နောက်ဆုံးရသတင်းများ
MY EN

(ခ)-ဦးအောင်ဝင်းဆွေ(မြန်အောင်မဲဆန္ဒနယ်)-မေးခွန်း

2026-06-15
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်ဝင်းဆွေ(မြန်အောင်မဲဆန္ဒနယ်)
မြန်အောင်မြို့နယ်၊ အင်ပင်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံ/ကောလိပ် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

မြန်အောင်မြို့နယ်သည် ခရိုင်အဆင့်သတ်မှတ်ထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး ဧရာဝတီမြစ်ကမ်း  အနောက်ဘက်ကမ်းတွင် ကပ်လျက်တည်ရှိသော ဆိပ်ကမ်းမြို့လည်းဖြစ်ပါကြောင်း၊ မြစ်ကျိုး၊ ကန်စွန်းကုန်၊ ငပိဆိပ် မြစ်ရေတင်စီမံကိန်းများလည်းရှိပြီး လယ်ယာကိုင်းကျွန်း သီးနှံမျိုးစုံလည်း ထွက်ပါကြောင်း၊ ရခိုင်ရိုးမနှင့်ဆက်စပ်ပြီး တည်ဆောက်ထားသည့် ကွန်ချောင်းဆည်၊ မမြဆည်၊ တညင်ဆည်တို့၏ နွေစပါး ဆည်ရေသောက် ဧရိယာများလည်းရှိပါကြောင်း၊ မြန်အောင်တောင်၊ ရေနံတောင်၊ ဆင်သေ၊ ရွှေသမင်စသည့် သစ်တောကြိုးဝိုင်းများ နှင့် တောင်ကုန်းများရှိပြီး တောင်ယာသီးနှံများလည်းရာသီအလိုက်စိုက်ပျိုးကာ ပဲမျိုးစုံ၊ပြောင်း၊ နှမ်း ၊ ဇီး၊ ထန်း ထွက် စသည့် သီးနှံထွက်ကုန်များလည်းရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် တတိယမြောက် အကြီးဆုံး ဖြစ်သည့်သစ်ဆွေးမြေဧရိယာ (Peat Land) ထူအင်းမကြီးလည်း ရှိခြင်းကြောင့် စိမ့်စမ်း ရေထွက်များရှိကာ ဥယျာဉ်ခြံမြေများလည်းရှိပါကြောင်း၊ မင်းကွတ်သီး အပါအဝင် သစ်သီးဝလံ များလည်း ထွက်ရှိပါကြောင်း၊ မြစ်ချောင်း၊ အင်း၊ အိုင်ပေါများပြီး သား၊ ငါး ထုတ်လုပ်မှု အတွက်သာမက စပါး၊ ငါးနှင့် ရေထွက်လုပ်ငန်း ထွက်ကုန်များ စိုက်ပျိုးမွေးမြူရန် ရေခံမြေခံ မြေအမျိုးအစား စုံလင်သည့်အပြင် ကုန်းနေသတ္တဝါများ မွေးမြူနိုင်ရန် ဧရိယာများစွာလည်း ရှိပါကြောင်း၊ အင်ပင်မြို့ဝန်းကျင်တွင် တစ်ဆက်တစ်စပ်တည်း တင်ပြခဲ့သည့် ရေခံမြေခံများ ရှိသလို ပုသိမ်-ကြံခင်းရထားလမ်းပေါ်တွင်အင်ပင် ဘူတာရှိနေခြင်း ရန်ကုန် ဟင်္သာတ၊ ပုသိမ်၊ ပြည် စသည့် မြို့များသို့ အချိန်မရွေးသွားလာနိုင်သည့် ကားလမ်းနှင့် ပုသိမ်-မုံရွာ လမ်းမကြီးနှင့် တစ်ဆက်တစ်စပ်တည်း တည်ဆောက်ထားသည့် အင်ပင်-လပကွင်း  ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းပိုင်လမ်းလည်းရှိပါကြောင်း၊ထို့ကြောင့် သွားလာရေး အဆင်ပြေ လွယ်ကူသည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း အတတ်ပညာ နည်းပညာများ ပိုမို ကျယ်ပြန့်စွာပြန့်နှံပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့်အပြင် ဧရာဝတီတိုင်း အထက်ပိုင်းတွင်လည်းဘက်စုံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သောကြောင့် မေးမြန်း လိုသည့်မေးခွန်းမှာ မြန်အောင်မြို့နယ်၊ အင်ပင်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကောလိပ် သို့မဟုတ် သိပ္ပံကို နိုင်ငံတော်မှ အစီအမံရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားတည်ထောင် ဖွင့်လှစ် ပေးနိုင်ခြင်း အစီအစဉ်ရှိ/ မရှိ ကိုသိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲတင့်ထွန်း

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ဖြည့်ဆည်းပေးနိုင်ရန် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ထုတ်လုပ်မှုကဏ္ဍများ အထောက်အကူဖြစ်စေရန် ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး သိပ္ပံကျောင်း ၁၅ ကျောင်းကို တိုင်းဒေသကြီးပြည်နယ် ၁၄ ခုတွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံများမှာ  Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များပါဝင်သည့် မည်သည့် ဘာသာတွဲဖြင့် အောင်မြင်သူ မည်သူမဆိုတက်ရောက်နိုင်ပြီး သင်တန်းကာလ ၃ နှစ် ဖြစ်ပါ ကြောင်း၊ သင်တန်းအောင်မြင်ပြီးမြောက်ပါက စိုက်ပျိုးရေးနှင့်မွေးမြူရေး ဒီပလိုမာအောင် လက်မှတ်များကိုလည်း ချီးမြှင့်လျက်ရှိပါကြောင်း၊ ၂၀၂၄-၂၅ ပညာသင်နှစ်အထိ စိုက်ပျိုးရေး ဒီပလိုမာလက်မှတ်ရ ဦးရေ ၂၇,၈၀၉ ဦးနှင့် မွေးမြူရေးဒီပလိုမာလက်မှတ်ရဦးရေ ၆၀၅ ဦး စုစုပေါင်း ၂၈,၄၁၄ ဦးကို လေ့ကျင့်မွေးထုတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၅-၂၆ ပညာ သင်နှစ်တွင် ကျောင်းအလိုက် စိုက်ပျိုးရေးဒီပလိုမာ သင်တန်းသား ၂,၆၄၂ ဦး၊ မွေးမြူရေး သင်တန်းသား ၇၅ ဦး စုစုပေါင်း ၂,၇၁၇ ဦး တက်ရောက်လျက်ရှိပါကြောင်း၊ ထို့အပြင် Grade-9 အောင်မြင်ပြီး စက်မှုစိုက်ပျိုးမွေးမြူရေးပညာရပ်များကို သင်ယူလိုသည့် ကျောင်းသူ/ ကျောင်းသားများအတွက်  အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ၉၂ ကျောင်းကို ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ကျောင်း ၈ကျောင်းကိုလည်း  ဖွင့်လှစ်ထားရှိကြောင်း ၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှာ တိရစ္ဆာန်ဆေးကု သိပ္ပံဒီပလိုမာ သင်တန်းကျောင်း တစ်နှစ်သင်တန်းအမှတ်စဉ်(ကို သိပ္ပံဘွဲ့ရ လျှောက်ထား သူများကို လက်ခံပြီး ၂--၂၀၂၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၆၅ ဦး တက်ရောက်ခဲ့ပြီး လုပ်ငန်းခွင်ကို ဝင်ရောက်နေပြီဖြစ်ပါကြောင်း၊ အမှတ်စဉ် (ကို ၂၂--၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၅၂  ဦး သင်တန်း တက်ရောက်ပြီး ဌာနတွင် အလုပ်များခန့်အပ် သွားမည်ဖြစ်ပါကြောင်း၊ အမှတ်စဉ် (ကို ၁--၂၀၂၆ ရက်နေ့တွင် သင်တန်းသား၊ သင်တန်းသူ ၉၃ ဦးဖြင့် ဖွင့်လှစ်လျက်ရှိပြီး သင်တန်းဆင်းပါက ဌာနတွင် အလုပ်တာဝန်များ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေး ကို အဓိကအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အလယ်အလတ် အဆင့် စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးရန် မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကို ဖွင့်လှစ်လျက် ရှိပါကြောင်း၊ အဆိုပါကျောင်းတွင် နှစ်စဉ် စိုက်ပျိုးရေး ဒီပလိုမာ သင်တန်းသား ၂၀၀ ဦးနှင့် မွေးမြူ ရေးဒီပလိုမာ သင်တန်းသား  ၅၀ ဦးကို လက်ခံ သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ၂၀၂၄-၂၅ ပညာသင်နှစ်အထိ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ၂,၆၀၀ ဦး မွေးမြူရေးဒီပလိုမာ  လက်မှတ်ရ  ၄၅ ဦး စုစုပေါင်း ၂,၆၄၅ ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၅-၂၆ ပညာသင်နှစ်တွင် စိုက်ပျိုးရေးဒီပလိုမာ သင်တန်းသား ၃၇၇ ဦးနှင့် မွေးမြူရေး ဒီပလိုမာသင်တန်းသား ၆ ဦး စုစုပေါင်း ၃၈၃ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့အဆင့်မြင့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် စိုက်ပျိုရေးနှင့် မွေးမြူရေး တက္ကသိုလ် (မအူပင်) ကို ၂၀၂၅-၂၆ ပညာသင်နှစ်မှစပြီး  စတင်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး သင်တန်းသား ၁၀၀ ဦး၊ မွေးမြူရေးသင်တန်း သား ၁၀၀ ဦး  ကနဦးလျာထားပြီး လက်ရှိတွင် စိုက်ပျိုးရေး သင်တန်းသား ၁၀၃ ဦးနှင့် မွေးမြူရေးကျောင်းသား ၇၉ ဦး တက်ရောက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၇ မှစပြီးစိုက်ပျိုးရေးကျောင်းသား ၂၀၀ ဦး ၊ မွေးမြူရေး ကျောင်းသား ၂၀၀ ဦး၊ ၂၀၂၇-၂၀၂၈ ပညာသင်နှစ်မှစပြီး စိုက်ပျိုးရေး ကျောင်းသား ၃၀၀ ဦးနှင့် မွေးမြူရေး ကျောင်းသား ၃၀၀ ဦးကို မွေးထုတ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်း ဒေသကြီးတွင် အဆင့်မြင့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို ဖွင့်လှစ်ထားရှိခြင်း၊ အလယ်အလတ်အဆင့်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များ မွေးထုတ်နိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (မြောင်းမြ) ကို ဖွင့်လှစ်ထားရှိခြင်း အခြေခံပညာ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၈ ကျောင်းလည်း ဖွင့်လှစ်ထားရှိပြီး ဖြစ်သည့်အတွက်ကြောင့် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေး ကဏ္ဍအတွက် လိုအပ်သော လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင် သည့် ကျောင်းများ အလုံအလောက်ရှိသည်ကို တွေ့ရှိရသည့်အတွက်ကြောင့် ဧရာဝတီတိုင်း ဒေသကြီး၊မြန်အောင်မြို့နယ်၊ အင်ပင် မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ် ထပ်မံဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်ရန်လိုအပ်ချက်ရှိပါက ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့တင်ပြဆောင်ရွက်စေလိုပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။