နောက်ဆုံးရသတင်းများ
MY EN

(င)-စိုင်းထွန်းစံ(ခ)စိုင်းဆေဟန်(လင်းခေးမဲဆန္ဒနယ်)-မေးခွန်း

2026-06-17
တတိယအကြိမ်
နယ်စပ်ရေးရာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

စိုင်းထွန်းစံ(ခ)စိုင်းဆေဟန်(လင်းခေးမဲဆန္ဒနယ်)
လင်းခေးမြို့မှ ဝမ်စစ်ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသည့် လမ်းပိုင်းအနက် သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း စံချိန်စံညွှန်းမပြည့်မီ သည့် ကွန်ကရစ်လမ်း ၁၁ မိုင်အား မည်သည့် ဘဏ္ဍာနှစ်တွင် အပြီးသတ်ဆောင်ရွက်ပေးနိုင်မည်ကို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၂-၁၉၇၂ ရက်စွဲပါ စာအမှတ် ၁၀၃ အရ လင်းခေးမြို့နယ်ကို မြို့နယ်အဖြစ် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ၂၀၀၄ ခုနှစ်တွင် လင်းခေးမြို့နယ်ကို ခရိုင်အဆင့် ထပ်မံပြီးတိုးမြှင့် ပေးခဲ့ပါကြောင်း၊ လင်းခေးမြို့နယ်သည် အရှေ့မှ အနောက်သို့ မိုင် ၄၀ ရှည်လျားပြီး မြောက်မှ တောင်သို့ ၆၀ မိုင်ရှည်လျားပါကြောင်း၊ လင်းခေးမြို့တွင် ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ကျေးရွာပေါင်း ၉၄ ရွာရှိပါ ကြောင်း၊ လူဦးရေအားဖြင့်ဆိုလျှင် ၅၀,၇၉၁ ဦးရှိပါကြောင်း၊ ဟွေလိတ်တံတားမှ ဝမ်စစ်ကျေးရွာ အုပ်စုသို့ ဆက်သွယ်ထားသော လမ်းအရှည် ၁၂ မိုင်ရှိပါကြောင်း၊ ၎င်းလမ်းများ၌ နောင်လုံ ကျေးရွာ အုပ်စု၊ ဝမ်စစ်ကျေးရွာအုပ်စုနှင့် ဟိုက်ကွေ့ကျေးရွာအုပ်စုဟူ၍ ၃ အုပ်စုရှိပါကြောင်း၊ ရွာပေါင်း ၁၉ ရွာ၊ အိမ်ခြေပေါင်း ၁,၁၂၂ အိမ်၊ လူဦးရေပေါင်း ၆,၄၂၂ ဦးရှိပြီး အဆိုပါလမ်းပိုင်းများကို လူမှုရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး၌ အသုံးပြုရာတွင် အလွန်အရေးပါသည့် လမ်းကြောင်းဖြစ်နေပါကြောင်း။

အဆိုပါလမ်းပိုင်းကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၁ မိုင်ခန့် ကတ္တရာလမ်းခင်းပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကွန်ကရစ်လမ်းကို နောက်ထပ် ၂ မိုင် ဆက်ခင်းပေးပါကြောင်း၊ တချို့နေရာများတွင် ကွန်ကရစ်လမ်းခင်းပြီး စံချိန်စံညွှန်းမပြည့်မီသဖြင့် လမ်းများပျက်စီးချိန်မတန်ဘဲ ပျက်စီးနေသည်ကို တွေ့မြင်နေရပါကြောင်း၊ တချို့သော လမ်းပိုင်းများသည် ကျောက်စရစ်လမ်းအဆင့်တွင် ရှိနေသေး သဖြင့် မိုးရာသီကာလတွင် လမ်းများ ရေတိုက်စားမှုဖြစ်သည့်အတွက် လမ်းများ ပျက်စီးခြင်း၊ ဝမ်စစ် ကျေးရွာအုပ်စုနှင့် ဟိုက်ကွေ့ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ မြို့ပေါ်သို့တက်ရောက်ရန်နှင့် လူမှုစီးပွားဘဝကိစ္စများ ဆောင်ရွက်ရန် များစွာ အခက်အခဲဖြစ်ပေါ်နေပါကြောင်း၊ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု အရမ်းနှောင့်နှေးနေသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထား‌သော ကျေးလက်နှင့်မြို့ပြ ကွာဟမှုလျှော့ချရေးမူဝါဒအရသော်လည်းကောင်း၊ ဒေသ ပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေး လွယ်ကူ ချောမွေ့စေရန်အတွက်သော်လည်းကောင်း အလွန်အရေးပါသော လမ်းကြောင်း ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိမေးမြန်းလိုသည်မှာ ကျန်ရှိနေသည့် လမ်းပိုင်းကို မည်သည့်ဘဏ္ဍာနှစ်ဘတ်ဂျက်တွင် အပြီးသတ် ဆောင်ရွက်ရန် အစီအ စဉ် ရှိ၊ မရှိမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ကျော်စွာဦး က

လင်းခေးမြို့နယ်၊ ဝမ်စစ်ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသည့်လမ်းပိုင်းသည် လင်းခေး- မိုင်းပန်ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိပြီး ဒါးဆိပ်ကျေးရွာမှ နောင်လုံ-ဝမ်စစ်-ဟိုက်ကွေ့ ကျေးရွာအုပ်စုများသို့ ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စု ၃ စု၊ ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၁,၁၂၂ အိမ်နှင့် လူဦးရေ ၆,၄၂၂ ဦးတို့ကို အကျိုးပြုကြောင်း ဦးစွာတင်ပြလိုပါကြောင်း၊ အဆိုပါလမ်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်နယ်ရန်ပုံငွေဖြင့်လည်းကောင်း၊ ကျောက်လမ်း ၈ မိုင်၊ ကျောက်လမ်းပြင်ထိန်း ၅ မိုင်၊ ကတ္တရာလမ်း ၃ မိုင် ၂.၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၂ မိုင်၊ တံတား ၃ စင်းနှင့် Box Culvert ၁၄ စင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နှစ်စဉ် လမ်းပြုပြင် ထိန်းသိမ်း ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့်လမ်း၏ တချို့သော အပိုင်းများသည် နှစ်ကာလကြာမြင့် လျက်ရှိပြီး တန်ပိုယာဉ်များ ဖြတ်သန်းသွားလာမှုများကြောင့် ကွန်ကရစ်လမ်းများနှင့် ကတ္တရာလမ်း များသည် လမ်းများပျက်စီးမှုများ ဖြစ်ပေါ်ရခြင်းဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် တင်ပြပါလမ်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေမှ ကတ္တရာလမ်း ၄ ဖာလုံ နှင့် ကွန်ကရစ်လမ်း၊ ကွန်ကရစ်တံတား ၂ စင်းတို့အား ခွင့်ပြုခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန်နှင့် တင်ဒါ ခေါ်ယူလျက်ရှိပါကြောင်းနှင့် ကျန်ရှိသော လမ်းပိုင်းများအား နိုင်ငံတော်၏ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ နှစ်စဉ် အပိုင်းလိုက် အဆိုပြုလျာထားပြီး အပြီးသတ်ဆောင်ရွက်ခြင်းနှင့် လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။