နောက်ဆုံးရသတင်းများ
MY EN

(ဂ)- ဦးစိုးကျော်နိုင်(ကျွန်းလှမဲဆန္ဒနယ်)-မေးခွန်း

2026-06-15
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုးကျော်နိုင်(ကျွန်းလှမဲဆန္ဒနယ်)
ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့နယ်တို့အား ဆက်သွယ်ထားသည့် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ လမ်းမကြီး လုံခြုံချောမွေ့စွာသွားလာနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကန့်ဘလူခရိုင်တစ်ခုလုံးရှိ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ကုန်သည်များကို သွားလာ၍ မရအောင် PDF အမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များမှ ပိတ်ဆို့ထားသည်မှာ ၇ လခန့် ကြာမြင့် ပြီဖြစ်ပါကြောင်း၊ ထိုသို့ ပိတ်ဆို့ခံထားရမှုကြောင့် စက်သုံးဆီ၊ ဆေးဝါး၊ စားသောက်ကုန်၊ မွေးမြူရေး အစားအစာ၊ စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာများ၊ ရုံးသုံး၊ ကျောင်းသုံးစာအုပ်၊ စာရေး ကိရိယာများ၊ ဈေးနှုန်းကြီးမြင့်မှုနှင့် ပြတ်လပ်ခြင်းများကို ကြုံတွေ့နေရပါကြောင်း၊ ဒေသထွက်ကုန်ဖြစ်သည့် ဆန်စပါး၊ ပြောင်း၊ ပဲမျိုးစုံများ ကိုလည်း သယ်ယူရောင်းချ၍ မရအောင် ဖြစ်နေသည့်အတွက် တောင်သူ များ အခက်ကြုံနေကြရပါကြောင်း၊ ယခင်တည်ငြိမ်အေးချမ်းစဉ်ကာလက ကျွန်းလှ၊ ကန့်ဘလူဒေသမှ ပြည်သူများသည် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်ဒေသများသို့ အဆင့်မြင့်ခရီးသည်ယာဉ် မှန်လုံ ယာဉ်ကြီးများဖြင့် နေ့ချင်းပေါက် သွားလာနိုင်ခဲ့ကြပြီး နေ့စဉ်ခရီးသည်တင်ယာဉ်လိုင်း ၅ လိုင်းဖြင့် ခရီးသွားလာမှုအဆင်ပြေခဲ့ကြပါကြောင်း၊ ကုန်ပစ္စည်းများကိုလည်း ကုန်ကားကြီးများနှင့် တန်ဆာခ သက်သာစွာ သယ်ယူပို့ဆောင်ခဲ့ကြသည့်အတွက် ပြည်သူများ အဆင်ပြေခဲ့ကြပါကြောင်း၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်ရှိ စံပါယ်နံ့သာကျေးရွာနှင့် ကန့်ဘလူမြို့မှာ ၁၆ မိုင်ခန့်၊ ရွှေဘိုမြို့နှင့် စံပါယ် နံ့သာကျေးရွာမှာ ၄၇ မိုင်ခန့်သာကွာဝေးပါတယ်။ လုံခြုံရေးအဖွဲ့များလည်း လမ်းတစ်လျှောက်ရှိ နေရာ များတွင် စခန်းများချထားပြီးဖြစ်သော်လည်း တခြားအဖွဲ့များမှ ကားလမ်းမကြီးပေါ်တွင် စခန်းမချဘဲ ကွင်းလမ်းများဖောက်၍ ကားများကို လုံခြုံရေးဂိတ်များအား ရှောင်ကွင်း၍ မြေသားကွင်းလမ်းမှ မောင်းနှင်စေပြီး မြစ်ကြီးနားဘက်သို့ ခရီးဆက်စေပါကြောင်း၊ ကန့်ဘလူခရိုင်ဘက်သို့ ကုန်ကား၊ အိမ်စီးကားများ၊ ခရီးသည်တင်ယာဉ်လိုင်းများအား ပေးမမောင်းဘဲ ပိတ်ဆို့ထားခြင်းကြောင့် ကန့်ဘလူ၊ ကျွန်းလှဒေသတွင် နေထိုင်ကြသည့် ပြည်သူများသည် များစွာ အခက်အခဲ ကြုံတွေ့နေကြရပါကြောင်း၊ ယခုအခါ မိုးကျလာပြီဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့မှ ဖောက်လုပ်ထားသည့် မြေသားကွင်းလမ်း သည်လည်း ကောင်းစွာ သွားလာ၍မရပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့၏မြောက်ဘက် အထက်ပိုင်းရှိ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူးမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့ရှိ ပြည်သူများသည် လည်း မိမိတို့ဒေသနည်းတူ ဒုက္ခရောက်နေကြရပါကြောင်း၊ မကြာသေးမီက ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးကို ဆက်သွယ်သွားလာ၍ရအောင် နိုင်ငံတော်အစိုးရမှ ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်း ကားလမ်းဖြစ်သော မန္တလေး၊ သပိတ်ကျင်း၊ မြတောင်၊ မြတောင်မှ ထီးချိုင့်ဘက်သို့ ဧရာဝတီမြစ်ကူးပြီး ထီးချိုင့်မှ ကသာ၊ ကသာမှ မြစ်ကြီးနားသို့ သွားလာ၍ရအောင် လမ်းပိုင်း တစ်လျှောက်ရှိ အကြမ်းဖက်သမားများကို ရှင်းလင်းဖယ်ရှားပေးခဲ့ပါကြောင်း၊ ထိုသို့ ဖယ်ရှားရှင်းလင်း ပေးခဲ့သည့်အတွက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပြည်သူများသည် နိုင်ငံတော် အစိုးရနှင့် တပ်မတော်အပေါ် ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း၊ မိမိတို့ဒေသကိုလည်း ထိုသို့ ဆောင်ရွက်ပေးမည်ဟု မိမိအပါအဝင် မဲဆန္ဒနယ်မှ ပြည်သူများနှင့်အတူ ကောလင်း၊ ဝန်းသို၊ ပင်လည် ဘူး၊ ဗန်းမောက်မြို့နယ်များမှ ပြည်သူများမှလည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် ယုံကြည် အားကိုး မျှော်လင့်နေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူများ လုံခြုံစွာ ခရီးသွားလာနိုင်ရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ကုန်ပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက် သီးနှံများ အဆင်ပြေစွာ စိုက်ပျိုး‌သယ်ယူရောင်းချနိုင်ရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စွာ ဆောင်ရွက် ပေးနိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် လျင်မြန်စွာ မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့သည် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီးမှ အနောက်ဘက် ၁၆ မိုင်ခန့်အကွာတွင် တည်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် ကန့်ဘလူမှ ကျွန်းလှမြို့သို့ သွားမည်ဆိုလျှင် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမ ကြီးတွင်ရှိသည့် ယမနေကျေးရွာအနီး ဇီးကုန်းလမ်းဆုံမှတစ်ဆင့် ဇီးကုန်း-ထန်းကုန်း-ကန့်ဘလူ-ကျွန်းလှသို့လည်း ကောင်း၊ မဟာဗျူဟာလမ်းရှိ စံပါယ်နံ့သာကျေးရွာမှတစ်ဆင့် ကန့်ဘလူ-ကျွန်းလှမြို့ သို့လည်းကောင်း သွားလာနိုင်သည့် လမ်းကြောင်းနှစ်ခုရှိပြီး လက်ရှိအချိန်တွင် ကန့်ဘလူခရိုင်အတွင်းရှိ ရွှေဘို-မြစ်ကြီး နားလမ်း၌ နယ်မြေခံတပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ လမ်းကြောင်း လုံခြုံရေးကိုလည်း စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း။

          အကြမ်းဖက်အဖွဲ့များသည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်လမ်းခွဲတွင် လမ်းများကို ပိတ်ဆို့၍ မော်တော်ယာဉ်များကို မဟာဗျူဟာလမ်းအား ရှောင်ကွင်းပြီး ကန့်ဘလူမြို့နယ်၊ လွှဲဆိပ် ကျေးရွာမှတစ်ဆင့် ကောလင်းမြို့နယ်သို့လည်းကောင်း၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာအနီးတွင် လမ်းအားပိတ်ဆို့ပြီး မဟာဗျူဟာလမ်းအား ရှောင်ကွင်းပြီး ကန့်ဘလူမြို့နယ်၊ လွှဲဆိပ်ကျေးရွာဘက်သို့ လည်းကောင်း ဖြတ်သန်းမောင်းနှင်ပြီး ကန့်ဘလူ၊ ကျွန်းလှမြို့နယ်များသို့ ကုန်စည်စီးဆင်းမှု မရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ်၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နှင့် ကျွန်းလှ မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီးကို လုံခြုံစွာသွားလာ နိုင်ရေး ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည့် အကြမ်းဖက် PDF အဖွဲ့များ အခြေပြု လှုပ်ရှားလျက်ရှိသည့်နေရာများကို နယ်မြေသတင်းဖော်ထုတ်ပြီး သတင်းတည်ဆောက်ခြင်းများ ဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်မတော်နှင့်ပူးပေါင်း၍ နယ်မြေရှင်းလင်းခြင်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အပေါ် ရှင်းလင်းဖြေကြားခဲ့ပါသည်။