နောက်ဆုံးရသတင်းများ
MY EN

(ဃ)-ဒေါ်ခင်နီနီအောင်(ကော့ကရိတ်မဲဆန္ဒနယ်)-မေးခွန်း

2026-06-17
တတိယအကြိမ်
နေပြည်တော်ကောင်စီ
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ခင်နီနီအောင်(ကော့ကရိတ်မဲဆန္ဒနယ်)
ကော့ကရိတ်မြို့အဝင်လမ်းမကြီးဘေး State Land သတ်မှတ်မြေနေရာဖြစ်သည့် စည်ပင်ရုံးရှေ့ မျက်နှာချင်းဆိုင်လမ်းရှိ မြေကွက်လပ်ပေါ်တွင် ဌာနဆိုင်ရာစုပေါင်းရုံးနှင့် တွဲလျက် ဝန်ထမ်း အိမ်ရာ ပါ အဆောက်အဦအား ဆောက်လုပ်ပေးပါရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်း သည့် မေးခွန်း
ကော့ကရိတ်မြို့သည် ဘားအံ- ကျုံဒိုး-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီး ပေါ်တွင်ရှိပြီး ထိုင်း- မြန်မာ ကုန်စည်စီးဆင်းရာ လွယ်ကူသောလမ်းကြောင်းပေါ်တွင်တည်ရှိပြီး လမ်း၏ အချက် အချာကျသော နေရာတွင်တည်ရှိသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ပေါင်းစုံများပြားသည့်နယ်မြေတစ်ခု ဖြစ်ပါကြောင်း၊ ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးပေါ်ရှိ မြို့ အဝင်အဝတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ ဆောက်လုပ် ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးရုံး၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ ဆည်မြောင်း ဦးစီးဌာနရုံး၊ စက်မှုလယ်ယာရုံး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ်ရုံး၊ မိုးလေဝသရုံး များရှိပါကြောင်း၊ ယခင် ကော့ကရိတ်-မြဝတီ ကားလမ်းမကြီး လမ်းဟောင်းပေါ်ရှိမြို့အထွက်တွင် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၊ ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ခရိုင်နှင့်မြို့နယ် ဥပဒေရုံး၊ခရိုင်နှင့် မြို့နယ်တရားရုံး၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးရုံး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ရေးကော်မရှင်ရုံး၊ ခရိုင်နှင့်မြို့နယ်ကျေးလက် ဖွံဖြိုးရေးဦးစီးဌာနရုံး၊ ခရိုင်မီးသတ် စခန်းတို့ရုံးစိုက်ထားပြီး အမှတ် ၇ ရပ်ကွက် ပိတောက်လမ်းနှင့် ဗောဓိလမ်းဆုံတွင် ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံး၊ မြေစာရင်းဦးစီးဌာနရုံး၊ မြို့နယ်သမဝါယမ ဦးစီးဌာနရုံးများ ရုံးစိုက် ထားခြင်းဖြစ်ပါကြောင်း၊ ၂၇.၉.၂၀၂၃ခုနှစ် ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် အကြမ်းဖက် သောင်းကျန်းသူများသည် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံး အား မီးရှို့ ဖျက်ဆီးသွားသည့်အတွက် တစ်ရုံးလုံး မီးလောင်ကျွမ်းဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရပါကြောင်း။

          ထို့အတူ ၁.၁၂.၂၀၂၃ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့ အဝင်ရှိ ကြာပန်းအဝိုင်းမှဝင်ရောက်ပြီး တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ ဆည်မြောင်း ဦးစီးဌာန ရုံးများ မီးရှို့ဖျက်ဆီးခဲ့ကြပြီး မီးလောင်ဆုံးရှုံးမှုကြောင့် ရုံးနှစ်ရုံး ပျက်စီးဆုံးရှုံး ခဲ့ရပါ ကြောင်း၊ ကော့ကရိတ် မြို့အဝင်နှင့် မြို့အထွက်တွင် ဌာနဆိုင်ရာရုံးများ  သီးခြားရုံးစိုက်ထား သော်လည်း မြို့အထွက်တွင်ရုံးစိုက်ထားသောဌာနများမှာလူနေရပ်ကွက်နှင့်မနီးသောကြောင့် ဌာန ဆိုင်ရာ ဝန်ထမ်းများ ရုံးလုပ်ငန်းပြန်လည် လည်ပတ်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မြို့အဝင်လမ်းမကြီးဘေး State Land သတ်မှတ်မြေနေရာ ဖြစ်သည့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး မျက်နှာချင်းဆိုင်ရှိ မြေကွက်လပ် ပေါ်တွင်ဌာနဆိုင်ရာ ဝန်ထမ်းများ တစ်စု တစ်စည်း ထဲ ရုံးစိုက်ပြီးရုံးလုပ်ငန်းများ ဆောင်ရွက်ရန် ဌာနဆိုင်ရာစုပေါင်းရုံးတစ်ရုံး တည်ဆောက် ပေးမည်ဆိုပါက ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နေပြည်သူများ ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် အဆင်ပြေချောမွေ့လာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါမြေလွတ် State Land သတ်မှတ်ထားသည့်မြေပေါ်တွင် ဌာနဆိုင်ရာစုပေါင်းရုံးနှင့်တွဲလျက် ဝန်ထမ်းအိမ်ရာပါ အဆောက် အဦအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိ ကိုသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီဝင်၊ကောင်စီဝင်၊ ဦးဝင်းမိုးခိုင်က

ကော့ကရိတ်မြို့အဝင်လမ်းမကြီးဘေး၊ အမှတ် ၅ ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေးရုံး နှင့် မျက်နှာချင်းဆိုင်တွင် State Land အဖြစ် သတ်မှတ်ထားသည့် ကွင်းအမှတ် ၁၁(B) လှိုင်အလယ် ကွင်းရှိ ဦးပိုင်အမှတ် ၆၀ မြေဧရိယာ ၆ ဧက လမ်းမြေနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ဌာနအမည်ပေါက် အခမဲ့မြေလွှဲအမိန့်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်း ၆ ဧကအနက် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကော့ကရိတ် ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဌာနမှ ရုံးမြေနေရာအသုံးပြုရန် အတွက် မြေနေရာ ၀.၁၇ ဧက တောင်းခံထားသဖြင့် ပြည်ထောင်စုမှ သဘောတူညီပါက နိုင်ငံတော်သို့ ပြန်လည် အပ်နှံသွားရန် ၂၆-၂-၂၀၂၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် မြေယာကိစ္စများအား ကြိုတင်စိစစ်ရေးအဖွဲ့ အစည်းအဝေး (၃/၂၀၂၅) တွင် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ကော့ကရိတ်မြို့အဝင်လမ်းမကြီးဘေး၊ အမှတ် ၅ ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေးရုံးနှင့် မျက်နှာချင်းဆိုင်တွင် State Land အဖြစ် သတ်မှတ်ထားသော မြေနေရာ၌ စုပေါင်းရုံးနှင့် ဝန်ထမ်း အိမ်ရာအဆောက်အဦများ ဆောက်လုပ်ပေးမည်ဆိုပါက ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူလူထု အတွက် လုပ်ငန်းကိစ္စရပ်များနှင့်နေထိုင်ရေးကိစ္စရပ်များ ပိုမိုအဆင်ပြေသွားမည်ဖြစ်သဖြင့် မြေနေရာ အမည်ပေါက်ရရှိရေး၊ စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခွင့်ပြုနိုင်ရေးတို့အား ပြည်ထောင်စုအစိုးရအဖွဲ့၏  ခွင့်ပြုချက်ရယူပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာငွေဖြင့် ဆောက်လုပ် ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။