နောက်ဆုံးရသတင်းများ
MY EN

(င)-ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)-မေးခွန်း

2026-06-15
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)
တရားမဝင်ယစ်မျိုးလိုင်စင်များကို မည်ကဲ့သို့ ထိရောက်စွာဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း အစီ အစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မူးယစ်ဆေးဝါးနှင့် ယစ်မျိုးသည် လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ မြို့ရွာတစ်ခုချင်း၊ နိုင်ငံ တစ်ခုချင်းသာမက ကမ္ဘာတစ်ဝန်းလုံးရှိ လူသားမျိုးနွယ်တစ်ရပ်လုံးမှာပါ ခြိမ်းခြောက်နေသည့်အတွက် ကောင်းကျိုးမပြုသည့် အန္တရာယ်ဆိုးကို တစ်ကမ္ဘာလုံး ဆန့်ကျင် တိုက်ဖျက်လျက်ရှိပါကြောင်း၊ ယစ်မျိုးတွင် အရက်၊ ဘီယာ၊ ဝိုင်၊ ဝီစကီ၊ ဘရန်ဒီ၊ ဂျင်၊ ရမ်၊ ဗော့ကာ၊ အရက်ချိုပြင်း စသည်တို့ ပါဝင်ပါကြောင်း၊ အရက်သောက်သုံးမှုကို နိုင်ငံတိုင်းတွင် သက်ဆိုင်ရာ အစိုးရများက မလိုလားသော် လည်း လုံးဝပိတ်ပင် တားမရ မဖြစ်နိုင်သေးသဖြင့် ယစ်မျိုးမူဝါဒ(Excise Policy) များ ချမှတ်၍ အရက်သေစာသောက်စားခြင်းကို အားမပေးရန်နှင့် ဥပဒေပြဋ္ဌာန်းခြင်းအပါအဝင် နည်းပေါင်းစုံဖြင့် ကာကွယ်တားဆီးလျက်ရှိကြောင်း၊ ယစ်မျိုးဥပဒေများကို ခေတ်အဆက်ဆက်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ 1917, Excise Act သည် အင်္ဂလိပ်အစိုးရလက်ထက်မှစ၍ တောက်လျှောက် ယစ်မျိုးဥပဒေကို ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ နောက်ဆုံးတင်ပြပါယစ်မျိုးဥပဒေများအပြင် ၇.၃.၂၀၂၆ ရက်နေ့တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေအမှတ် (၁၃/၂၀၂၆) ဖြင့် ယစ်မျိုးဥပဒေကို အခန်း ၁၈ ခန်း၊ ပုဒ်မ ၉၉ ခုဖြင့် ထပ်မံထုတ်ပြန်ခဲ့သည်ကို သိရပါကြောင်း။ 

          မြန်မာနိုင်ငံတစ်ဝန်းတွင် အရက်သေစာသောက်သုံးခြင်းကို နိုင်ငံတော်အစိုးရအဆက်ဆက် အားမပေးဘဲ အခွန်တော်တိုးမြှင့်ကောက်ခံခြင်းများနှင့် တရားမဝင် အရက်ချက်လုပ်မှု၊ သယ်ယူမှု၊ ရောင်းချမှုများကို ယစ်မျိုးဥပဒေ၊ နည်းဥပဒေများဖြင့် ထိန်းချုပ်အရေးယူမှုကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ အရ တိုင်း ဒေသကြီး၊ ပြည်နယ်ဥပဒေပြုစာရင်းဇယား(၂)တွင် ယစ်မျိုးခွန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးမပါ အရက်၊ ဘီယာ၊ ဝိုင်၊ ထန်းရည်၊ ဓနိရည်စသည်တို့ကို ပုဒ်မ ၂၅၄ အရ တိုင်းဒေသကြီး၊ ပြည်နယ်များက ကောက်ခံရမည့်အခွန်အခများ ဇယား(၅)တွင် ယစ်မျိုးခွန်များ ကောက်ခံရန်ပြဋ္ဌာန်းထားပါကြောင်း၊ ၎င်းသည် ယစ်မျိုးစီမံခန့်ခွဲမှု (Excise Administration) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်ကြောင်း၊ ယစ်မျိုးစီမံခန့်ခွဲခြင်း၊ အခွန်စည်းကြပ်ခြင်းနှင့် ကောက်ခံ ခြင်းတို့ကို ကော်လိတ္တော်အရာရှိ ခရိုင်အုပ်ချုပ်ရေးမှူးများကလည်းကောင်း၊ တရားမဝင် အရက်သေ စာချက်လုပ်မှု၊ အရက်သေစာသယ်ယူမှု၊ လက်ဝယ်ထားရှိမှု၊ ရောင်းချမှုတို့ကို ယစ်မျိုးဝန်ထမ်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အာမခံနှင့်ခံဝန်ချုပ်ဆိုခြင်းတို့ကို တရားရုံး များမှလည်းကောင်း ယစ်မျိုးဥပဒေပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ခွင့်ရှိပါကြောင်း၊ ယစ်မျိုး စီမံခန့်ခွဲမှုသည် ရုံးချုပ်(နေပြည်တော်)တွင် နှစ်စဉ်ယစ်မျိုး လိုင်စင်များ ခွင့်ပြုခြင်း၊ လိုင်စင် ရရှိသူ အမည်ပြောင်းလဲခြင်း၊ လိုင်စင်တည်နေရာ ပြောင်းလဲခြင်း၊ လိုင်စင်အမျိုးအစား ပြောင်းလဲခြင်းတို့ကို စိစစ်ခွင့်ပြုလျက်ရှိကြောင်း၊ ထိုသို့ စိစစ်ခွင့်ပြုပေးလျက်ရှိရာ ဒလမြို့နယ်တွင် ယစ်မျိုးလိုင်စင် ၁၅၇ ခု၊ တွံတေးခရိုင်မှာ လိုင်စင်ပေါင်း ၅၉၂ ခု၊ ရန်ကုန် တိုင်းဒေသကြီးတွင် ခရိုင် ၁၄ ခရိုင်၊ မြို့နယ် ၄၅ မြို့နယ်တွင် ယစ်မျိုးလိုင်စင်ပေါင်း ၉,၇၀၀ ကျော် ခွင့်ပြုထားကြောင်းနှင့် တစ်နိုင်ငံလုံးယစ်မျိုး လိုင်စင်ပေါင်း ၄၀,၀၀၀ ကျော် ခွင့်ပြုထားကြောင်း၊ တရားဝင်လိုင်စင်များ ခွင့်ပြုခြင်းအပေါ်တွင် မိမိ ထောက်ခံတင်ပြပါကြောင်း၊ သို့သော် ရပ်ကွက်၊ ကျေးရွာများတွင် လိုင်စင်မဲ့တရားမဝင်ယစ်မျိုးဆိုင်များ၊ လိုင်စင်မိတ္တူပွားဆိုင်များ ဖွင့်လှစ်ရောင်းချနေသည်ကို ကြားမြင်တွေ့နေရပါကြောင်း၊ ထိုသို့ဖြစ်နေ သည်ကို တာဝန်ရှိ ဌာနအဖွဲ့အစည်းများအနေဖြင့် စိစစ်အရေးယူမှုများ ဆောင်ရွက်နေသော်လည်း ထိရောက်စွာ ဆောင်ရွက်နေမှု အားနည်းနေပါကြောင်း၊ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ယစ်မျိုးဥပဒေပုဒ်မ ၇၁(က) တရားမဝင် ယစ်မျိုး လိုင်စင်များ မိတ္တူပွား၊ မိတ္တူရောင်းချပြောင်းရွှေ့ခြင်းနှင့်စပ်လျဉ်း၍ အရက်အတုအပများ သောက်သုံး မိ၍ သေဆုံးမှုများလည်းရှိပါကြောင်း၊ နိုင်ငံတော်၏အခွန်ဘဏ္ဍာများ အပြည့်အဝမရရှိသည်ကိုလည်း ကြားသိနေရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း။ 

ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တရားမဝင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လိုင်စင်မဲ့ အရက်၊ ဘီယာ၊ ဝိုင် စသည့် ယစ်မျိုးဆိုင်များကို ယစ်မျိုးဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ယခုထက် ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်သွားရန် အစီအစဉ်ရှိ /မရှိ သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ယစ်မျိုးစီမံခန့်ခွဲရေး လုပ်ငန်းများကို ၁၉၁၇ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ၊ ၁၉၂၈ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုး နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယစ်မျိုးစီမံခန့်ခွဲရေးလုပ်ငန်းဆိုင်ရာ ယစ်မျိုး လိုင်စင်ချထားရေး၊ ယစ်မျိုးခွန်ကောက်ခံခြင်းနှင့် တားဆီးနှိမ်နင်းခြင်းကိစ္စရပ်များတွင် လိုင်စင်ခွင့်ပြု ခြင်း၊ စည်းကမ်းပျက်လိုင်စင်များပိတ်သိမ်းခြင်း၊ ယစ်မျိုးခွန်ကောက်ခံခြင်းလုပ်ငန်းများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှလည်းကောင်း၊ ယစ်မျိုးသက်ဝင်ပစ္စည်းများအား လိုင်စင်ခွင့်ပြုချက်မရှိဘဲ တရားမဝင် ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ထုတ်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ဖမ်းဆီးအရေးယူခြင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းများကို တရားရုံးအဆင့်ဆင့်မှလည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်များကို အပြည့်အဝ ရရှိစေရန်နှင့် လိုင်စင်မဲ့ ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ စနစ်တကျ အရေးယူနိုင်ရန် ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံခြင်းနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့ကို ဗဟိုအဖွဲ့၊ တိုင်းဒေသ ကြီး/ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့စသဖြင့် အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။ 

ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးဗဟိုအဖွဲ့တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဒုတိယရဲချုပ်က ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ညွှန်ကြားရေးမှူး(ယစ်မျိုးနှင့်အခွန်ဌာန)က အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်ပြီး ဒုတိယညွှန်ကြားရေးမှူး(ယစ်မျိုးနှင့်အခွန်ဌာန)က တွဲဖက် အတွင်းရေးမှူးအဖြစ်လည်ကောင်း စုစုပေါင်း အဖွဲ့ဝင် ၆ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ယစ်မျိုးလိုင်စင်ခွန်များ ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေး အဖွဲ့တွင် တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန တာဝန်ခံ၊ တိုင်းဒေသကြီး/ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး နှင့် တိုင်းဒေသကြီး/ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ တိုင်း ဒေသကြီး/ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲမှူး(ဦးစီး)က တွဲဖက်အတွင်းရေး မှူးအဖြစ်လည်းကောင်း စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ခရိုင်ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့ကို ခရိုင်အုပ်ချုပ် ရေးမှူးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စည်ပင် သာယာရေးဦးစီးဌာန တာဝန်ခံနှင့် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးက အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ခရိုင်ဦးစီးအရာရှိ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခရိုင် ရဲမှူး(ဦးစီး)က တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း စုစုပေါင်း ၆ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိပြီး မြို့နယ်ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး နှင့် မြို့နယ်အခွန်ဦးစီးမှူးတို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ဒုတိယဦးစီးမှူး (အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန) က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဒုတိယမြို့နယ်မှူး (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့)က တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဖမ်းဆီးအရေးယူမှုနှင့် ဆောင်ရွက်ခဲ့သည့်အခါ ၂၀၂၅ ခုနှစ်အတွင်း ယစ်မျိုး လိုင်စင်မဲ့များ အရေးယူနိုင်ရေးအတွက် ကွင်ဆင်းစစ်ဆေးမှုအကြိမ်ရေ ၄,၈၁၆ ကြိမ်တွင် ဖမ်းဆီးမှု ၄၇၇ ကြိမ်၊ ကျား ၃၀၉ ဦး၊ မ ၁၃၇ ဦး စုစုပေါင်း ၄၄၆ ဦးတို့အားလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ယစ်မျိုးလိုင်စင်မဲ့များ အရေးယူနိုင်ရေးအတွက် ကွင်းဆင်းမှုအကြိမ်ရေ ၁,၅၉၇ ကြိမ်မှ ဖမ်းဆီးမှု ၂၁၃ ကြိမ်၊ ကျား ၁၅၂ ဦး၊ မ ၆၄ ဦး စုစုပေါင်း ၂၁၆ ဦးတို့အား အရေးယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း လိုင်စင်မဲ့စည်းကမ်းပျက်များ အရေးယူ နိုင်ရေး ကွင်းဆင်းမှုအကြိမ်ရေ ၄,၈၁၀ ကြိမ်မှ ဖမ်းဆီးမှု ၂၁ ကြိမ်၊ ကျား ၁၄ ဦး၊ မ ၈ ဦး စုစုပေါင်း ၂၂ ဦးတို့အားလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ လိုင်စင်စည်းကမ်းပျက်မှုများ အရေးယူနိုင်ရေး ကွင်းဆင်းမှုအကြိမ်ရေ ၁,၅၉၄ ကြိမ်မှ ဖမ်းဆီးမှု ၄၄ ကြိမ်၊ ကျား ၂၃ ဦး၊ မ ၂၄ ဦး စုစုပေါင်း ၄၇ ဦးအား အရေးယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင် ယစ်မျိုးပစ္စည်းများနှင့် စပ်လျဉ်း၍ ခရိုင်/မြို့နယ် အဖွဲ့များတွင် ပုံမှန်ကွင်းဆင်း စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့်အပြင် တရား မဝင် ရောင်းချမှုများကို တိုင်ကြားမှုများရှိလာသည့်အခါ စိစစ်ကြပ်မတ်ရေးအဖွဲ့များဖြင့် အချိန်နှင့် တစ်ပြေးညီ ကွင်းဆင်းစစ်ဆေးအရေးယူမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည် ဖြေကြား ခဲ့ပါသည်။ 

မေးခွန်း
မေးခွန်း

ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

တရားမဝင် ယစ်မျိုးလိုင်စင်များကို ဒုတိယဝန်ကြီးတင်ပြပါအတိုင်း အရေးယူသည် ဆိုသော် လည်း လက်တွေ့မြေပြင်တွင် ၂၀၂၆ ခုနှစ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ယစ်မျိုး ဥပဒေပုဒ်မ ၇၁(က) ယစ်မျိုးလိုင်စင်များကို တရားမဝင်ဌားရမ်းခြင်း၊ တရားမဝင်ပြောင်းရွှေ့ခြင်းများ လည်းရှိနေကြောင်း၊ ပုဒ်မ ၇၁(ခ) တရားမဝင် ယစ်မျိုးလိုင်စင်များကို မိတ္တူကူး၍ မိတ္တူပွားပြီး ထပ်ဆင့် အခွန်ငွေမပေးသွင်းဘဲ တချို့ အကျင့်ပျက်ဝန်ထမ်းများကြောင့် နိုင်ငံတော်အနေဖြင့် အခွန် ငွေများ နစ်နာပြီး ဆောင်ရွက်နေသည်များလည်း မြေပြင်တွင် ရှိနေပါကြောင်း၊ ပြည်သူများ၏ တင်ပြချက်၊ ပြည်သူများ၏ အသံ၊ ပြည်သူများ၏ဆန္ဒအပေါ် ထိရောက်စွာ အရေးယူပေးပါရန်နှင့် အချိန်ကာလ တစ်ခုခုသတ်မှတ်၍ တရားမဝင် ယစ်မျိုးလိုင်စင်များကို စီမံချက်တစ်ခုသတ်မှတ်၍ ထင်သာမြင်သာဖြစ်အောင် အရေးယူဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုပါကြောင်း ဆက်စပ် မေးခွန်း မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က

တရားမဝင် ရောင်းခြင်း၊ တရားမဝင် ယစ်မျိုးအခွန်များ ကောက်ခံများနှင့်စပ်လျဉ်း၍ မိမိ ဖြေကြားခဲ့သည့်အထဲတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအဖွဲ့များမှ ခရိုင်၊ မြို့နယ်၊ တိုင်း ဒေသကြီး/ပြည်နယ်မှ ပုံမှန်ကွင်းဆင်း စစ်ဆေးကြပ်မတ်‌ ဆောင်ရွက်လျက်ရှိသော်လည်း တရားမဝင် ရောင်းချမှုများ၊ တိုင်ကြားမှုများရှိလာသည့်အခါ တိုင်ကြားအချက်များအပေါ်မူတည်၍ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်အဖွဲ့များနှင့် ကွင်းဆင်းဆောင်ရွက်မှသာ ဖမ်းဆီးအရေးယူနိုင်မည်ဖြစ်ပါကြောင်း၊ တိုင် ကြားသည့်အခါတွင် သက်ဆိုင်ရာအဖွဲ့များမှ တိုင်ကြားစာအပေါ်မူတည်၍ တိုင်ကြားစာသည် မှန်ကန်မှု ရှိ၊ မရှိ၊ ၎င်း၏ တိုင်ကြားချက်အပေါ် စိစစ်မှုများ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ စိစစ်ပြီး တိုင်ကြားမှုအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းမှ ပါဝင်ပတ်သက်သည်ဆိုပါက ပါဝင်ပတ်သက်မှု အနေအထား၊ အောက်မှ တရားမဝင်ရောင်းချမှုများရှိနေလျှင် သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေး ယူနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်ကြားချက်အပေါ် တိုင်ကြားသည့် သူမှလည်း တိုင်ကြားလွှာပေါ်တွင် ၎င်း၏ မှတ်ပုံတင်၊ ၎င်း၏ အခြေအနေများနှင့် တိတိကျကျ တိုင်ကြားမှသာ မိမိတို့က ကွင်းဆင်းစစ်ဆေးပြီး အရေးယူနိုင်မည်ဖြစ်ပါကြောင်း၊ ပစ်စာသဘောမျိုး ဖြစ်နေလျှင် ပစ်စာအပေါ်တွင် မှတ်တမ်းတင်ထားရှိသွားဖြစ်ပြီး၊ ဒုတိယအချက်ဖြစ်သည့် စီမံချက် ချမှတ်ပြီး ဆောင်ရွက်ရန်ဆိုသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအစိုးရ အဖွဲ့ အစည်းအပေါ် တင်ပြဆောင်ရွက်ပြီး စီမံချက်များရေးဆွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။