MY EN

(ဂ)- ဒေါ်သန်းသန်းအေး(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)-မေးခွန်း

2026-06-18
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်သန်းသန်းအေး(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)
လူမှုကွန်ရက်အမျိုးမျိုးအားအသုံးပြု၍ အကြမ်းဖက်ရန်လှုံ့ဆော်နေသူများနှင့် မမှန်သတင်းဖြန့်ချိ နေသူများကို ဖော်ထုတ်အရေးယူနိုင်ရန် သက်ဆိုင်ရာဌာနများအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် အနာဂတ်ဆောင်ရွက်မည့်အစီအစဉ်များ ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

ယနေ့ခေတ်၌ သတင်းအချက်အလက်များ၊ နည်းပညာများ တိုးတက်လာသည်နှင့်အတူ လူမှု ကွန်ရက်များဖြစ်သည့် Facebook, Telegram, Tit Tok အစရှိသည့် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြု၍ နိုင်ငံ၏အေးချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် လှုပ်ရှားမှု‌များ၊ မမှန်ကန် သည့် သတင်းအချက်အလက်များကို ဖြန့်ချိခြင်းများနှင့် အကြမ်းဖက် လုပ်ရပ်များကို လှုံ့ဆော် အားပေးသည့်        Content များ ပိုမိုများပြားလာပါကြောင်း၊ ယခုကဲ့သို့ လူမှုကွန်ရက်များမှတစ်ဆင့် နိုင်ငံတော်၏ဥပဒေ၊ အမိန့်အာဏာများ၊ ဂုဏ်သိက္ခာများ ထိခိုက်စေနိုင်သည့် လှုံ့ဆော်မှုများနှင့် မမှန် သတင်းများ ဖြန့်ချိခြင်းသည် ပြည်သူများအကြားတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အထင်မြင် လွဲမှားမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် အမှားကို အမှန်ဟု ထင်မြင်လာသည့် အနေအထားများလည်း ရှိပါကြောင်း၊ လူမှုအသိုင်းအဝိုင်း၏ တည်ငြိမ်အေးချမ်းရေးကိုလည်း ထိခိုက်ပျက်ပြားစေနိုင်ပါကြောင်း၊ ထို့ကြောင့် လူမှုကွန်ရက်များမှတစ်ဆင့် နိုင်ငံတော်ကို အကြမ်းဖက်ရန်အတွက် လှုံ့ဆော်နေသည့် သူများနှင့် မမှန်သတင်းများ ဖြန့်ချိနေသည့်သူများကို အချိန်မီဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူထိန်းသိမ်းနိုင်ရေးအတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း။

အကြမ်းဖက်ကိစ္စများကို လူမှုကွန်ရက်တင်ခြင်း၊ ဖြန့်ဝေခြင်း၊ အားပေးခြင်းများသည် နိုင်ငံ တော်အစိုးရကို အကြည်ညိုပျက်အောင် ပုတ်ခတ်ရေးသားခြင်း‌များ ဖြစ်ပါကြောင်း၊ ယခုလို ကျူးလွန် သည့်သူများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၌ အွန်လိုင်းပလက်ဖောင်းများကို စောင့်ကြည့်နိုင်သည့် Cyber Monitoring System များကို တည်ဆောက်ထားမှုရှိ မရှိ သိချင်ပါကြောင်း၊ နံပါတ် ၂ အနေဖြင့် Facebook, Telegram, TikTok စသည့် ပလက်ဖောင်းများမှ ပူးပေါင်း၍ အကြမ်းဖက် လှုံ့ဆော်မှုများ ကျူးလွန်ထားသည့် အကောင့်များနှင့် Content များကို ခြေရာခံခြင်းကိစ္စရပ်များကို ဆောင်ရွက်နေမှုရှိသည့် ကိစ္စကိုလည်း သိချင်ပါကြောင်း၊ ထိုကဲ့သို့ လှုံ့ဆော်မှု‌များကို ထိရောက်စွာ ဖော်ထုတ်နိုင်ရန်အတွက် ကျွမ်းကျင်သူများ အထူးတပ်ဖွဲ့များ ဖွဲ့စည်းပြီးပြီလား၊ တိုးချဲ့၍ ဖွဲ့စည်း ထားသလား၊ နဂိုမူလရှိသည့်အတိုင်း ထားရှိပါသလားဆို သိချင်ပါကြောင်း၊ ပြည်သူများအနေဖြင့် အွန်လိုင်းပေါ်တွင် တွေ့ရှိသည့် မမှန်သတင်းနှင့် အကြမ်းဖက်လှုံ့ဆော်မှုများကို တိုင်ကြားနိုင်သည့် Report System သို့မဟုတ် Hotline System တည်ဆောက် ထားမှု ရှိ၊ မရှိ သိချင်ပါကြောင်း၊ တကယ်၍ ရှိခဲ့ပါက ယခုထက်ပို၍ ဝါယမစိုက်ထုတ်၍ အနာဂတ်တွင် လူမှုကွန်ရက်များမှတစ်ဆင့် အကြမ်းဖက်လှုံ့ဆော်မှုများကို ပပျောက်၊ လျော့နည်းသွားစေချင်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာနှင့် ပိုက်စိပ်တိုက်ပြီး ဖော်ထုတ်အရေးယူဖမ်းဆီးနိုင်ရန်အတွက် တင်းကျပ်သည့် စီမံချက်များ၊ ဥပဒေများ၊ နည်းဥပဒေများ၊ နည်းပညာရပ်များနှင့် ပညာပေးလုပ်ငန်းများကို လက်ရှိထက်ပို၍ တိကျ ပြတ်သားစွာနှင့် ပညာပေးခြင်းများ၊ ပြစ်ဒဏ်ပေးရေးကိစ္စများကို မည်သို့ ဆက်လက်ဆောင်ရွက် သွားမည်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ အနာဂတ် တွင် ချမှတ်ဆောင်ရွက်မည့် စီမံချက်များ၊ အစီအစဉ်များ ရှင်းလင်းဖြေကြားပေးရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

အကြမ်းဖက်လုပ်ဆောင်မှုများ၏ တစ်စိတ်တစ်ဒေသဖြစ်သည့် အကြမ်းဖက်သွေးထိုးလှုံ့ဆော် မှုနှင့် တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲစေရန် လူမှုကွန်ရက်အမျိုးမျိုးအား အသုံးပြု၍ အကြမ်း ဖက်ရန်လှုံ့ဆော်နေသူများနှင့် နိုင်ငံ့ဂုဏ်သိက္ခာကျစေရန် မမှန်သတင်းများ ဖြန့်ချိနေသူများကို ၂၀၁၄ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀၊ ၅၂ နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တို့အရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ နှင့် ၅၂ တို့အရ အရေးယူဆောင်ရွက်မှုအဖြစ် ၂၀၂၄ ခုနှစ်အတွင်းတွင် အမှုပေါင်း ၅,၃၄၉ မှု မှ တရားခံ ၉,၃၁၂ ဦး အားလည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် အမှုပေါင်း ၅,၁၇၀ မှုမှ တရားခံ ၈,၄၃၅ ဦးအားလည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မေလအထိ အမှုပေါင်း ၁,၁၇၆ မှုမှ တရားခံ ၁,၇၅၀ ဦး အားလည်းကောင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အရေးယူမှုအဖြစ် ၂၀၂၄ ခုနှစ်တွင် အမှုပေါင်း ၉၇၄ မှုမှ တရားခံ ၁,၁၅၂ ဦးအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင်အမှုပေါင်း ၃၉၄ မှုမှ တရားခံ၆၁၆ ဦး အား လည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မေလအထိ အမှုပေါင်း ၈၄ မှုမှ တရားခံ ၁၀၄ ဦးအားလည်းကောင်း အရေးယူ ဆောင်ရွက်ခဲ့နိုင်ကြောင်း။

          အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များတင်ခြင်း၊ နိုင်ငံရေး အရ တိုက်ခိုက် ပြောဆိုမှုများကို ဥပဒေကြောင်းအရတားမြစ်နိုင်ရေး၊ ဖော်ထုတ်အရေးယူနိုင်ရေးတို့ အတွက် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံ ရေးအရ တိုက်ခိုက်ပြောဆိုခြင်းများအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေး ကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၈-၄-၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၃၁/၂၀၂၆) ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂)က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မှုခင်းရဲတပ်ဖွဲ့မှူးက တွဲဖက်အတွင်းရေးမှူး (၁)အဖြစ်လည်းကောင်း၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က တွဲဖက်အတွင်းရေးမှူး(၂) အဖြစ်လည်းကောင်း ပါဝင်သော အဖွဲ့ဝင် ၁၁ ဦး ဖြင့် ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါကြောင်း။

          ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် အတွင်းရေးမှူးရုံးအဖွဲ့၊ ၂၄ နာရီ စောင့်ကြည့်ရေးအဖွဲ့၊ တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရေးအဖွဲ့၊ တန်ပြန်ဆောင်ရွက်ရေးအဖွဲ့၊ တယ်လီဖုန်းနံပါတ်၊ ဘဏ်အကောင့်မှတ်တမ်းများရရှိရေးနှင့် ပိတ်သိမ်း ဆောင်ရွက်ရေးအဖွဲ့၊ ကန့်ကွက်စာ၊ အကြောင်းကြားစာများ ပေးပို့ဆောင်ရွက်ရေးအဖွဲ့၊ တည်ဆဲ ဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူနိုင်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ ဆောင်ရွက်နိုင်ခဲ့မှုများမှာ သတင်းတု၊ သတင်းမှားများတန်ပြန်ဆောင်ရွက်မှု ၂,၄၈၆ ခု၊ မဖွယ်မရာထုတ်လွှင့်မှုများနှင့်ပတ်သက်ပြီး တယ်လီ ဖုန်းနံပါတ် ၁,၃၈၇ ခုနှင့် ဘဏ်အကောင့် ၇၂၅ ခုတို့အား ပိတ်သိမ်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းများနှင့်စပ်လျဉ်း၍ အမှု ၁,၈၄၆ မှုအား ရေး/ဖွင့် ဆောင်ရွက်ခဲ့ပြီး ပြည်သူ ၉၇၉,၉၇၂ ဦးကို ၁၂,၇၇၈ ကြိမ် အသိပညာပေး ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊  အွန်လိုင်း ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက် ပြောဆို ခြင်းများအပေါ် ဥပဒေကြောင်းအရ တားမြစ်ဆောင်ရွက်နိုင်ရေး ကော်မတီအနေဖြင့် နည်းပညာ စောင့်ကြည့်စစ်ဆေးရေးကဏ္ဍ မြှင့်တင်ခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းမျဉ်း စည်းကမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် လူထုအသိပညာပေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ သတင်းမှန်ထုတ်ပြန်ရေးနှင့် မဟာဗျူဟာမြောက် ပြန်ကြားရေးလုပ်ငန်းစဉ်များကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း ။

          သို့ဖြစ်ပါ၍ အကြမ်းဖက်လုပ်ဆောင်မှုများ၏ တစ်စိတ်တစ်ဒေသဖြစ်သော အကြမ်းဖက် သွေးထိုးလှုံဆော်မှုနှင့် တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲစေရန် လူမှုကွန်ရက်အမျိုးမျိုးအား အသုံးပြု၍ အကြမ်းဖက်ရန်လှုံ့ဆော်နေသူများနှင့် နိုင်ငံ့ဂုဏ်သိက္ခာကျစေရန် မမှန်သတင်းများ ဖြန့်ချိ နေသူများကို တည်ဆဲဥပဒေများဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ် မရာတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုများအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူ ဆောင်ရွက်နိုင်ရေးကော်မတီအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာန/အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ၂၄ နာရီစောင့်ကြည့်ခြင်း၊ သတင်းတု၊ သတင်းမှားများကို စိစစ်၍ တန်ပြန်ဆောင်ရွက်ခြင်း၊ တယ်လီ ဖုန်းနံပါတ်နှင့် ဘဏ်အကောင့်မှတ်တမ်းများကို ပိတ်သိမ်းခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲ ဆိုအရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်များအရ ပြန်လည်ဖြေကြား ခဲ့ပါသည်။