့်ကြီး-ကင်မွန်းခြုံ- ချောင်းနား(ရှေ့) လမ်း ၂ မိုင်၊ ၄ ဖာလုံမှ ၃ မိုင်၊ ၄ ဖာလုံအထိ လမ်းအကျယ် ၁၄ ပေ ရှိပါကြောင်း၊ အုတ်ဖိုမြို့နယ်၊ မကျီးပင်-ဗြန့်ကြီး-ကင်မွန်းခြုံ- ချောင်းနား(ရှေ့) လမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပြီး လမ်းအရှည် ၃ မိုင်၊ ၄ ဖာလုံရှိပြီး Class(B)အဆင့်ရှိအမာခံလမ်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ၃ လက်မထု ဂဝံခင်းခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင် ၀ မိုင် မှ ၁ မိုင်၊ ၃ ဖာလုံလမ်းပိုင်းနှင့် ၂ မိုင်၊ ၄ ဖာလုံမှ ၃ မိုင်၊ ၄ ဖာလုံထိ လမ်းပိုင်း၊ လမ်းအကျယ် ၁၄ ပေရှိသည့်လမ်းသည် အသင့်အတင့် ပျက်စီးလျက်ရှိပြီး ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွကမည်ဆိုလျှင် ရာသီ မရွေး သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၀ မိုင် မှ ၁ မိုင်၊ ၃ ဖာလုံထိ လမ်းပိုင်းနှင့် ၂ မိုင်၊ ၄ ဖာလုံ မှ ၃ မိုင်၊ ၄ ဖာလုံအထိ လမ်းကို အဆင်ပြေချောမောစွာသွားလာ နိုင်ရန်အတွက် ပြုပြင် ထိန်းသိမ်း ခြင်း လုပ်ငန်းများကို လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ကျန်အပိုင်း ၁ မိုင်၊ ၃ ဖာလုံမှ ၂ မိုင်၊ ၄ ဖာလုံအထိ ၈ ပေခန့်အကျယ်သာရှိသည့် အတွက် လမ်းတာဘောင်ချဲ့ခြင်းနှင့် အမာခံဂဝံလမ်း အဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအပေါ် အခြေခံ၍လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီတို့ပူးပေါင်းပြီး ကျေးရွာ၊ အိမ်ခြေ၊ ကျေးလက်နေ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊ လက်ရှိ လိုအပ်မှုတို့ကို ဦးစားပေးအလိုက် ရွေးချယ်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် လျာထား တင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီးမှ ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။