ဦးကျော်မြင့်နိုင်(နောင်ချိုမဲဆန္ဒနယ်)
မြန်မာပြည်အနှံ့ တရားမဝင်အွန်လိုင်းစလော့ဂိမ်း လောင်းကစားပြန့်ပွားနေမှုကို မည်သို့တားဆီး နှိမ်နင်းရန် စီမံထားသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
အွန်လိုင်းစလော့ဂိမ်းလောင်းကစားသည် နေ့စဉ်အသုံးပြုနေသည့် Facebook၊ TikTok ၊ You Tube ၊ Telegram၊ Viber ၊ Message စသည့် Social Network များတွင် နေ့စဉ် ကြော်ငြာနေသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ဖုန်းတစ်လုံးတွင် မရှိမဖြစ် Application တစ်ခု ဖြစ်သည့် Play Store သို့မဟုတ် Link များမှတစ်ဆင့် Download ဆွဲယူ၍ E-money များနှင့် ငွေထည့်ဆော့ကစားရသည့် အွန်လိုင်း စလော့ဂိမ်းဖြစ်ပါကြောင်း၊ အွန်လိုင်း လောင်းကစား ပြုလုပ်၍ရသော Game Application တစ်ခုသည် အင်တာနက်အသုံးပြု၍ရသည့် မည်သည့် နေရာ တွင်မဆို ၂၄ နာရီပတ်လုံး Kpay၊ Wave Pay စသည့် Mobile Money Pay များဖြင့် ကျပ်ငွေ ၂၀၀၀ မှစ၍ အကန့်အသတ်မရှိ ထည့်သွင်းနိုင်ပြီး ၂ စက္ကန့်မှ ၃ စက္ကန့်အတွင်း လောင်းကြေး ငွေကျပ် ၅၀ မှ ၄၄,၀၀၀ ကျပ်အထိ ဆ အမျိုးမျိုးဖြင့် အလျော်အစား ဆော့ကစားခြင်း ပြုလုပ်နိုင်ပါကြောင်း၊ Game Application တစ်ခုတွင် အခန်း ၆၆ ခန်းရှိပြီး တစ်ခန်းတွင် ခုံ ၅၀၊ ခုံ ၁ ခုံကို လောင်းကစားလုပ်နိုင်သူ ၄ ဦး ဖြင့် လူပေါင်း ၁၃,၂၀၀ ဦးသည် မည်သည့်နေရာမှမဆို တစ်ပြိုင်တည်းဆော့ကစားနိုင်ပါကြောင်း၊ လူပေါင်း ၁၃,၂၀၀ ဦးသည် ၁၀ မိနစ် အတွင်း အနည်းဆုံးငွေကျပ် ၂,၀၀၀ လောင်းကြေးငွေထည့်ကစားရန် ၂၆၄ သိန်း အလျော်အစားရှိမည် ဖြစ်ပြီး ငွေကျပ် ၁၀,၀၀၀ ထည့်ကစားပါက ၁၃၂၀ သိန်း အလျော်အစား ရှိမည်ဖြစ်ပါကြောင်း၊ မိနစ် ပိုင်းအတွင်း နာရီပိုင်းအတွင်း လောင်းကစားပြုလုပ်နိုင်သည့် ပမာဏ ကို ဥပမာအနေဖြင့် တွက်ချက် ပြထားခြင်းဖြစ်ပြီး ၂၄ နာရီပတ်လုံး လည်ပတ်နေနိုင်ပြီး ဂိမ်း တစ်ခု၏ ထုထည်ပမာဏကြီးမားမှုကို စေ့စေ့တွေးကြည့်လျှင် ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါ ကြောင်း၊ အွန်လိုင်းစလော့ဂိမ်း လောင်းကစား သည် မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ကြိုတင် စီမံချက်ချ ဆောင်ရွက်ခဲ့သည့် မသမာမှုလုပ်ငန်း ဖြစ်ပြီး တည်ဆဲလောင်းကစားဥပဒေ၏ လိုအပ်ချက်ရှိမှုနှင့် ပြည်သူများဆင်ခြင်သုံးသပ်မှု အားနည်းမှု ကြောင့် မြန်မာနိုင်ငံအနှံ့ တောရော မြို့ပါမကျန် လျင်မြန်စွာ ပြန့်နှံ့နေပြီး လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး၊ နိုင်ငံ့ဝန်ထမ်း၊ လုပ်ငန်းရှင်နှင့် လက်လုပ်လက်စားများပါမကျန် ဆော့ကစားနေကြခြင်းတို့ ကြောင့် အကျင့်စရိုက် များ ပျက်ပြားပြီး ဒုစရိုက်မှုများဖြစ်ပေါ်လာခြင်း၊ မိသားစုပြိုကွဲခြင်း၊ တိုင်းပြည်၏ ကုန်ထုတ် စွမ်းအားနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ပြီး ငွေကြေးခဝါချခြင်း၊ ကုန်ပစ္စည်းများ ဈေးကစား ခြင်း ဆောင်ရွက်နိုင်သည့်အတွက် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် များစွာ အန္တရာယ်ကြီးမား ပါ ကြောင်း၊ ၎င်းအပြင် ၇-၅-၂၀၁၉ နေ့တွင် အသစ်ပြင်ဆင်ပြဋ္ဌာန်း လိုက်သည့် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၃ လောင်းကစား ဥပဒေပါ ကျူးလွန်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်သည် အနိမ့်ဆုံးဒဏ်ငွေ ၅၀,၀၀၀ ကျပ်မှ အမြင့်ဆုံးဒဏ်ငွေ ၁၀ သိန်းကျပ်ထိလည်းကောင်း၊ ထောင် ဒဏ် အနည်းဆုံး ၁ လမှ အများဆုံး ၅ နှစ်ထိလည်းကောင်း တွေ့ရှိရသည့်အတွက် အွန်လိုင်း လောင်းကစား လုပ်ငန်း၏ ကြီးမားကျယ်ပြန့်မှုနှင့်နှိုင်းယှဉ်လျှင် ကျူးလွန်သည့် ပြစ်မှုနှင့် ပြစ်ဒဏ် သည် လောင်းကစား ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိကြောင်း၊ ၎င်းအပြင် ၁၅-၆-၂၀၂၆ နေ့တွင် အမျိုးသား လွှတ်တော်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ပေးပို့သည့် အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉၈ နှင့်အညီ ပေးပို့လာ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှလည်း အကြမ်းဖျင်း စိစစ် ဖတ်ရှုပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အမှန်တကယ်တွင် ၎င်းအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းသည် ပြီးပြည့်စုံသည်ဟု ထင်ရသော်လည်း လိုအပ်ချက်များရှိပါကြောင်း၊ ထို့ကြောင့် အွန်လိုင်းလိမ်လည်မှုကျားဖြန့်ထက် လုပ်ငန်းကြီးမား ကျယ်ပြန့်သည့် တရားမဝင် အွန်လိုင်း စလော့ဂိမ်း လောင်းကစားပြန့်ပွားနေမှုကို အစိုးရအနေဖြင့် မည်သို့တားဆီးနှိမ်နင်းရန် စီမံထား ရှိကြောင်းကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို မြန်မာနိုင်ငံအတွင်း လုံးဝ အခြေ မပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ ၁၄-၅-၂၀၂၆ ရက်စွဲပါ အမိန့်အမှတ် (၅၃/၂၀၂၆) ဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီ ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒုတိယ ဥက္ကဋ္ဌ(၂) အဖြစ်လည်းကောင်း ပါဝင်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူးများအပါအဝင် ဆက်စပ်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများမှ အဖွဲ့ဝင် များအဖြစ် ပါဝင်ပြီး အဖွဲ့ဝင် ၁၈ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများ အမြစ်ပြတ်တိုက်ဖျက် နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အွန်လိုင်းလောင်းကစားမှုများကို ၂၀၁၄ ခုနှစ်၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(က)အရ လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဆိုက်ဘာလုံခြုံရေးဥပဒေပုဒ်မ ၇၁ အရလည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိပြီး အရေးယူဆောင်ရွက်မှုအခြေအနေသည် ၂၀၂၄ ခုနှစ်တွင် အမှု ၂၆ မှုမှ တရားခံ ၁၂၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် အမှု ၄၄ မှုမှ တရားခံ ၃၇၀ ဦး စုစုပေါင်း အမှု ၇ဝမှုမှ တရားခံ ၄၉၂ ဦးကို အရေးယူ ဆောင်ရွက်ခဲ့သည့်အပြင် ၂၀၂၆ ခုနှစ်တွင် အမှု ၁၀၂ မှုမှ တရားခံ ၁၅၂ ဦးကိုလည်း အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း။
ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေး အတွက် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ တရားမဝင် အွန်လိုင်းလောင်းကစား (Websites)များနှင့် Application links ၁၀၂ ခုကို အော်ပရေတာများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းဝင်ရောက် ကြည့်ရှု၍မရနိုင်စေရန် IP Block ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊၂၀၂၅ ခုနှစ်မှ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ လောင်းကစားနှင့် ဆက်စပ်လျက် ရှိသည့် Facebook, Telegram, Viber စသည့် Social Network ပလက်ဖောင်းများပေါ်တွင် Channel ၈၇၈ ခုနှင့် အကောင့် ၄၉၈ ခုတို့ကိုလည်း ပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ လောင်းကစားငွေ လွှဲပြောင်းမှုတွင် အဓိကအသုံးပြုနေသည့် Mobile Wallet များဖြစ်သော ဥပမာ KPay, Wave Payနှင့် AYAPay များကို တင်းကျပ်စွာ စောင့်ကြည့်လျက်ရှိပြီး ၂၀၂၅ခုနှစ်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ KBZ Pay Account ၁,၀၉၇ ခုနှင့် အခြား Bank Account ၁၀၄ ခုတို့ကို ပိတ်သိမ်း နိုင်ခဲ့ပါကြောင်း၊ တရား မဝင် ငွေစာရင်းများ ဖွင့်လှစ်ရာတွင် အသုံးပြုသည့် မှတ်ပုံတင် မထား သော SIM ကတ်များကို အပြီးတိုင် ပိတ်သိမ်းရန် ဆက်သွယ်ရေးအော်ပရေတာများကို တင်းကျပ်စွာ စီမံထားရှိပြီး အွန်လိုင်း လောင်းကစားမှုများ လျှော့ချစေရန်အတွက် အွန်လိုင်း လောင်းကစားမှုများမှပေးပို့သော SMS များ သည် ဖုန်းနံပါတ် ၆၀ ခုကို ၁ နာရီအတွင်း ဖြန့်ဝေပေးပို့လာပါက SMS Firewallတွင် အလိုအလျောက် ပိတ်သိမ်းသွားမည့် နည်းလမ်းများ၊ System တွင် ၂၄ နာရီအတွင်း မတူညီသောဖုန်းနံပါတ် ၁,၀၀၀ တို့အား တူညီသော စာသား များကို ဖုန်းနံပါတ်တစ်ခုတည်းမှ ပေးပို့လာပါက ပိတ်ပင်ခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ အချိန်အထိ မိုဘိုင်းဖုန်းနံပါတ် စုစုပေါင်း ၂၄၃,၄၀၉ ခုကို ပိတ်သိမ်း နိုင်ခဲ့ပါကြောင်း၊ Website၊ Social Media နှင့် SMS ဆိုင်ရာ လိမ်လည်လှည့်ဖြားမှုများအား သိရှိနိုင် စေရန်နှင့် သတိပြု ရှောင်ရှားနိုင်စေရန် အသိပေးကြေညာသည့် နည်းလမ်းများကိုလည်း ဆောင်ရွက် ထားရှိရာ မိုဘိုင်း ဆက်သွယ်ရေးအော်ပရေတာများသို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာနမှ ညွှန်ကြားဆောင်ရွက်ထားပြီးဖြစ်ကြောင်း။
မြေပြင်စီးနင်းရှာဖွေမှုနှင့် ဖမ်းဆီးနှိမ်နင်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအနေဖြင့် လောင်းကစားဂိမ်းဆိုင်များ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ ဗဟိုချက် အသွင်လုပ်ကိုင် နေသည့် ရုံးခန်းများကို သတင်းရယူပြီး ရှောင်တခင် ဝင်ရောက်စီးနင်းဖမ်းဆီးခြင်း၊ ငွေကြေးများ သိမ်းဆည်းခြင်း၊ အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများ အခြေစိုက်လေ့ရှိသည့် နယ်စပ် ဒေသ များတွင် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းပြီး နိုင်ငံဖြတ်ကျော်မှုခင်းနှိမ်နင်းရေး စီမံချက် များဖြင့် ဖမ်းဆီး ခြင်း၊ တရားခံ လွှဲပြောင်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အွန်လိုင်း လောင်းကစားမှုများကို တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အစဉ်တစိုက် ဆက်လက် ဆောင်ရွက်သွား မည့် အစီအမံများအနေနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးစင်တာကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တွင် ဖွဲ့စည်းထားရှိပြီး အွန်လိုင်းလောင်းကစား မှုနှင့် စပ်လျဉ်း၍ ရရှိလာသည့် ငွေကြေးစီးဆင်းမှုများကို ဆက်စပ်အသုံးပြုသည့်အကောင့်များနှင့် ပြစ်မှုကျူးလွန်ခဲ့သူများ၊ သတင်းအချက်အလက်မျှဝေခြင်းများ စသည့် လုပ်ငန်းများကို အခြားပြည်တွင်း/ ပြည်ပနိုင်ငံများမှ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် အချိန်နှင့် တစ်ပြေးညီ အချက်အလက်မျှဝေခြင်းများ ဆောင်ရွက် နိုင်ရန်အတွက် စီမံဆောင်ရွက်ခြင်း၊ သတင်း အချက်အလက်များကို အခြေပြု၍ ပြစ်မှုကျူးလွန် သူများအား ဖမ်းဆီးရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်သူ ကိုင်ဆောင် သည့် မိုလ်ဘိုင်းလ်ဖုန်းများအား အသုံးပြုခွင့် ပိတ်သိမ်းခြင်းကို စတင်စမ်းသပ် တပ်ဆင် ဆောင်ရွက်ခြင်း များကို စီမံ ဆောင်ရွက်ထားပါကြောင်း၊ ထို့အပြင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစား မှုများကို တရားဥပဒေနှင့်အညီ ပိုမိုထိရောက်စွာ အရေးယူ ဆောင်ရွက် နိုင်ရန်အတွက် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ (မူကြမ်း)ကို ၁၃-၅-၂၀၂၆ နေ့ သတင်းမီဒီယာများနှင့် ၁၄-၅-၂၀၂၆ နေ့တို့တွင် နိုင်ငံပိုင်သတင်းစာ များတွင် ပြည်သူလူထု သိရှိလေ့လာအကြံပြုနိုင်ရန်အတွက် ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း။
၂၅-၅-၂၀၂၆ နေ့ သတင်းမီဒီယာများနှင့် ၂၆-၅-၂၀၂၆ နေ့တို့တွင် နိုင်ငံပိုင်သတင်းစာများ တွင်လည်း ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍အကြံပြုချက်များပေးပို့လိုပါက ပေးပို့နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေ(မူကြမ်း)ကို အမျိုးသားလွှတ်တော်မှ ဆွေးနွေးနိုင်ရန်၃-၆-၂၀၂၆နေ့ တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဆိုတင်သွင်းခဲ့ပြီး ၁၂-၆-၂၀၂၆ နေ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက အတည်ပြုရန် အဆိုတင်သွင်းခဲ့ပြီး ဖြစ်ပါ ကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေး အတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပြည်တွင်း အင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် လျက် ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအနေဖြင့် အွန်လိုင်းလောင်းကစား မှုများကို နည်းလမ်းမျိုးစုံဖြင့် တားဆီးအရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ ပြန်လည်ဖြေကြားခဲ့ပါသည်။