ဦးတင်ထွန်းလွင်(ကလေးဝမဲဆန္ဒနယ်)
ညောင်ပင်ကြီး-ဂန့်ဂေါ-ကလေးမဟာဓာတ်အားလိုင်းမှတစ်ဆင့်ကလေးဝ-မော်လိုက်အထိ ရရှိနေ သော လျှပ်စစ်ဓာတ်အားလိုင်းများ ဖျက်ဆီးခံရ၍ ပြတ်တောက်လျက်ရှိပါသည်။ ဓာတ်အားလိုင်း ပြုပြင်ရေးနှင့် အဟာဓာတ်အားလိုင်း ပြန်လည်တပ်ဆင်နိုင်ရေးကို ဦးစားပေးစီစဉ် ဆောင်ရွက်နိုင် ရေး ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကလေးဝမြို့၊ ကလေးမြို့၊ မော်လိုက် မြို့နယ်များအတွက် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိလျှင် ညောင်ပင်ကြီး-ဂန့်ဂေါ-ကလေး မဟာ ဓာတ်အားလိုင်းမှတစ်ဆင့် ကလေးဝ၊ မော်လိုက် အထိ ရရှိနေသော လျှပ်စစ်ဓာတ်အားလိုင်းများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစ၍ အကြမ်းဖက်သောင်းကြမ်းသူများ၏ တိုက်ခိုက် ဖျက်ဆီးခံရ၍ ပြတ်တောက် လျက်ရှိ နေပါကြောင်း၊ ၎င်းဓာတ်အားလိုင်းကောင်းမွန်စဉ်ကာလ က ကလေး မြို့နယ်၊ ကလေးဝမြို့နယ်၊ မော်လိုက်မြို့နယ်တို့မှ ပြည်သူများမှာ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်များ ရရှိခဲ့ကြပါကြောင်း၊ လျှပ်စစ် ဓာတ်အားလိုင်း ပြုပြင်ရေးတွင် အမျိုးမျိုးသော အဖျက်အဆီးများကြောင့် နှစ်ချီကြာမြင့်နေပါ၍ မဟာဓာတ်အားလိုင်း ပြန်လည်တပ်ဆင်နိုင်ရေးကို အထက်ဖော်ပြပါမြို့နယ်များရှိ မဲဆန္ဒရှင်မိဘ ပြည်သူများမှ မျှော်လင့်တောင်းတနေကြပါကြောင်း၊ မဟာဓာတ်အားလိုင်းပြန်လည်တပ်ဆင်နိုင်ရေး ကို ဦးစားပေးအစီအစဉ်ဖြင့် အလျှင်အမြန်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ၊ အစီအစဉ်ရှိပါက မည်သည့် အချိန်၊ မည်သည့်ကာလ၊ မည်သည့်ဘဏ္ဍာနှစ်တွင် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါသဖြင့် မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော်
ကလေးဝမြို့နယ်ကို ၂၃၀ ကေဗွီ ညောင်ပင်ကြီး၊ ချောင်းကူးဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ ချောင်းကူးဓာတ်အားခွဲရုံမှာ ဓာတ်အားလက်ခံ၍ ဒီဓာတ်အားခွဲရုံမှတစ်ဆင့် ၆၆ ကေဗွီ ချောင်းကူး-ဂန့်ဂေါ-ကလေး-ကလေးဝဓာတ်အားလိုင်းဖြင့် ချိတ်ဆက် ၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေး ထားပါကြောင်း။
၂၀၂၅ ခုနှစ်၊ ဖောဖော်ရီလ ၁၄ ရက်နေ့ မှစ၍၆၆ ကေဗွီ ဂန့်ဂေါ၊ ကလေးဓာတ်အားလိုင်း သည် ကမ္ဘာနီတံတားအနီးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွား၍ ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ၂၃၀ ကေဗွီ ညောင်ပင်ကြီး၊ ချောင်းကူး ဓာတ်အား လိုင်းသည် အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် ၁၆ တိုင်ကျော် ပြိုလဲသည်ကို ကနဦးသတင်းရရှိခဲ့ပြီး အဆိုပါဓာတ်အားလိုင်းသည် ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့ နယ် နှင့် ပေါက်မြို့နယ်များကို ဖြတ်သန်းတည်ဆောက်ထားရှိ သည့်ဓာတ်အားလိုင်းဖြစ်ပါကြောင်း။
အဆိုပါ ဓာတ်အားလိုင်းသည် အရေးပေါ်အခြေအနေကြေညာထားသည့် မြိုင်မြို့နယ်နှင့် ပေါက် မြို့နယ်များကို ဖြတ်သန်းတည်ရှိနေပါကြောင်းနှင့် ဓာတ်အားလိုင်း ပြန်လည်ပြုပြင်နိုင်ရေး အတွက် လိုအပ်သည့် ဓာတ်အားလိုင်းတာဝါတိုင်များနှင့် ဆက်စပ်ပစ္စည်းများကိုပခုက္ကူမြို့သို့ ပို့ဆောင်ထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါနယ်မြေအခြေအနေအပေါ်မူတည်၍ ထိုဓာတ်အားလိုင်း ပြန်လည် တည်ဆောက် ရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။