နောက်ဆုံးရသတင်းများ
MY EN

(က)- ဦးခင်မောင်ဌေး (ပျဉ်းမနားမဲဆန္ဒနယ်)-မေးခွန်း

2026-06-15
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးခင်မောင်ဌေး (ပျဉ်းမနားမဲဆန္ဒနယ်)
ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်းတောင်ပေါ်ဒေသတွင် ဒေသခံတိုင်းရင်းသားတောင်သူများ စိုက်ပျိုးလျက် ရှိကြသည့် ကော်ဖီနှင့်လက်ဖက်စိုက်ခင်းများအား စီမံချက်ချမှတ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ပုံစံ ရရှိရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပျဉ်းမနားမြို့၏ အရှေ့ဘက်အခြမ်းဒေသသည် ရှမ်းရိုးမတောင်တန်းနှင့်ဆက်စပ်လျက်ရှိပြီး သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေကာအေးမြသည့် ရာသီဥတုရှိပါကြောင်း၊ ခုနစ်ဆင့်ရေတံခွန်နှင့်  တိမ်ပင်လယ်များလည်း ရှိနေပါကြောင်း၊ တောင်ပေါ်ဒေသမှာ ကျေးရွာအုပ်စု ၇ အုပ်စုရှိပြီး ကျေးရွာ ပေါင်း ၄၉ ရွာရှိပါကြောင်း၊ အဆိုပါဒေသတွင် ဒေသခံတိုင်းရင်းသားများဖြစ်သည့် ပအိုဝ်း၊  ကရင်၊ ကယား တိုင်းရင်းသားများ အများစု နေထိုင်ကြပြီး ကော်ဖီ၊ လက်ဖက်၊ ငှက်ပျော၊ ကွမ်း၊ ဖာလာ၊ နနွင်း၊ ငရုတ်ပင်များ အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါကြောင်း၊ အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသ တွင် ရှိသည့် ကျေးရွာများအနက် မြသီတာ၊ ပဒက်ချောင်း၊ ဝေသာလီ၊ နားလွင်စန်း ကျေးရွာများတွင် ရှိကြသည့် တိုင်းရင်းသားများ အနေဖြင့် ဒေသနှင့်ကိုက်ညီပြီး စီးပွားရေးတွက်ခြေကိုက်သည့် ကော်ဖီ နှင့် လက်ဖက်ပင်များကို အဓိက အားထားပြီးစိုက်ပျိုးလျက်ရှိကြပါကြောင်း၊ လက်ရှိ ကော်ဖီပင်စိုက် ဧကမှာ ၄၁၈ ဧကနှင့် လက်ဖက်ပင် စိုက်ဧက ၄၆၃ ဧကစိုက်ပျိုး၊ လုပ်ကိုင်လျက်ရှိပြီး ဒေသခံ တောင်သူများ စိုက်ပျိုးနေကြသည့် ကော်ဖီနှင့်လက်ဖက်စိုက်ခင်းများ အနေဖြင့် တရားဝင်လယ်ယာ လုပ်ကိုင်ခွင့် လက်မှတ်မရရှိသေးသည့်အတွက် စိုးရိမ်သောကရောက်နေကြပါကြောင်း၊ လယ်ယာ မြေ လုပ်ပိုင်ခွင့်လက်မှတ်လက်ဝယ်ရရှိမည်ဆိုပါကကော်ဖီနှင့်လက်ဖက်ပင်များကို ယခုထက်မက ဧကများတိုးချဲ့ စိုက်ပျိုးလာကြမည်ဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများ သာမက စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များပါ ၎င်းကော်ဖီနှင့်လက်ဖက်ပင်များကို တိုးချဲ့ စိုက်ပျိုး လာကြမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် ပျဉ်းမနားမြို့၏အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသ သည် ယခုထက်မကလမ်းပန်းဆက်သွယ်ရေးပိုမို ကောင်းမွန်လာပါက နေပြည်တော်ဒေသ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များပါ ဆောင်ရွက်နိုင်တော့မည့် အခွင့်အလမ်းများလည်း ဖြစ်ပေါ်လာနိုင်တော့မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပျဉ်းမနားမြို့ အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသ တွင် ဒေသခံတိုင်းရင်းသားများစိုက်ပျိုးလျက်ရှိကြသည့် ကော်ဖီနှင့် လက်ဖက်စိုက်ခင်းများအား စီမံ ချက်ချမှတ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ /မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲတင့်ထွန်း

ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်းတောင်ပေါ်ဒေသတွင် ကျေးရွာအုပ်စု ၇ အုပ်စုရှိပြီး သစ်တွန့် ကျေးရွာအုပ်စု၊ မဲပေါက်ကျေးရွာအုပ်စု၊ ဘန့်ဘားကျေးရွာအုပ်စု၊ ကိုးတစ်ကျေးရွာအုပ်စု၊ ဘို့မ ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာအုပ်စုနှင့် ပြည်ထောင်ကိုးကျေးရွာအုပ်စုများဖြစ်ပြီး ကျေးရွာ ပေါင်း ၅၉ ရွာရှိပါကြောင်း၊ အဆိုပါကျေးရွာအုပ်စု ၇ စုအနက်မှ သစ်တွန့်၊ မဲပေါက်၊ ဘန့်ဘားနှင့် ပြည်ထောင်ကိုးစသည့် ကျေးရွာအုပ်စု ၄ စုတွင် တောင်သူ ၂,၆၂၁ ဦး၊ ဦးပိုင်ပေါင်း ၂,၆၂၁ ခု၊ လယ်ယာမြေဧရိယာ ၆,၇၆၁ ဧကအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ ၇ များ ထုတ်ပေး ထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါတောင်ပေါ်ဒေသရှိ ကျေးရွာအုပ်စု ၇ စုနှင့် ဘို့မကျေးရွာအုပ်စုမှအပ ကျေးရွာအုပ်စု ၆ စုမှာ ဒေသခံတိုင်းရင်းသားတောင်သူ ၁၁၉ ဦးမှ ဦးပိုင်ပေါင်း ၁၁၉ ခု၊ ဧရိယာ ၄၄၈ ဧကပေါ် မှာ ကော်ဖီသီးနှံများ စိုက်ပျိုးလျက်ရှိပါကြောင်း၊ ၎င်းကော်ဖီမျိုးများမှာ အာရေးဗီးကား ကော်ဖီနှင့် ရိုဘတ်စတာကော်ဖီမျိုးများ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကျေးရွာအုပ်စု ၇ ခု အတွင်းမှာ ဒေသခံတောင်သူ ၂၂၃ ဦးမှ ဦးပိုင်ပေါင်း ၂၂၃ ခု၊ ဧရိယာ ၁,၅၄၂ ဧက တို့မှာလည်း လက်ဖက်သီးနှံများ စိုက်ပျိုးထားသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကော်ဖီနှင့် လက်ဖက် စိုက်ဧရိယာများက ဥယျာဉ်မြေမျိုးကြီးပေါ်တွင် စိုက်ပျိုးထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါတောင်ပေါ် ဒေသတွင် ကရင်၊ ပလောင်၊ ရှမ်း၊ ပအိုဝ်း၊ ကယန်းစသည့် တိုင်းရင်းသားလူမျိုးများနေထိုင်ကြပြီး ၎င်းတို့၏ ဥယျာဉ်ခြံမြေပေါ်များတွင် စိုက်ပျိုးထားရှိသည့် ကော်ဖီ၊ လက်ဖက်နှင့် အခြား နှစ်ရှည်ပင်စိုက် ဧရိယာများပေါ်တွင် နှစ်စဉ်မြေခွန်စည်းကြပ်လျက်ရှိပြီး မြို့နယ်စိုက်ဧရိယာ စာရင်းမှာလည်း ကော်ဖီ၊ လက်ဖက်စိုက်ဧကများ ပါဝင်လျက်ရှိပါကြောင်း။

          လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ရရှိရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များတွင် ဖြန့်ဝေထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာပုံစံ ၁ များကို ဒေသခံ တိုင်းရင်းသားများမှ သက်ဆိုင်ရာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးများတွင် အခမဲ့ရယူပြီး ပြည့်စုံစွာ ဖြည့်စွက်လျှောက်ထား ရမှာဖြစ်ပါကြောင်း၊ အဆိုပါလျှောက်လွှာပုံစံ ၁ ဖြင့် လျှောက်ထားလာမှု အပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ သက်ဆိုင်ရာ ကျေးရွာ အုပ်စု၊ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့များမှ စိစစ်ဆောင်ရွက်ပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့သို့ တင်ပြရမှာဖြစ်ပါကြောင်း၊ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ စိစစ် ထောက်ခံချက်ဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ထံ တင်ပြရမည်ဖြစ်ပါကြောင်း၊ ခရိုင် လယ်ယာ မြေစီမံခန့်ခွဲရေးအဖွဲ့၏ အတည်ပြုခွင့်ပြုချက်ရရှိပါက မြို့နယ် စီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ များ ထုတ်ပေးခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တောင်ပေါ်ဒေသရှိ ဒေသခံတိုင်းရင်းသားများမှ ၎င်းတို့၏စိုက်ပျိုးမြေများနှင့်စပ်လျဉ်းပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာ ပုံစံ ၁ တွင် ပြည့်စုံ စွာဖြည့်စွက်၍ လျှောက်ထားလာမှုအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှစိစစ်၍ ကိုက်ညီမှုရှိပါက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုပုံစံ ၇ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။