ဦးဝင်းနိုင် (ပုသိမ်ကြီးမဲဆန္ဒနယ်)
တရားဥပဒေစိုးမိုးရေးအတွက် မူဝါဒများ၊ အစီအမံများ၊ သက်ဆိုင်ရာဌာနများအကြား ပူးပေါင်း ဆောင်ရွက်ခြင်း၊ လုံခြုံရေးစနစ်များတိုးမြှင့်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးပညာပေး ပြန်လည် ထူထောင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆောင်ရွက်ပေးခြင်းတို့နှင့်စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက်ပေးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် မြို့ပြနှင့်ကျေးလက်ဒေသတချို့၌ တရားဥပဒေစိုးမိုးရေးအားနည်းလာခြင်း၊ လုံခြုံရေးအခြေအနေမတည်ငြိမ်မှုများ ဖြစ်ပေါ်ခြင်းတို့ကြောင့် မူးယစ်ဆေးဝါးနှင့်ဆက်စပ် ရာဇဝတ် မှုများ ခိုးမှု၊ လုယက်မှုနှင့် အကြမ်းဖက်မှုများ တိုးပွားလာပါကြောင်း၊ ထိုကဲ့သို့ ဖြစ်ပေါ်နေသော အခြေ အနေများကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် နေ့စဉ်ဘဝလုံခြုံရေး အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာလျက်ရှိပါကြောင်း၊ ထို့အပြင် လူငယ်၊ လူရွယ်များအကြား မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် တိုးပွားလာသည့်အပေါ် လူမှုဘဝပျက်ဆီးမှုများ၊ ကျန်းမာရေးထိခိုက်မှု များနှင့် အလုပ်အကိုင် အခွင့်အလမ်းလျော့နည်းမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအပေါ် ထိခိုက်နိုင်မည့် အန္တရာယ်တစ်ရပ်ဖြစ်လာပါကြောင်း။
ပုသိမ်ကြီးမြို့နယ်နှင့် မန္တလေးမြို့တစ်ဝိုက်တွင် ခိုး၊ ဆိုး၊ လုယက်မှုများနှင့် အကြမ်းဖက်မှုများ မကြာခဏဖြစ်ပေါ်နေပါကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ပါ ခြိမ်းခြောက်လာသည့် အနေအထားထိ တွေ့မြင်နေရပါကြောင်း၊ ၈-၆-၂၀၂၆ ရက်နေ့တွင် မန္တလေးမြို့၌ အုပ်စုဖွဲ့ဆိုင်ကယ် လုသည့်အဖွဲ့ကို လုံခြုံရေးတပ်ဖွဲ့မှ နေ့ချင်းဖမ်းဆီးအရေးယူနိုင်သည့်အတွက် ကျေးဇူးအထူးတင်ပါ ကြောင်း၊ သို့သော် ထိုဟာသည် အဖြေမဟုတ်ပါကြောင်း၊ ယခုကဲ့သို့ ခိုး၊ ဆိုး၊ လုယက်၊ အကြမ်းဖက် မှုများ မဖြစ်ပေါ်ရန် ကြိုတင်ကာကွယ်ခြင်းနှင့် တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူ၊ အပြစ်ပေးရန် လိုပါကြောင်း။
သို့ဖြစ်ပါ၍ (၁) တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ပြန်လည်တိုးမြှင့်ရန်အတွက် မည်သို့သော မူဝါဒများ၊ အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်နည်း။ (၂) မူးယစ်ဆေးဝါးတားစီးနှိမ်နင်းရေးနှင့် ရာဇဝတ်မှုလျော့နည်းစေရန်အတွက် သက်ဆိုင်ရာဌာနများအကြား မည်သို့ပူးပေါင်းဆောင်ရွက်မည်နည်း၊ (၃) ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် လုံခြုံရေးစနစ်များ ဥပမာ- ရဲတပ်ဖွဲ့ကို တိုးချဲ့ချထားခြင်း၊ နယ်မြေစောင့်ကြပ်မှုတိုးမြှင့်ခြင်း၊ နည်းပညာအသုံးပြုလုံခြုံရေးစနစ်များကို မည်သို့ တိုးမြှင့်ဆောင်ရွက်ပေးမည်နည်း။ (၄) လူငယ်များ မူးယစ်ဆေးဝါးမှ ကင်းဝေးစေရန် ပညာပေး ပြန်လည် ထူထောင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးဆိုင်ရာ အစီအစဉ်များကို မည်သို့ဆောင်ရွက်သွားမည်နည်း၊ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများ လျော့နည်းစေရန်နှင့် လုံခြုံအေးချမ်းသော လူမှုဘဝတစ်ရပ် ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အစိုးရအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ပိုမို ထိရောက်သည့် အစီအမံများကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က
တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ပြန်လည်တိုးမြှင့်နိုင်ရန်နှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေရေးအတွက် မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ခရိုင်/ မြို့နယ်များ အတွင်း လှည့်ကင်း၊ ကင်းပုန်းဝပ်ခြင်းများဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မြို့ဝင်/ထွက် ဂိတ်များတွင် People Surveillance and Management System (PSMS) စနစ်နှင့် ဖမ်းဆီးပြီး ပြေး ၄ ပြေးများ ဖမ်းဆီးခြင်း၊ ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများနှင့် ထူးခြားဖြစ်စဉ်နှင့် မသင်္ကာဖွယ်ကိစ္စရပ် များနှင့်ပတ်သက်၍ သတင်းအချက်အလက်များရယူခြင်း၊ နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်များ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာရဲစခန်း၊ ရဲကင်းအလိုက် နယ်မြေအတွင်း လှည့်ကင်း၊ ရပ်ကင်း ဆောင်ရွက်ခြင်းများနှင့် နေ့ပိုင်း၊ ညပိုင်းကင်းလှည့်ဆောင်ရွက်ခြင်းများကို ပိုမိုတိုးမြှင့်၍ သံသယ ဖြစ်ဖွယ်လှုပ်ရှားမှုများကို အချိန်မီ တားဆီးနိုင်ရန် ဆောင်ရွက်ခြင်း၊ KTV၊ မိုတယ်၊ ဟိုတယ်နှင့် အင်းများတွင် တည်းခိုခန်းများကို စည်းကမ်းနှင့်အညီ ဖြစ်စေရန် ရှောင်တခင်စစ်ဆေးခြင်း၊ CCTV ကင်မရာများ၊ ဆက်သွယ်ရေးကွန်ရက်များနှင့်အညီ ခေတ်မီလုံခြုံရေးနည်းပညာများ အသုံးပြုပြီး လုံခြုံရေးစောင့်ကြည့်မှုများကို မြှင့်တင်ခြင်း၊ ဖြစ်ပွားလာနိုင်သည့် အရေးပေါ်အခြေအနေများကို အချိန်မီ တုံ့ပြန်နိုင်ရန်အတွက် ဆက်သွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးစနစ်များကို အဆင်သင့် ပြင်ဆင် ထားရှိပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
မူးယစ်ဆေးဝါးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သိုလှောင်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းများ ပြောင်းလဲမှုများအပေါ် သုံးသပ်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံချက် “Operation 42” ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ ၁-၄-၂၀၂၆ ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိရာ ၂၉-၅-၂၀၂၆ ရက်နေ့အထိ အမှုပေါင်း ၇၈၄ မှုမှ တရားခံပေါင်း ၁၁၄၅ ဦး၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၅၇ ဘီလီယံကျော်ခန့် ဖမ်းဆီးရမိခဲ့ပြီး စီမံချက်ကို ၃၁-၁၂-၂၀၂၆ ရက်နေ့အထိ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးအတွက် နယ်မြေရဲကင်းစခန်းများ ဖွင့်လှစ် ပြီး နယ်မြေအတွင်း ကင်းလှည့်စောင့်ရှောက်ခြင်း၊ ပြစ်မှုကျူးလွန်တတ်သူများ၊ အလားအလာရှိသူများ လူဆိုး၊ သူခိုးများစောင့်ကြပ်ထိန်းသိမ်းခြင်းနှင့် ဒုစရိုက်မှုများ နှိမ်နင်းခြင်း၊ ဒုစရိုက်မှုများ ပပျောက် အောင် ပညာပေးဟောပြောခြင်း၊ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးပြီး အမှုကို ခိုင်မာစွာ တည်ဆောက်တရားစွဲဆိုခြင်းနှင့် ထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်ရရှိစေရေး ဆောင်ရွက် ခြင်း စသည့် မှုခင်းကျဆင်းရေးလုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အချက်အချာကျသည့် နေရာများ၌ CCTV ကင်မရာ ၇၆၁ လုံးကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် CCTV ကင်မရာ ၃၉၂ လုံးကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် CCTV ကင်မရာ ၄၁၁ လုံးကိုလည်းကောင်း တပ်ဆင်ပြီး ၂၄ နာရီ စောင့်ကြည့်ခြင်းနှင့် ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ လုံခြုံရေးနှင့် အထောက်အကူဖြစ်စေရန် မှုခင်းများဖော်ထုတ်ဖမ်းဆီးရာတွင် အထောက်အကူရရှိနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း။
မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူလိုသည့် လူငယ်များအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခုကိုဖွင့်လှစ်ထားရှိ ပြီး စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများ၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းများ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိသည့်အပြင် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံ ပညာအထက်တန်းကျောင်းများတွင်လည်း မူးယစ်ဆေးဝါးအန္တရာယ် အသိပေး၊ ပညာပေးဟောပြောပွဲ များပြုလုပ်၍ ကျောင်းသူ၊ ကျောင်းသားများအား အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း။
ပြန်လည်ထူထောင်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ်ပြီး သင်တန်းဆင်း သင်တန်းသားများကို လည်း ပြန်လည်ထူထောင်ရေးဦးစီးဌာန၌ လစ်လပ်ရာထူးများတွင် ၎င်းတို့၏ ပညာအရည်အချင်းနှင့် လျှောက်ထားမှုအပေါ်မူတည်၍ ဝန်ထမ်းအဖြစ် ခန့်အပ်ပေးလျက်ရှိပြီး အခြားဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း ၂ ကျောင်းနှင့် လူငယ်သင်တန်း ကျောင်း ၈ ကျောင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို မူးယစ်ဆေးဝါးမှကင်းဝေးစေရန်၊ မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးပြီး မူးယစ်အမှုဖြင့် ရောက်ရှိလာသည့် ကလေးသူငယ်များကို အကျင့်စာရိတ္တကောင်းမွန်စေရေးအတွက် စောင့်ကြပ်ပြုပြင်ခြင်းနှင့် အသက် မွေးဝမ်းကျောင်းပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ မိတ်ဖက်ဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ ပြန်လည် ဖြေကြားခဲ့ပါသည်။