ဦးသိန်းပို(ညောင်ဦးမဲဆန္ဒနယ်)
ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စုရှိ တိမ်ကောလာနေသည့် ကမ္မကန်တော်ကြီးအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စုရှိ ကမ္မကန်တော်ကြီးသည် ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းဘေးရှိ ကန်ကြီးဖြစ်ပြီး ရှေးဘုရင် ပုဂံမင်းလက်ထက်ကတည် ဆောက်၊ ဆယ်ယူခဲ့သော ကန်ကြီးဖြစ်ကြောင်း၊ သဲနုန်းများ နှစ်စဉ် တိမ်ကောလာပါကြောင်း၊ ကန်ကြီး အား ပြန်လည်တူးဖော်ထားပြီး သဲနုန်းများနှင့်တိမ်ကောနေပြီး ပြန်လည်မဆယ်ယူခဲ့သည်မှာ ၁၇ နှစ်ခန့် ကြာမြင့်ပြီဖြစ်ပါကြောင်း၊ ရွာမြောက်ဘက်ရှိ ရွှေလှိုင်းချောင်းမှတစ်ဆင့် တစ်မိုင်ခန့်ကွာဝေးသည့် ချောင်းကြီးမှ ကန်ကြီးဆီသွယ်ပြီး ရေရရှိခြင်းဖြစ်ပါကြောင်း၊ မိမိတို့ငယ်ငယ်က ထိုကန်ကြီး ရေတိမ် ကောသွား၍ ရေခန်းခြောက်သွားပြီဆိုလျှင် ၃ မိုင်လောက်ရှိသည့် နေရာကို ရေပုံးထမ်းများ၊ လှည်းများဖြင့် သွားရောက်၍ သယ်ယူရပါကြောင်း၊ ထို့ကြောင့် ထိုကန်ကြီးကို ပြန်လည် တူးဖော် ပေးရန်အတွက် တင်ပြခြင်းဖြစ်ပါကြောင်း။
၎င်းကမ္မကန်တော်ကြီးသည် ဘုန်းတော်ကျေးရွာ၊ ထနောင်းစုကျေးရွာ၊ ကွမ်းဖလားကျေးရွာနှင့် ကျေးရွာရွာနီးချုပ်စပ်များမှ လူထုအင်အား ၄,၀၀၀ ကျော် မှီခိုသောက်သုံးနေရသော ကန်ကြီးဖြစ် ပါကြောင်း၊ ယခုနှစ်နွေရာသီ ၁၂ လပိုင်းကုန်တွင် ရေခန်းခြောက်သွားပါကြောင်း၊ ထို့ကြောင့် ရေပြတ်လပ်မှု အစောကြီးကြုံခဲ့ပါကြောင်း၊ အကယ်၍ ထိုကန်တော်ကြီးကို တူးဖော်ပေးမည်ဆိုလျှင် ကန်ကြီးမှ ၃ လပိုင်းလောက်ထိ သောက်သုံးရေရရှိမည်ဖြစ်သည့်အတွက် ဒေသခံများ၏ အကျိုးကိုရရှိ မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု တိမ်ကောနေသည့် ကမ္မကန်တော်ကြီးအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးအောင်ဇေယျ က
ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကျေးရွာ ကမ္မကန်တော်ကြီးသည် အေဒီ ၁၃ ရာစုခန့်က တူးဖော်ထားသောရှေးဟောင်းရေကန်ကြီးဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကမ္မကန်တော်ကြီး သဲစစ်ကန်တူးဖော်ခြင်း၊ ကန်အတွင်း သဲနုန်းတူးဖော်ခြင်းနှင့် ကန်ပေါင်အားဖြည့်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကန်ပေါင် အလျားက ၁၅၀၀ ပေ၊ အမြင့် ၂၅ ပေရှိပါကြောင်း။
ညောင်ဦးမြို့ရှိ ချောင်းများသည် သဲချောင်းများဖြစ်ပြီး ကမ္မကန်တော်ကြီးကို သဲနုန်းတူးဖော် ခြင်း မပြုလုပ်ခဲ့သည်မှာ နှစ်များစွာ ကြာမြင့်ပြီဖြစ်သည့်အတွက် ယခုအခါ ကမ္မကန်တော်ကြီး၏ ရေဝင်လမ်းကြောင်းတူးဖော်ခြင်း၊ သဲစစ်ကန်တူးဖော်ခြင်းနှင့် ကန်အတွင်း၌ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးပါက ဘုန်းတော်ရွာ၊ ကွမ်းဖလားရွာ၊ ထနောင်းစုရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ ၄ ရွာရှိ အိမ်ထောင်စု ၁,၃၈၀ စု၊ လူဦးရေ ၃၉၀၀ ဦးအတွက် သောက်သုံးရေ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် သောက်သုံး ရေရရှိ နိုင်မည်ဖြစ်သည့်အပြင် ဒေသစိမ်းလန်းစိုပြေခြင်းနှင့် မြေအောက်ရေ မြင့်တက်ခြင်းများလည်း အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကမ္မကန်တော်ကြီး၏ ရေဝင်လမ်းကြောင်းတူးဖော်ခြင်း၊ သဲစစ်ကန်တူးဖော်ခြင်းနှင့် ကန်အတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် အတွက် ဘဏ္ဍာနှစ်အလိုက် ခန့်မှန်းကုန်ကျစရိတ်အား တွက်ချက်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်း ဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေတွင် တင်ပြတောင်းခံပြီး လုပ်ငန်းများအား ဆောင်ရွက်ပေး မည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။