MY EN

(ဈ)- ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်)-မေးခွန်း

2026-06-19
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်)
မင်းလှမြို့နယ် သရက်တပင်တာဆုံ- စိန်ကန့်လန့်လမ်းမှ ပတ်တန်းကျေးရွာသို့ ဆက်သွယ်သည့်အရှည် ၈၇၅၂ ပေ၊ အကျယ် ၂၂ ပေ၊ အမြင့် ၃ ပေခွဲခန့်ရှိသော ဂဝံလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်သည် ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၄၄ စုရှိပြီး ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၆၆ အုပ်စုနှင့် ကျေးရွာပေါင်း ၂၄၆ ရွာဖြင့် ဖွဲ့စည်းထား သည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မင်းလှမြို့နယ်အတွင်းရှိ မိန်းလမ်းမကြီးများမှလွဲ၍ ကျေးရွာများနှင့် ဆက်သွယ်သည့် လမ်းအများစုသည် ဂဝံလမ်းများဖြစ်ကြပြီး ကိုယ်ထူကိုယ်ထဖြင့် ထိန်းသိမ်းပြင်ဆင် ဆောင်ရွက်ထားသည့် လမ်းများဖြစ်ပါကြောင်း။

ထိုလမ်းများထဲမှ ယခုတင်ပြသည့် သရက်တပင်တာဆုံ- စိန်ကန့်လန့်လမ်းမှ ပတ်တန်းကျေးရွာ သို့ ဆက်သွယ်သည့်လမ်းသည် ညောင်သုံးပင်ကျေးရွာအဆုံးထိ အရှည် ၈၇၅၂ ပေ၊ ပတ်တန်းကျေးရွာ အစထိဆိုလျှင် အရှည် ၁၁၅၅၀ ပေ၊  အကျယ် ၂၂ ပေ၊ အမြင့် ၃ ပေခွဲခန့်ရှိသည့် ဂဝံလမ်းအမျိုးအစား ဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းပြင်ဆင်ပြီး အသုံးပြုနေသည့် ကျေးရွာ ၅ ရွာတွင် မှီတင်းနေထိုင်ကြသည့် ဒေသခံပြည်သူများမှ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုကြ ပါကြောင်း၊ အဆိုပါလမ်းသည် မုက္ခာကျေးရွာ၊ တရော်ကုန်ကျေးရွာ၊ ပတ်တန်းကြီးကျေးရွာ၊ ပတ်တန်း လေးကျေးရွာနှင့် ညောင်သုံးပင်ကျေးရွာတို့မှ လူဦးရေ ၆၀၀၀ ခန့်သည် ပညာရေး၊ ကျန်းမာရေး၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နေ့စဉ်အသုံးပြုနေရသည့် လမ်းတစ်ခုဖြစ်ပါကြောင်း၊ တင်ပြပါလမ်းသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှစ၍ ဂဝံလမ်း အမျိုးအစားဖြင့် ရောက်ရှိနေပါကြောင်း၊ ထို့နောက် ၁၉၉၄ ခုနှစ်တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ဂဝံထပ် ပိုးလွှာခင်းခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ထိုလမ်းကို အသုံးပြုနေသည့် ကျေးရွာများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် စုပေါင်း၍ ဂဝံထပ်ပိုးလွှာများ အကြိမ်ကြိမ်ခင်းခြင်း၊ ပထမအကြိမ် လွှတ်တော် သက်တမ်းဖြစ်သည့် ၂၀၁၃ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၅၀ ဖြင့် ဂဝံထပ်ပိုးလွှာထပ်မံခင်းခြင်း၊ ၂၀၂၄ ခုနှစ်တွင် ကျေးရွာများရှိ မိဘပြည်သူများစုပေါင်း၍ ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ဂဝံမြေနှင့် ကျောက်စလစ်မြေရောနှောပါဝင်သည့် မာကျောကျစ်လစ်မှုအားကောင်း သော မြေဒေသအခေါ်အဝေါ် ကျောက်ပြုန်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ကျေးလက်လမ်းဦးစီးဌာန သတ်မှတ်ချက်များနှင့်အညီ အဆင့်မြှင်တင်ဆောင်ရွက်ရန် အသင့်အနေထားသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မင်းလှမြို့နယ် သရက်တပင်တာဆုံ- စိန်ကန့်လန့်လမ်းမှ ပတ်တန်းကျေးရွာသို့ ဆက်သွယ်သည့်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

မင်းလှမြို့နယ်၊ သရက်တပင် တာဆုံ-စိန်ကန့်လန့်လမ်းမှ ပတ်တန်းကျေးရွာသို့ဆက်သွယ်သည့် ညောင်သုံးပင်-ပတ်တန်း- မုက္ခာလမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းဖြစ်ပြီး တိုင်းဒေသကြီးမှစီမံခန့်ခွဲသည့် ပြည်ထောင်စုမှ ကြီးကြပ်ကွပ်ကဲ သော Class A အဆင့်ရှိသည့် အမာခံလမ်းဖြစ်ပါကြောင်း၊ ညောင်သုံးပင်-ပတ်တန်း-မုက္ခာလမ်းသည် အရှည် ၄ မိုင်မှ သရက်တပင် တာဆုံ-စိန်ကန့်လန့်လမ်းမှ ပတ်တန်းကျေးရွာအထိ ၂ မိုင် ၁.၅ ဖာလုံ ပါဝင်၍ လမ်း၏အခြေအနေမှာ ရာသီမရွေးသွားလာနိုင်သည့် အခြေအနေဖြစ်ပါကြောင်း၊ အဆိုပါလမ်း ၂ မိုင် ၁ ဖာလုံအား အကျယ် ၁၂ ပေ၊ ၇ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်မည်ဆိုလျှင် ငွေကျပ် ၂၄၂၉ သန်းခန့်ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၄၁၉ အိမ်၊ လူဦးရေ ၁၆၀၆ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း။

          သို့ဖြစ်ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာအပေါ်အခြေခံ၍ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပေါင်းစပ်ပြီး ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊ လက်ရှိ လိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားသွားမည် ဖြစ်ပြီး ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး၏ ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ လမ်းလွှာ အဆင့်ဆင့်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

မေးခွန်းအတွက် ပြည့်ပြည့်စုံစုံ ဖြေကြားသွားသည့်အပြင် လမ်းကို အလွှာလိုက် အဆင့်ဆင့် ဆောင်ရွက်ပေးမည်ဟု ဖြေကြားသည့်အတွက် ပြည်ထောင်စုဒုတိယဝန်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိယခုမေးမြန်းသည့်လမ်းကို စည်းလုံးညီညွတ်စွာနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ ထပ်ပိုးလွှာ များ အထပ်ထပ်ခင်းထားသည့် ကျေးရွာများမှရပ်မိရပ်ဖများနှင့် မိဘပြည်သူများမှ အစိုးရအဖွဲ့၏ အသိ အမှတ်ပြုပြီး လမ်းအဆင့်မြှင့်တင်ပေးမည့်အချိန်ကို ဝမ်းမြောက်ဂုဏ်ယူစွာနှင့် စောင့်မျှော်လျက်ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ ဌာန၏သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီနေသော အဆိုပါ ဂဝံအမာခံမြေသားလမ်း အား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် သို့မဟုတ် ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ဦးစားပေးထည့်သွင်း၍ ကျောက်ချောလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာသည် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လမ်းများကိုပြုလုပ်သည့်အခါ အချိန်တိုအတွင်း ကုန်ကျစရိတ်အသက်သာဆုံးနှင့် ကျေးလက်နေပြည်သူလူထု အသုံးပြု၍ရအောင် ၈၀ ရာခိုင်နှုန်း ရာသီမရွေးသုံးနိုင်သည့် လမ်းများ ဖြစ်အောင် ရည်မှန်းဆောင်ရွက်ခဲ့ပြီး လုပ်ဆောင်လျက်ရှိပါကြောင်း၊ ရာသီမရွေးသွားလာနိုင်ရန်အတွက် လက်ရှိလမ်းများကို ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရည်မှန်းချက်များအရ အချိန်တိုအတွင်း အချိန်မီပြီးနိုင်ရန်အတွက် လိုအပ်ပါကြောင်း၊ သို့ပါ၍ အချိန်မီ သွားလာနိုင်ရန်အတွက် လမ်းကို မြေသားလမ်း၊ ဂဝံလမ်း၊ ကျောက်ချောလမ်း စသည်ဖြင့် မဟာဗျူဟာ အဆင့်ဆင့်ကို ရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုရည်မှန်းချက်ကို ပြည့်နိုင်ရန်နှင့် ရာသီမရွေး သွားလာနိုင်သည့် လမ်းများမှ အဆင့်မြှင့်တင်သည့် ကွန်ကရစ်လမ်းများ၊ ဂဝံလမ်းများကို လိုအပ် သည့်အခါ ဆက်ပြီးဆောင်ရွက်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ ရန်ပုံငွေအကန့်အသတ်ရှိလျှင် မြေလမ်းမှ ဂဝံလမ်း၊ ကျောက်ချောလမ်းအဆင့်ကို အရင်မြှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ ပြီးလျှင် လမ်းအောက်ခံလွှာ ကျစ်လျစ်ခိုင်မာသွားပြီး ရန်ပုံငွေထပ်မံရရှိသည့်အခါ ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအထိ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  စောစောက တင်ပြသလို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ဘဏ္ဍာရေး ရရှိသည့်ငွေ ပေါ်မူတည်၍ လမ်းလွှာအဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။