နောက်ဆုံးရသတင်းများ
MY EN

(ဃ)- ဦးဝင်းနိုင်(မြင်းမူမဲဆန္ဒနယ်)-မေးခွန်း

2026-06-15
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးဝင်းနိုင်(မြင်းမူမဲဆန္ဒနယ်)
မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအတွင်း ၄ ခန်းတွဲ၊ ၄ ထပ်ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ၊ ရှိပါက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေခွဲဝေ ချထားပေးနိုင်ရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြင်းမူမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး-စစ်ကိုင်း-မုံရွာကား လမ်းမကြီး အလယ် လောက်တွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မြို့နယ်ဌာနဆိုင်ရာရုံးများ နေရာအသီးသီးရှိသော် လည်း နယ်မြေအခြေအနေအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတစ်ခုထဲအတွင်း စုပေါင်း ရုံးတက် နေကြရပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းသည် ၁.၆ ဧကရှိပြီး ရုံးဝန်းထဲတွင် ရုံးမကြီး၊     အစည်းအဝေးခန်းမ၊ ဧည့်ရိပ်သာ၊ ဥပဒေရုံး၊ တရားရုံးနှင့်မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်များ ဆောက်လုပ် ထားပါကြောင်း၊ လိုအပ်ချက်အရ ညအချိန် ရုံးတက်ရမည်ဆိုပါက နေအိမ်နှင့်ရုံး ဝေးကွာမှုကြောင့် လည်းကောင်း၊ နေ့ညလုံခြုံရေးစိတ်မချရသည့်အတွက်လည်းကောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအတွင်း ဝန်ထမ်းများ နေထိုင်နိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ပေးပါက လုံခြုံစိတ်ချစွာဖြင့် ရုံးလုပ်ငန်းများ ကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြင်းမူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးရုံးဝန်းအတွင်း ၄ ခန်းတွဲ၊ ၄ ထပ်ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ၊ ရှိပါက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေခွဲဝေ ချထားပေးနိုင်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က

မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖွဲ့စည်းပုံအရ မြို့နယ်အုပ်ချုပ်ရေးမှူး ၁ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ၁ ဦး၊ မြို့နယ်ဒုတိယဦးစီးမှူးအပါအဝင် စုစုပေါင်းဝန်ထမ်း ၈၅ ဦး ခွင့်ပြုထားပြီး လက်ရှိခန့်အပ်ထားသည့် ဝန်ထမ်းဦးရေသည် မြို့နယ်ရုံးတွင် ၂၆ ဦး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု စာရေးဝန်ထမ်း ၄၂ ဦးနှင့် စုစုပေါင်း ၆၈ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း၊ အဆိုပါ ၆၈ ဦးအနက် ဒေသခံဝန်ထမ်း ၅၆ ဦး၊ ဒေသခံမဟုတ်သည့်ဝန်ထမ်း ၁၂ ဦး ရှိပြီး အဆိုပါဝန်ထမ်းများနေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာတည်ရှိမှုမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် ၁ လုံး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် ၁ လုံးနှင့် မြို့နယ်ဒုတိယဦးစီးမှူးနေအိမ် ၁ လုံး တည် ဆောက်ထားရှိပြီးဖြစ်သည်ကိုသိရှိရပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းသည် ဧရိယာ ၁.၉၇ ဧကကျယ်ဝန်းပြီး အဆိုပါရုံးဝန်းအတွင်းတွင် (၁၄၀ x ၃၀ x ၂၄)ပေရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအဆောက်အဦ ၁ လုံး၊ (၁၀၀ x ၃၀ x ၁၄)ပေရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ ၁ လုံးနှင့် (၄၈ x ၂၈ × ၁၁)ပေရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ ၁ လုံး၊ (၄၅ x ၄၅ × ၂၄)ပေရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ် ၁ လုံးအပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးစောင့်နေအိမ် ၁ လုံး၊ ဥပဒေရုံး အဆောက်အဦ ၁ လုံး၊ ဥပဒေရုံးညစောင့်နေအိမ် ၁ လုံးနှင့် (၉၂ × ၂၉)ပေရှိ တရားရုံးအဆောက်အဦ ၁ လုံး တည်ဆောက်ထားသည်ကို တွေ့ရှိရပါကြောင်း။

မြို့နယ်ဥပဒေရုံးသည် ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မြင်းမူမြို့၊ မြောက်ပိုင်းရပ်ကွက်၊ သီဟရပ်ကွက်မှာ ၀.၅ ဧကရှိ ဥပဒေဌာနပိုင်မြေပေါ်တွင် အဆောက်အဦ ဆောက်လုပ်ထားရှိပြီး ဖြစ်သော်လည်း လက်ရှိ နယ်မြေလုံခြုံရေးအခြေအနေအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း အတွင်း ရုံးခန်းတည်ဆောက်ပြီး ပြောင်းရွှေ့ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ မြို့နယ်တရားရုံးအနေဖြင့်လည်း ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ထားခဲ့ပြီး မြင်းမူမြို့၊ မြောက်ပိုင်း ရပ်ကွက်၊ သီဟရပ်တွင် ၁.၀ ဧကရှိသည့် တရားရုံးဌာနပိုင်မြေရှိသော်လည်း ရုံးဆောက်လုပ်ရန် တင်ပြ ထားရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်းတွင် တရားရုံး ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းဧရိယာသည် ၁.၉၇ ဧကအတွင်း ၄ ခန်းတွဲ၊ ၄ ထပ် ဝန်ထမ်းအိမ်ရာတစ်ခု ဆောက်လုပ်ရန်အတွက် ၇၀ ပေ x ၆၀ ပေခန့် မြေလွတ်ကျန်ရှိ နေသေးသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများအတွက် အိမ်ရာဆောက်လုပ်မည်ဆိုပါက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အရ အသုံးငွေစာရင်း၌ ထည့်သွင်းလျာထား တောင်းခံထားခြင်း မရှိသေးပါသဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထား တင်ပြနိုင်ရေး ဆောင်ရွက်သွားစေမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။