နောက်ဆုံးရသတင်းများ
MY EN

(ဂ)-ဒေါ်ဥမ္မာမို့မို့ဇော်(သဲကုန်းမဲဆန္ဒနယ်)-မေးခွန်း

2026-06-17
တတိယအကြိမ်
နေပြည်တော်ကောင်စီ
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ဥမ္မာမို့မို့ဇော်(သဲကုန်းမဲဆန္ဒနယ်)
သဲကုန်းမြို့နယ်အတွင်းရှိ အင်းမအင်းဧရိယာ ၆.၅ စတုရန်းမိုင် တိမ်ကောနေမှုအားတူး ဖော်ပေး နိုင်ခြင်း အစီအစဉ် ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်းနတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ အင်းမအင်းသည် အလျား ၇ မိုင်၊ အနံ ၂ မိုင်နှင့် ဧရိယာစတုရန်း မိုင် ၆.၅ ကျယ်ဝန်းပါကြောင်း၊ ယခုအခါ အင်းမ အင်း အတွင်း ဗေဒါများ၊ ဒိုက်များ ပိတ်ဆို့ခြင်း၊ အပင်များပေါက်ရောက်နေခြင်းကြောင့် မိုးများသည့်အခါ လယ်ယာမြေများ ရေကြီး၊ ရေလျှံခြင်းများဖြစ်ပေါ်နေ၍ တောင်သူများ များစွာ ဒုက္ခရောက်ကြနေကြကြောင်း၊ အင်းမ အင်းအတွင်းတွင်လည်း ငါးကန်များမွေးမြူခြင်းကြောင့် အင်းမှာ တဖြည်းဖြည်း တိမ်ကောလာခြင်း၊ ယခင်အစိုးရ အဆက်ဆက်တွင် တင်ပြတောင်းခံ သော် လည်း ဆောင်ရွက်မှုအားနည်းခြင်း၊ ယခုပြည်သူများ တောင်း ဆိုမှုကြောင့် အင်းမအင်း၊ မြစ်မခ အထက်ပိုင်းအား တူးဖော်ပေး နိုင်ရန် တင်ပြခြင်း ဖြစ်ပါကြောင်း။

          အင်းမ အင်းသည် သဲကုန်း မြို့နယ်၏အနောက်တောင်ဘက် အင်းမမြို့ အနီးတွင်တည်ရှိ ပါကြောင်း၊ အင်းမ အင်း တွင် ဂရန်အင်း ၂၇ အင်းရှိပြီး ယခင်ကနွေရာသီရေနည်းချိန်တွင် သဲအင်း များအဖြစ် ဒေသခံများမှလုပ်ကိုင်စားသောက်ကြသော်လည်း အင်းမ အင်းရေ ထိန်းစက် တည်ဆောက်ပြီးချိန်မှစ၍ အင်းမအင်းအတွင်း ငါးမွေးမြူရေး ကန်များအပြင် စပါး၊ ငါးစိုက်ပျိုး၊ မွေးမြူခြင်းများလည်း တိုးပွားခဲ့ပါကြောင်း၊ သဲကုန်းမြို့နယ်အတွင်း ချောင်းပေါင်းများစွာရှိပြီး ၎င်း ချောင်းများ အင်းမ အင်းအတွင်းသို့သာ စီးဝင်ပါကြောင်း၊ ယခင်က စက်လှေဖြင့် အင်းအတွင်း သို့သွားရသော်လည်း ယခုအခါ ဗေဒါများပိတ်ဆို့ နေ၍ စက်လှေပင်ဝင်၍မရကြောင်း၊  ၁၂--၂၀၂၆ ရက် နေ့ ညနေပိုင်းတွင် မိုးရေချိန် ၄ လက်မ ကျော် ရွာသွန်းမှုကြောင့် ချောင်းဘောင်များ ကျိုးကျ၍ ကျေးရွာများ၊ အိမ်ခြံမြေများ၊ လယ်ယာမြေများ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရပါကြောင်း။ 

          တောင်နဝင်းရေလှောင်တမံစီမံကိန်း တည်ဆောက်နေစဉ် ကာလအတွင်း တောင်သူများအား မိုးရေ သာ အားကိုး၍ သမားရိုးကျစိုက်ပျိုးခြင်းအား ဆည်ရေကိုအကျိုးရှိစွာသုံးစွဲသည့် နည်းစနစ်နှင့် ရေသွင်း ရေထုတ်နည်းစနစ်များအား အကျွမ်းဝင်တတ်မြောက်မှုရရှိစေရန်နှင့် စိုက်ပျိုးရေးနည်း စနစ်များ အကျွမ်းတဝင်ရရှိစေရန် ရည်ရွယ်၍ သဲကုန်းမြို့နယ်၊ အင်းမအင်းတွင် ရေထိန်းဆည် တစ်ခုကို ဂျပန်အစိုးရအကူအညီဖြင့် တည်ဆောက်လျက် ရေသွယ်မြောင်းတစ်ခုအဖြစ်သွယ်ယူပြီး ရေစုပ်စက်ရုံမှ တစ်ဆင့် Pump များဖြင့်စုပ်ယူ၍ လယ်မြေဧက၂၂၆၀ အား ရေပေးဝေစေခြင်းဖြင့် တောင်သူများအား ပညာပေးခဲ့ပါကြောင်း၊ ၁၉၈၇ ခုနှစ်၊ မတ်လတွင် လျှပ်စစ်ဓာတ်အား သွယ်တန်း ခွင့်ရရှိ၍  ပေါင်းတည် ဓာတ်အားခွဲရုံနှင့် အင်းမတပ်မြေသို့ သွယ်တန်းထားသော ဓာတ်အားလိုင်းမှ သွယ်တန်းပေးခဲ့ပါကြောင်း၊ တောင်သူများမှ လျှပ်စစ်ဓာတ်အားခများ ပေးသွင်းနိုင်မှုမရှိခြင်းနှင့် လျှပ်စစ်ဓာတ်အားပေးဌာနမှ လျှပ်စစ်ဓာတ်အား လုံလောက်စွာပေးပို့နိုင်မှုမရှိခြင်းတို့ကြောင့် အင်းမရေထိန်းဆည်မှ ရေပေးဝေခြင်း လုပ်ငန်း ၁၉၉၁ ခု၊ ၁၉၉၂ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ရပါကြောင်း၊ အင်းမ ရေထိန်းဆည်ကို ၂၀၀၅-၀၆ ခုနှစ်တွင် လက်ထောက်ညွှန်ကြားရေးမှူး ထိန်းသိမ်းရေးရုံး သဲကုန်း မြို့နယ် ဦးစီးအရာရှိရုံးမှ ဆက်လက် ထိန်းသိမ်းထားရှိပြီး စတင်တည်ဆောက်ပြီးခဲ့သည့် ၁၉၈၁-၈၂ ခုနှစ်မှစ၍ ၁၉၉၀-၉၁ ခုနှစ်ခန့်ထိ ရေပေးဝေရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အင်းမ ရေထိန်းဆည်မှ နှစ်စဉ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရေတံခါးကိုပိတ်၍ ရေသိုလှောင်ပြီး နောက် မေလကုန်တွင်ဖွင့်ပေးခဲ့ပါကြောင်း၊အင်းမ ရေထိန်းဆည်သည် အင်းမ အင်းအဆုံးတွင် တည်ဆောက်ထားရှိပြီး ဆည်ရေ သို့မဟုတ် အင်းရေအဖြစ် သီးနှံစိုက်ပျိုးသည့် ဧရိယာအား တိုက်ရိုက် ရေပေး၍မရနိုင်သဖြင့် ငါးကန်များ၊ စပါး၊ ငါးနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းတို့မှ  ၎င်းတို့အစီအစဉ်ဖြင့် ရေစုပ်တင်၍ လုပ်ကိုင်နေခဲ့ကြရပါကြောင်း။

          သဲကုန်းမြို့နယ်အတွင်းရှိ ရေစုပ်ထုတ်ချောင်းများအင်းမအတွင်းသို့စီးဝင်ပြီး အင်းမအင်း မှ တစ်ဆင့် မြစ်မခသို့ ဆက်လက်စီးဆင်းရာ ဧရာဝတီမြစ်အတွင်းသို့ ဝင်ရောက်သည့်အတွက် မိုးရာသီကာလ မိုးရေများသည့်နှစ်တွင် အင်းမအင်း အတွင်း ဗေဒါနှင့်ကိုင်းပင်များ ပိတ်ဆို့၍ ရေစီးဆင်းမှုကို အဟန့် အတားဖြစ်ပေါ်စေ၍ သဲကုန်းမြို့နယ်ရှိ စိုက်ခင်းဧရိယာများသို့ ရေဆန် တက်ပြီး ရေကြီးနစ်မြှုပ်မှုများ နှစ်စဉ်ပေါ်ပေါက်လျက်ရှိသည့်အတွက် အင်းမအင်းအတွင်းရေစီးဆင်း စေရန်အတွက် Back Hoe On Pontoon အသုံးပြု၍ ရေလမ်းကြောင်း တူးဖော်ခြင်း ပြုလုပ် သော်လည်း နှစ်စဉ်ရေကြီးမှုများဖြစ်ပေါ် လျက်ရှိပြီး အင်းမအင်းတူးဖော်ပေးရန် ရန်ပုံငွေ လုံလောက်မှုမရှိသည့်အတွက် နှစ်စဉ် ၂ မိုင်ခန့် တူးဖော်ပေးနိုင်ရန် ပြည်ထောင်စု အစိုးရ အနေဖြင့် ရန်ပုံငွေလုံလောက်စွာချမှတ်ပေးရန် အစီအစဉ်ရှိ /မရှိ ကို သိလိုပါ ကြောင်း မေးမြန်း ပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီဝင်၊ ကောင်စီဝင်၊ ဦးအောင်ဇေယျ

အင်းမ အင်းသည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၏ အနောက် တောင် ဘက် ၂.၅ မိုင်အကွာတွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် အလျား ၇ မိုင်၊ အနံ ၂ မိုင်နှင့် ဧရိယာ ၆.၅ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ အင်းမ အင်းအတွင်း ဂရံအင်း ၂၇ အင်းရှိပြီး ယခင်က နွေရာသီ ရေနည်းချိန်မှာ ပက်အင်းများအဖြစ် ဒေသခံများလုပ်ကိုင် စားသောက်ခဲ့ ကြပါ ကြောင်း။ 

သဲကုန်းမြို့နယ်အတွင်းရှိ ချောင်းများသည် အင်းမအင်းအတွင်းသို့စီးဝင်ပြီး အင်းမအင်းမှ တစ်ဆင့် မြစ်မခမြစ်သို့ ဆက်လက်စီးဆင်း၍ ဧရာဝတီမြစ်အတွင်းသို့ ဝင်ရောက်သည့်အတွက် မိုးရာသီ ကာလ မိုးရေချိန်များသည့်နှစ်များတွင် အင်းမ အင်းအတွင်း ဗေဒါနှင့်ကိုင်းပင်များပိတ်ဆို့၍ အင်း ရေစီး ဆင်းမှု အဟန့်အတားဖြစ်ပေါ်ပြီး စိုက်ခင်းဧရိယာများကို   ရေဆန်တက်ပြီး ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်လေ့ ရှိပါကြောင်း၊ အင်းမ အင်းအတွင်း အရှေ့ဘက်ပင်မ ရေလမ်းကြောင်း အလျား ၄.၇၉ မိုင်၊ အကျယ် ၇၅ ပေနှင့် အနောက်ဘက်ပင်မရေလမ်းကြောင်း အလျား ၂.၆၄ မိုင်၊ အကျယ် ၇၅ ပေရှိ ရေလမ်းကြောင်း ၂ ခုအား ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ရေလမ်းကြောင်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေး၊ ရေစီးရေလာ ကောင်းမွန် စေရေး နှင့် ရေကြီး နစ်မြုပ်မှုလျော့ပါးစေရေးအတွက် Back Hoe On Pontoon ဖြင့် ရေလမ်းကြောင်း တူးဖော်ခြင်း၊ ဗေဒါ၊ ဒိုက်ပင်များရှင်းလင်းခြင်းနှင့် ရေလမ်းကြောင်း နယ်နိမိတ် ငုတ်တိုင်များစိုက်ထူခြင်းတို့ကို ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး နှစ်စဉ်ဆောင်ရွက်ပေး လျက်ရှိပါ သည်။ ၂၀၂၅-၂၆  ဘဏ္ဍာရေးနှစ် တွင် အင်းမ အင်းအရှေ့ဘက်ပင်မရေလမ်းကြောင်း အလျား ၁.၁ မိုင်ကို Back Hoe On Pontoon ဖြင့် ရေလမ်းကြောင်းတူးဖော်ရှင်းလင်းခြင်းလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံ ငွေကျပ်သန်း ၆၀ ဖြင့် ရှင်းလင်းတူးဖော်ပေးခဲ့ပြီး လယ်မြေဧက ၂,၀၀၀ ခန့်အား မိုးရာသီ  ရေကြီး နစ်မြုပ်မှုမှကာကွယ်ပေးနိုင်ခဲ့ပါကြောင်း။

ယခုနှစ် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်တွင် အင်းမအင်းအရှေ့ဘက် ပင်မရေလမ်းကြောင်း ရှင်းလင်းတူးဖော်ခြင်းလုပ်ငန်း၊ အလျား ၁.၆ မိုင်အား Back Hoe On Pontoon ဖြင့် ရေလမ်းကြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၈၅ သန်း ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လယ်မြေဧက ၁,၅၀၀ ခန့်အား မိုးရာသီ ရေကြီး နစ်မြုပ်မှုမှကာကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အင်းမအင်း၏ ရေထိန်းတမံအောက်ပိုင်း မြစ်မ ခမြစ် မှာလည်း မြစ်ချောင်းကောက်ကွေ့ပြီး ရေထုတ်နုတ်မှုမကောင်းသဖြင့် မြစ်မခမြစ်ဝှမ်းနှင့် ဆက်စပ်ဒေသများတွင် ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ရေးအတွက် ၂၀၀၄ ခုနှစ်မှ  ၂၀၀၇ ခုနှစ် အတွင်း  ကွေ့အမှတ် () မှ ကွေ့အမှတ် (အထိ မြစ်မခချောင်းဖြောင့်ခြင်းလုပ်ငန်းကို ဌာနက ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သဲကုန်းမြို့နယ်အတွင်း မြစ်မခမြစ်သည် ၇.၂ မိုင် ရှည်လျားပြီး ယခုအခါ ၎င်းကွေ့များမှာ ပြန်လည်၍သောင်ထွန်းလာပါသဖြင့် လိုအပ်သော ချောင်းကွေ့ နေရာ များမှာ ချောင်း ဖြောင့်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အင်းမ အင်း အတွင်းတွင် စပါး၊ ငါး စိုက်ပျိုးဧရိယာ ၂,၂၅၆ ဧက၊ ဟင်းသီး ဟင်းရွက်စိုက်ပျိုးဧရိယာ ၂၄၅၀ ဧက နှင့် အင်းမ အင်းအတွင်း ရေစုပ်တင်အသုံးပြုနေသော ငါးမွေးမြူ ရေးကန်ပေါင်း  ၈၇၇ ကန်၊ ငါးမွေးမြူရေး ကန် ဧရိယာ ၄၂၉၃.၄၉ ဧက ရှိပါကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေးဧရိယာများ ရေလုံလောက်စွာ ရရှိစေ ရေး အတွက် အင်းမရေထိန်းဆည်မှ နှစ်စဉ် နိုဝင်ဘာလ()ရက်နေ့တွင် ရေထိန်း တံခါးပိတ်ပြီး ရေသို လှောင်ပြီးနောက် မေလအကုန်မှာ ပြန်လည်ဖွင့်လှစ်ပေးပါကြောင်း၊ ယခုလက်ရှိတွင် ရေထိန်းတံခါး ပေါက်များဖွင့်ထားပြီး ရေလမ်းကြောင်း တူးဖော်ရှင်းလင်းခြင်း ဆောင်ရွက်ပြီးစီးပါက ရေစီးရေလာ ကောင်းမွန်၍ အင်းမ အင်းအတွင်းသို့ စီးဝင်သော ချောင်းများ သို့ရေဆန်တက်ခြင်းနှင့် လယ်မြေများရေကြီးနစ်မြုပ်ခြင်းမှ လျော့ပါးသက်သာသွားမည် ဖြစ်ပါ ကြောင်း၊ သို့ပါ၍ အင်းမ အင်းတိမ်ကောနေမှု ကြောင့်လယ်ယာမြေများ နှစ်စဉ်ရေကြီး ရေလျှံမှုမှ ကင်းဝေးစေရေးအတွက် ရေစီးရေလာ ကောင်းမွန်စေရေး Back Hoe On Pontoon ဖြင့် အင်းမအင်းရေလမ်းကြောင်း တူးဖော်ရှင်းလင်းခြင်း လုပ်ငန်းအားနှစ်စဉ် ၂ မိုင်ခန့်တူးဖော်ပေးနိုင်ရေး ပြည်ထောင်စုမူလရန်ပုံငွေ ငွေလုံးငွေရင်းဖြင့် သော်လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေ ငွေလုံးငွေရင်းဖြင့်သော်လည်းကောင်း၊ နှစ်စဉ်ထည့်သွင်း တင်ပြတောင်းခံ၍ ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။