နောက်ဆုံးရသတင်းများ
MY EN

(ည)- ဦးစိုးကျော်နိုင်(ကျွန်းလှမဲဆန္ဒနယ်)-မေးခွန်း

2026-06-17
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုးကျော်နိုင်(ကျွန်းလှမဲဆန္ဒနယ်)
ကျွန်းလှမြို့နှင့် ကန့်ဘလူမြို့အပါအဝင် ၎င်းမြို့နယ်များအတွင်းရှိ ကျေးရွာများမှပြည်သူများ လျှပ်စစ်မီး မရရှိမှုကြောင့် ကြုံတွေ့နေရသောအခက်အခဲများကို လျင်မြန်စွာဖြေရှင်း ဆောင်ရွက် ပေးနိုင်ခြင်းရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကန့်ဘလူခရိုင်၊ ကျွန်းလှ မြို့နယ်သည် နိုင်ငံတော်အတွက် များစွာအကျိုးရှိသည့် သဖန်းဆိပ် ရေလှောင်တမံကြီးကို ၁၉၉၆ ခုနှစ် မှ စတင်တည်ဆောက်ခဲ့တာဖြစ်ပါကြောင်း၊အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံး ရေလှောင်တမံကြီးတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ သဖန်းဆိပ်ဆည်ကြီး တည်ဆောက် နိုင်ခဲ့၍ အကျိုးပြုမှုကို နိုင်ငံတော် အနေဖြင့် ကြည့်မည်ဆိုလျှင် မိုးစပါးဧက ၅ သိန်းကျော်နှင့် နွေစပါး၊ နှမ်း၊ ပဲမျိုးစုံ ဧက ၃၅၀,၀၀၀ ခန့်ကို စိုက်ပျိုးရေလုံလောက်စွာပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတော် အတွက် လိုအပ်လျက် ရှိသည့် လျှပ်စစ်ဓာတ်အားများကိုလည်း ၃၀ မဂ္ဂါဝပ်အထိ နေ့စဉ် ထုတ်ပေး နိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေ ထုတ်ပေးချိန်တွင် လျှပ်စစ်ဓာတ်အားပါရရှိအောင် ဆောင်ရွက်ခဲ့ ကြခြင်း ဖြစ် ကြောင်း၊ မိမိတို့ဒေသရှိ ပြည်သူများ သုံးစွဲ၍ပိုလျှံသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော် ဓာတ်အား ပေးစနစ်သို့ ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးရှိ ငှက်ပျောတိုင်းမဟာဓာတ်အားခွဲရုံထဲသို့ ထည့်သွင်း ၍ ထိုနိုင်ငံတော် ဓာတ်အားပေးစနစ်မှတစ်ဆင့် နိုင်ငံတော်၏အခြားလိုအပ်လျက်ရှိသော နေရာများသို့ ဓာတ်အားဖြန့်ဖြူးပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် များစွာအကျိုးရှိစေတာကြောင့် ထို အချိန် တွင် တာဝန်ရှိသူနိုင်ငံတော်အကြီးအကဲများမှ အမြော်အမြင်ကြီးမားစွာဖြင့် စီမံဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ တစ်ဘက်တွင်၎င်းဆည်တမံကြီးတည်ဆောက်မှုကြောင့် ကျွန်းလှမြို့အပါအဝင် ကျေးရွာ ပေါင်း ၇၈ ရွာခန့် ရွှေ့ပြောင်းခဲ့ကြပါကြောင်း၊ စိုက်ပျိုးမြေဧကပေါင်းများစွာလည်း ရေနစ်မြုပ်မှု ကိုခံခဲ့ ကြရပါ ကြောင်း၊ ဒေသခံပြည်သူများ၏ ထိုသို့အနစ်နာခံရွှေ့ပြောင်းပေးခဲ့ရသော်လည်း စိုက်ပျိုးရေ ကို အသုံးပြု၍ မရပါကြောင်း၊ လျှပ်စစ်မီးလည်း တချို့တစ်ဝက်သာရရှိခဲ့ကြပါကြောင်း၊ ထို့အတွက်ကြောင့် ပထမ ဒီမိုကရေစီ အစိုးရဟုဆိုရမည့် သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ်ကာလ ၂၀၁၀-၂၀၁၅ ခုနှစ်အတွင်းတွင် သဖန်းဆိပ်ဆည်ကြောင့် ရွှေ့ပြောင်းခဲ့ရပြီး ကျေးရွာများအားလုံးလျှပ်စစ်မီးလင်း ရေး ကို ဦးစားပေးဆောင်ရွက်စေခဲ့ပါကြောင်း၊ ထို့အတွက်ကြောင့်လည်း မိမိ တို့မြို့သူမြို့သားများ၊ နယ်သူ နယ်သားများအနေဖြင့် သမ္မတကြီးဦးသိန်းစိန်၏အစိုးရသစ်ကို ကျေးဇူးတင် ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ကြရပါကြောင်း၊ ယခုအချိန်တွင် အကြမ်းဖက်အဖွဲ့အစည်းများ၏တိုက်ခိုက်မှုကြောင့် ၁၉-၁၂-၂၀၂၅ ရက်နေ့မှ စ၍ သဖန်းဆိပ်ဆည်ကြီးမှာ အကြမ်းဖက်အဖွဲ့အစည်းများ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိ သွားပြီး စိုက်ပျိုးရေပေးဝေရေးနှင့် လျှပ်စစ်မီးထုတ်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရ သည်မှာ ၇ လခန့် ကြာမြင့်နေပြီဖြစ်ပါကြောင်း။

ပြီးခဲ့သည့်‌ နွေရာသီကာလတွင်လည်း နွေစပါးနှင့်နွေသီးနှံများ စိုက်ပျိုးရေမရရှိခဲ့ကြောင်း၊ ထို့ကြောင့် တောင်သူများမှာနစ်နာခဲ့ကြရပါကြောင်း၊ အကြမ်းဖက်သမားများမှာ ဆည်ရေကို ပိတ်လှောင် ထား၍ တရားမဝင်ရွှေဖောင်များကို အခွန်ကောက်ယူစေပြီး ယနေ့အချိန်ထိ တူးဖော် ဆောင်ရွက်နေခဲ့ ကြပါကြောင်း၊ ထို့ကြောင့် ဆည်ကြီးအတွက် လွန်စွာအန္တရာယ်ကြီးမားလှပါကြောင်း၊ ဆည်ကြီးအား ထိုသို့ အကြမ်းဖက်သမားများထိန်းချုပ်ထားမှုကို တပ်မတော်အနေဖြင့် ပြန်လည်ရရှိအောင် တိုက်ယူခဲ့ရာ တွင် ၂၇-၃-၂၀၂၆ ရက်နေ့၌ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ညတွင် ပြန်လည် ရယူ နိုင်ခဲ့ကြပါကြောင်း၊ ထို့အတွက်ကြောင့် (၈၁)နှစ်မြောက် တပ်မတော်နေ့၏ ဂုဏ်ပြုလက်ဆောင် ဆိုလည်း မမှားပါကြောင်း၊ တပ်မတော်ကိုလည်း မိမိတို့ နယ်မြေခံပြည်သူလူထုများမှ ကျေးဇူးတင် လျက်ရှိနေကြပါကြောင်း၊ ထိုသို့ ပြန်လည်သိမ်းယူပြီးသည့်နောက်တွင် စက်ရုံအတွင်းရှိ စက်ပစ္စည်းများ မှာ ပျက်စီးမှုများစွာရှိသည်ဟု ကြားသိရပါကြောင်း၊ ထို့ကြောင့်လည်း ပြင်ဆင်ရန်လိုအပ် လျက်ရှိသည့် ပစ္စည်းများကို သိရှိပြင်ဆင်နိုင်ရန် တာဝန်ရှိလျှပ်စစ်ဝန်ကြီးဌာနမှ ပညာရှင်များ လာရောက် စစ်ဆေး သွားသည်ကို ကြားသိရပါကြောင်း၊  ပြင်ဆင်စရာရှိတာများကိုလည်း မြန်ဆန်စွာပြင်ဆင်ပေး ကြလိမ့် မည်ဟု မိမိအပါအဝင် ကန့်ဘလူတစ်ခရိုင်လုံးတွင်ရှိသည့်  ပြည်သူများမှ ယုံကြည်မျှော်လင့် နေကြ ကြောင်း၊ လျှပ်စစ်မီးမရှိမှုကြောင့် သောက်သုံးရေအခက်အခဲများကြုံရပြီး ထိုအခက်အခဲများကို မီးစက် ငယ်များဖြင့် ဖြေရှင်းဆောင်ရွက်ရာတွင်လည်း လောင်စာဆီအခက်အခဲ၊ စက်သုံးဆီဈေးကြီးမြင့်မှု၊ မိသားစု ချက်ပြုတ်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရုံးဌာနကိစ္စရပ်များဆောင်ရွက်ရေး စသည့် အမျိုးမျိုးသောအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် မေးလိုသည့် မေးခွန်း မှာ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နှင့် ကန့်ဘလူမြို့အပါအဝင် ၎င်းမြို့နယ်များအတွင်းရှိကျေးရွာများ လျှပ်စစ်မီး အမြန်ပြန်လည်ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော်

သဖန်းဆိပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ ခရိုင်၊ ကျွန်းလှမြို့တွင် တည်ရှိ၍ တပ်ဆင်အင်အားအနေဖြင့် ၃၀ မဂ္ဂါဝပ်ရှိပါကြောင်း၊ သဖန်းဆိပ် ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ၂၀၀၂ ခုနှစ်မှစတင်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ သဖန်းဆိပ်ရေလှောင်တမံ စိုက်ပျိုးရေထုတ်လွှတ်ပေးခြင်းနှင့်အတူ ဓာတ်အား‌ပေးစက်များ မောင်းနှင်ပြီး ဓာတ်အားထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်ပါကြောင်း၊ ထွက်ရှိလာသည့်ဓာတ်အားများကို ၁၃၂/၃၃/၁၁ ကေဗွီ၊ ၄၅ အပ်ဗွီအေ ပင်မထရန်စဖော်မာတစ်လုံးဖြင့် ၁၃၂ ကေဗွီ သဖန်းဆိပ်- ငှက်ပျော တိုင်းမဟာဓာတ်အားလိုင်း မှတစ်ဆင့် ၁၃၂ ကေဗွီ ငှက်ပျောတိုင်းပင်မဓာတ်အားခွဲ မှတစ်ဆင့် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။

၁၃၂ ကေဗွီ သဖန်းဆိပ်-ငှက်ပျောတိုင်း မဟာဓာတ်အားလိုင်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ဖျက်ဆီးခံခဲ့ရသဖြင့် မဟာဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်နိုင်မှု မရှိ ဘဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစပြီး ဓာတ်အားပေးစက်များကို သီးခြားမောင်းနှင်၍ ၃၃ ကေဗွီ သဖန်းဆိပ်-ကန့်ဘလူဓာတ်အားလိုင်းဖြင့် ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့များကိုလည်းကောင်း၊ ၃၃ ကေဗွီ သဖန်းဆိပ်-လိပ်ဆင်းတောင်ဓာတ်အားလိုင်းဖြင့် စက်ရုံပတ်ဝန်းကျင်တွင် ရှိသည့် ကျေးရွာများ ကို လည်းကောင်း သီးခြားဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှစတင်၍ အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ နေ့အထိ ဓာတ်အားပေးစက်ရုံအတွင်းသို့ ဝင်ရောက်၍ ဓာတ်အားပေးစက်ရုံ၏ အစိတ် အပိုင်းများ၊ ဓာတ်အားခွဲရုံ (Switchyard)ထဲတွင် ရှိသည့်ဓာတ်အားလက်ခံ၊ ပို့လွှတ်သည့် စက်ပစ္စည်းများ၊ မီးလောင်ပျက်စီးအောင် ဆောင်ရွက်ခဲ့၍ စက်ရုံအောက်ဆုံးထပ်တွင် ရှိသည့် နေရာများလည်း ရေဝင် ရောက်နစ်မြုပ်ခြင်းတို့ဖြစ်ခဲ့ပါကြောင်း၊ ယခုအချိန်ထိ စက်များရပ်တန့်ပြီး ဓာတ်အားထုတ်လုပ်ပေးနိုင် ခြင်းမရှိသေးကြောင်း၊ နယ်မြေအခြေအနေအရဆိုလျှင် မေလတတိယပတ်မှစပြီးဌာနကျွမ်းကျင်ဝန်ထမ်း

များမှ သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင်ရှိသည့် အရေးပေါ် ဓာတ်အားပေးစက် မောင်းနှင်၍ ရေမြုပ်ပန့်များဖြင့် စက်ရုံထဲသို့ ဝင်ရောက်နေသည့် ရေများစုပ်ထုတ်ခြင်း၊ ပျက်စီး နေသည့် စက်ပစ္စည်းများကို ကနဦးစစ်ဆေးခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပျက်စီးဆုံးရှုံးမှု စာရင်း များရရှိသည့်အခတွင် လိုအပ်သည့်ပစ္စည်းများဝယ်ယူရေး၊ တပ်ဆင်ရေး၊ စမ်းသပ်ရေးများကို ဆောင်ရွက် ၍ မောင်းနှင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်များပြန်လည် မောင်းနှင် ဓာတ်အားထုတ်လွှတ်သည့်အချိန်တွင် ဓာတ်အားပေးစက်များကို သီးခြားမောင်းနှင်၍ ၃၃ ကေဗွီ သဖန်းဆိပ်-ကန့်ဘလူဓာတ်အားလိုင်းဖြင့် ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့များအားလည်းကောင်း၊ ၃၃ ကေဗွီ သဖန်းဆိပ်-လိပ်ဆင်းတောင် ဓာတ်အားလိုင်းဖြင့် စက်ရုံပတ်ဝန်းကျင်တွင်ရှိသည့် ကျေးရွာ များကို လည်းကောင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရေး စီမံ‌ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။