နောက်ဆုံးရသတင်းများ
MY EN

(ဋ)-ဦးမျိုး(ခ) ဦးမျိုးအောင်(ပြည်မဲဆန္ဒနယ်)-မေးခွန်း

2026-06-17
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးမျိုး(ခ) ဦးမျိုးအောင်(ပြည်မဲဆန္ဒနယ်)
ပြည်မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ခေတ်ကာလနှင့်ကိုက်ညီမှုမရှိသော လျှပ်စစ်ဓာတ်အား ပေးလိုင်း၊ ကြေးကြိုးများအား(TWO COVER) ရှိသော ကြိုးသစ်များဖြင့် မည်သည့်အချိန်တွင် အသစ် လဲလှယ်တပ်ဆင်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်မြို့နယ်အတွင်း အများပြည်သူသုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားပေးလိုင်းအချို့သည် ခေတ် ကာလကြာမြင့်စွာ (TWO COVER) မပါရှိသည့် ကြေးနန်းကြိုးများဖြင့် သွယ်တန်းထားရှိပြီး ရာသီ ဥတုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှု၊ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားသည်ကို သိရှိရပါကြောင်း ၊ သက်ဆိုင်ရာဌာနအနေဖြင့် (TWO COVER) ရှိသည့် လျှပ်စစ်ဓာတ် အား လိုင်းကြိုးအသစ် များလဲလှယ်တပ်ဆင်ပေးလျက်ရှိသော်လည်း ပြည်မြို့နယ် အတွင်းမှာ ခေတ် နှင့် ကိုက်ညီမှုမရှိသော လျှပ်စစ်ဓာတ်အားပေးလိုင်းကြေးကြိုးများ များစွာကျန်ရှိနေပါ ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ခေတ်ကာလနှင့် ကိုက်ညီမှု မရှိသော လျှပ်စစ်ဓာတ်အားပေးလိုင်း ကြေးကြိုးများကို (TWO COVER) ရှိသည့် ကြေးကြိုးသစ်များ ဖြင့် မည်သည့်အချိန်တွင် အသစ်လဲလှယ်တပ်ဆင်ပေးမည့် အစီအစဉ်ရှိ/ မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့နယ်အတွင်းမှာရှိသည်  ရပ်ကွက်/ကျေးရွာအုပ်စု များ အတွင်း တည်ဆောက် သွယ်တန်းထားသည့် ၄၀၀ဗို့ ဓာတ်အားလိုင်း ၂၃၀ မိုင်ခန့် ရှိသည့် အနက် ၈၀ မိုင်သည် Insulated Wire (ကာဗာကြိုးများ)ဖြင့် အစားထိုးလဲလှယ်တည်ဆောက်ခြင်း၊ အသစ် သွယ်တန်းခြင်းများ ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ ကျန်သည့်ကြေးကြိုး နံပါတ် ၄ နှင့် တည်ဆောက် ထားသည့် ၄၀၀ ဗို့ဓာတ်အားလိုင်း၁၁၉ မိုင်တွင် လက်ရှိဝန်အားနိုင်နင်းပြီး လျှပ်စစ်စီးဆင်းမှုကောင်းမွန်သည့် အတွက် လတ်တလောအစားထိုးလဲလှယ်ရန် မလိုအပ်သည် ကိုတွေ့ရှိရပါကြောင်း၊  ကျန်ရှိသည့်  ကြေးကြိုးဖြစ်သည့်  နံပါတ် ၆ နှင့် နံပါတ်၈တို့ တည်ဆောက် ထားသည့် ၄၀၀ဗို့ ဓာတ်အားလိုင်း ၃၁ မိုင်သည် သက်တမ်းကြာမြင့်ပြီး ကြိုးအရွယ်အစား သေးငယ်သည့် အတွက်ကြောင့် ဓာတ်အားသုံးစွဲ သူများအနေဖြင့် ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက်  Insulated Wire (ကာဗာကြိုး)များဖြင့် အစားထိုး လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ Insulated Wire (ကာဗာကြိုး)များဖြင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ နီးစပ်ရာငွေလုံးငွေရင်းရန်ပုံငွေတွင် ဘဏ္ဍာနှစ်အလိုက်၊ အပိုင်းအလိုက် ထည့်သွင်း လျာထားတင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် နှစ်စဉ်ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။