ဦးဝင်းဌေး (လယ်ဝေးမဲဆန္ဒနယ်)
လယ်ဝေးမြို့နယ်ရှိ ကျေးရွာခွဲ ၂၆ ရွာသည် တရားမဝင်ကျေးရွာများကဲ့သို့ ဖြစ်နေပါသဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ တရားဝင်အမည်ပေါက်စာရင်းတွင် စိစစ်သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိသိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၇ အုပ်စု ရှိပြီး ကျေးရွာခွဲ ၂၆၁ ရွာရှိသော်လည်း မြေပြင်တွင် ကျေးရွာခွဲပေါင်း ၃၀၀ ကျော်ဖြစ်နေပါ ကြောင်း၊ ၎င်းကျေးရွာများအနက် ကျေးရွာခွဲ ၂၆ ရွာသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် တရားဝင် အမည်ပေါက်ကျေးရွာအဖြစ် သတ်မှတ်ပေးထားခြင်း မရှိသေးသည့်အတွက် တရားမဝင်ကျေးရွာ များကဲ့သို့ ဖြစ်နေပါကြောင်း၊ ၎င်းကျေးရွာများမှ ကျသောင်းတောင် ကျေးရွာအုပ်စုတွင် မြောင်သာ ကျေးရွာနှင့် ပဒေသာကျေးရွာ၊ ကျောက်တစ်လုံး ကျောင်းစုကျေးရွာအုပ်စု၌ လယ်ဇမြောင်ကျေးရွာ၊ ကုန်းသာကျေးရွာအုပ်စုတွင် ရှောက်ပင်ခုံကျေးရွာနှင့်ဆူးပုတ်ကျင်းကျေးရွာ၊ ချောင်းခွကျေးရွာအုပ်စုမှာ ကျားတက်တဲ စုကျေးရွာနှင့် ပိတောက်ငုတ်ကျေးရွာ၊ စွယ်တော်မျှောင်ကျေးရွာတွင် အေးချမ်းသာ ကျေးရွာ၊ ပိတောက်ချောင်ကျေးရွာအုပ်စုတွင် လေးကသိမ်းကျေးရွာ၊ ပင်သောင်ကျေးရွာအုပ်စုတွင် သာယာအေးကျေးရွာနှင့် ရွှေတိုက်တန်းကျေးရွာ၊ မဒေါ့ပင်ကျေးရွာအုပ်စုမှာ လယ်ဇမြောင်ကျေးရွာ၊ လယ်တာကြီးကျေးရွာအုပ်စုမှာ ပန်းညိုကျေးရွာနှင့် ဒိုးနွယ်လေးကျေးရွာ၊ ဝင်တဲကူးကျေးရွာ အုပ်စုမှာ ကတီကြီးကျေးရွာနှင့် မြောင်သာယာကျေးရွာ၊ မင်းပြင်ကျေးရွာအုပ်စုမှာ ဘိတ်မတဲစုကျေးရွာ နှင့် အင်ကြင်းမြိုင်ကျေးရွာ၊ ရဘိန်းကျေးရွာအုပ်စု၌ အောင်မင်္ဂလာကျေးရွာ၊ ဆပ်ပြာကျင်းကျေးရွာ နှင့် သာယာကုန်းကျေးရွာ၊ အောင်သာကျေးရွာအုပ်စုတွင် အောင်သပြေကျေးရွာ၊ ပေါက်မြိုင်ကျေးရွာ အုပ်စုတွင် သပြေအေးကျေးရွာ၊ အေးချမ်းသာကျေးရွာအုပ်စုမှာတွင် ရုံးပင်တဲစု ကျေးရွာနှင့် ရှားချောင်း ကျေးရွာအုပ်စုမှာ ကန်တော်မင်္ဂလာကျေးရွာ၊ သစ်ပုပ်ပင်ကျေးရွာအုပ်စုမှာ အောင်သီရိကျေးရွာများ ဖြစ်ပါကြောင်း၊ ၎င်းအမည်မပေါက်သေးသည့် ကျေးရွာ ၂၆ ရွာအား ပြည်ထဲရေးဝန်ကြီးဌာနမှ တရားဝင်အမည်ပေါက်ကျေးရွာများအဖြစ် စိစစ်သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
လယ်ဝေးမြို့နယ်တွင် ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၀ အုပ်စု၊ ကျေးရွာ ၂၈၇ ရွာ ရှိပါ ကြောင်း၊ ကိုယ်စားလှယ်တင်ပြထားသည့် ကျေးရွာ ၂၆ ရွာတွင် အိမ်ခြေ ၂,၀၆၀၊ အိမ်ထောင်စု ၂,၀၆၁ စု၊ လူဦးရေ ၈,၆၄၆ ဦးရှိပြီး ကျေးရွာအုပ်စု ၁၇ အုပ်စုအတွင်း ကျရောက်လျက်ရှိပြီး ပြည်ထဲရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့် ကျေးရွာအမည်မပေါက်သည်ကို တွေ့ရှိရပါကြောင်း၊ ကျေးရွာ ၂၆ ရွာရှိသည့်အနက် ၂၄ ရွာသည် သစ်တောမြေဖြစ်သည့် မင်းပြင် ကြိုးဝိုင်း၊ ရေနီကြိုးဝိုင်း၊ ရုံးပင်ကြိုးဝိုင်း၊ ပေါင်းလောင်းဆင်စာကြိုးဝိုင်း၊ ပလွေးကြိုးဝိုင်း စသော ကြိုးဝိုင်းများအတွင်း ကျရောက်လျက်ရှိပြီး ခန့်မှန်းဧရိယာ ၂၅၃ ဧကတည်ရှိပြီး ကျန်ကျေးရွာ ၂ ရွာ သည် မြေလွတ်မြေရိုင်း ခန့်မှန်းဧရိယာ ၂၉.၈၈ ဧကရှိသည့်အတွက် စုစုပေါင်းခန့်မှန်း ဧရိယာ ၂၈၂.၈၈ ဧက ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။
ကျသောင်းတောင်ကျေးရွာအုပ်စုရှိ ပဒေသာကျေးရွာသည် လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်း နှင့် ရေနီကြိုးဝိုင်းအတွင်းတွင်လည်းကောင်း၊ ကျသောင်းတောင်ကျေးရွာအုပ်စု၊ မြောင်သာကျေးရွာ၊ ချောင်းခွကျေးရွာအုပ်စု၊ ကျားတက်တဲစုကျေးရွာ၊ ပိတောက်ငုတ်ကျေးရွာ၊ မင်းပြင်ကျေးရွာအုပ်စု ဘိတ်မတဲစုကျေးရွာနှင့် အင်ကြင်းမြိုင်ကျေးရွာ ၅ ရွာသည် လယ်ဝေးမြို့နယ် မင်းပြင်ကြိုးဝိုင်း အတွင်း တွင်လည်းကောင်း၊ ကျောက်တစ်လုံးကျောင်းစုကျေးရွာအုပ်စု၊ လယ်ဇမြောင်(ခ)လယ်သမြောင် ကျေးရွာ၊ စွယ်တော်မျှောင်ကျေးရွာအုပ်စု၊ အေးချမ်းသာကျေးရွာ၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ လယ်ဇမြောင် ကျေးရွာ၊ ဝင်တဲကူးကျေးရွာအုပ်စု၊ ကတီကြီးကျေးရွာ၊ မြောင်သာယာကျေးရွာ ၅ ရွာသည် လယ်ဝေး မြို့နယ်၊ ရုံးပင်ကြိုးဝိုင်းအတွင်းတွင်လည်းကောင်း၊ ကုန်းသာကျေးရွာအုပ်စု၊ ရှောက်ပင်ခုံကျေးရွာ၊ ဆူးပုတ်ကျင်းကျေးရွာ၊ ရဘိန်းကျေးရွာအုပ်စု အောင်မင်္ဂလာကျေးရွာ၊ ဆပ်ပြာကျင်းကျေးရွာ၊ သာယာ ကုန်းကျေးရွာ၊ အောင်သာကျေးရွာအုပ်စု၊ အိမ်ခြေ ၂၀၊ (ခ) အောင်သပြေကျေးရွာ ၆ ရွာသည် လယ်ဝေးမြို့နယ် ရေနီကြိုးဝိုင်းအတွင်းတွင်လည်းကောင်း၊ ပိတောက်ချောင်ကျေးရွာအုပ်စု၊ လေးကသိမ်းကျေးရွာ၊ ပင်သောင်ကျေးရွာအုပ်စု၊ သာယာအေးကျေးရွာ၊ ရွှေတိုက်တန်းကျေးရွာ၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ ဗောဓိကုန်းတဲစု (ခ) သပြေအေးကျေးရွာ၊ အေးချမ်းသာကျေးရွာအုပ်စု၊ ရုံးပင်တဲစုကျေးရွာ ၅ ရွာသည် လယ်ဝေးမြို့နယ်၊ ပေါင်းလောင်းဆင်စာကြိုးဝိုင်းအတွင်းတွင် လည်းကောင်း၊ လယ်တာကြီးကျေးရွာအုပ်စု၊ ပန်းညိုကျေးရွာနှင့် ဒိုးနွယ်လေးကျေးရွာ ၂ ရွာသည် လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်းအတွင်းတွင်လည်းကောင်း ကျရောက်ပါသဖြင့် စုစုပေါင်းကျေးရွာ ၂၄ ရွာတွင် သစ်တောမြေ ခန့်မှန်းဧရိယာ ၂၅၃ ဧကရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။
အဆိုပါ သစ်တောမြေများအတွင်း ကျရောက်နေသည့် ကျေးရွာ ၂၄ ရွာကို ပြည်ထဲရေးဝန်ကြီး ဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသော ကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေး အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄၊ ပုဒ်မ ၂၈၄၊ ပုဒ်မခွဲ (ခ)တို့အရ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထောက်ခံပြီး နိုင်ငံတော်သမ္မထံတင်ပြပြီး ခွင့်ပြုချက် ရရှိပါက သစ်တောမြေမှ ပယ်ဖျက်နိုင်ရေး နေပြည်တော်ကောင်စီမှ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ညှိနှိုင်းပြီး သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရေးကို ကနဦး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပယ်ဖျက်မိန့်ရရှိပါက မြို့၊ ကျေးရွာတိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲပြုစု၍ မြို့နယ်/ခရိုင်/နေပြည်တော်အထွေထွအုပ်ချုပ်ရေး ဦးစီးဌာနတို့မှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြ၍ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြ ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ ကျန်ကျေးရွာ ၂ ရွာဖြစ်သော ရှားချောင်းကျေးရွာအုပ်စု၊ ကန်တော်မင်္ဂလာကျေးရွာသည် မြေရိုင်းမြေအမျိုးအစားဖြစ်ပြီး ခန့်မှန်းဧရိယာ ၂၁.၈၈ ဧကရှိပြီး သစ်ပုတ်ပင် ကျေးရွာအုပ်စု၊ အောင်သီရိကျေးရွာသည် တောရိုင်းမြေအမျိုးအစားဖြစ်ပြီး ခန့်မှန်းဧရိယာ ၈ ဧက ရှိပါသဖြင့် စုစု ပေါင်းမြေလွတ်မြေရိုင်းဧရိယာ ၂၉.၈၈ ဧကရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။
အဆိုပါမြေလွတ်မြေရိုင်းအတွင်းကျရောက်နေသည့် ကျေးရွာ ၂ ရွာအား ပြည်ထဲရေးဝန်ကြီး ဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သတ်မှတ်ထားသော ကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေး အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄၊ ပုဒ်မ ၂၈၄၊ ပုဒ်မခွဲ (ခ) တို့အရ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထောက်ခံပြီး နိုင်ငံတော်သမ္မထံတင်ပြပြီး ခွင့်ပြု ချက်ရရှိပါက ကျေးရွာမြေအဖြစ် အသုံးပြုခွင့်ရရှိနိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုမိန့်ရရှိပါက မြို့၊ ကျေးရွာ တိုးချဲ့ဖွဲ့စည်း ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲပြုစုပြီး မြို့နယ်/ခရိုင်/နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများမှတဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၊ ပြည်ထဲရေးဝန်ကြီး ဌာနသို့ တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသော ကျေးရွာများ အဖြစ် ဆောင်ရွက်လိုသည့် လယ်ဝေးမြို့နယ်ရှိ ကျေးရွာ ၂၆ ရွာအား ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ကျေးရွာမြေအဖြစ် အသုံးပြုနိုင်ရေးအတွက် သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်မိန့်၊ မြေလွတ်မြေရိုင်း အသုံးပြုခွင့် ခွင့်ပြုမိန့်များရရှိမှသာလျင် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသောကျေးရွာများအဖြစ် ဆက်လက် ဆောင်ရွက်ပေး သွားနိုင်မည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ ပေါင်းစပ် ဖြေကြားချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။