နောက်ဆုံးရသတင်းများ
MY EN

(စ)- ဦးအောင်မြင့်သန်း(ကျောက်ဆည်မဲဆန္ဒနယ်)-မေးခွန်း

2026-06-15
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်မြင့်သန်း(ကျောက်ဆည်မဲဆန္ဒနယ်)
ကျောက်ဆည်မြို့ပေါ် ၁၀ ရပ်ကွက်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကျေးရွာများအား မြို့မြေ အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပေးနိုင်ရေး အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျောက်ဆည်မြို့သည် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်သော ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်းတို့ကြောင့် ယခုအခါ လူဦး ရေသိပ်သည်းလာခြင်း၊ ပြောင်းရွှေ့အခြေချနေထိုင်သူ များပြားလာခြင်းတို့ကြောင့် မြို့မြေ ပြင်ဆင် တိုးချဲ့ဖွဲ့စည်းပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ကျောက်ဆည်မြို့သည်  မြို့ပေါ် ၁၀ ရပ်ကွက်ရှိပြီး အဆိုပါရပ်ကွက်များနှင့် နယ်နိမိတ်ချင်း ထိစပ်‌နေသည့် ကျေးရွာများသည် မြို့အရှေ့ဘက်တွင် တောင်နံ့သာ၊ ငှက္ကတောင်မြို့ကွက်(၁)၊ မြို့အရှေ့မြောက်ဘက်တွင် အင်ဒိုင်းကျေးရွာ၊ မြို့အနောက် ဘက်တွင် ဇရပ်ဖြူကျေးရွာ၊ လက်ပန်ပင်ကျေးရွာ၊ မယ်ဇယ်ပင်ကျေးရွာ၊ မြို့တောင်ဘက်တွင် ထနောင်းပင်လှကျေးရွာ၊ ပြည်ပန်းကျေးရွာနှင့် မြို့အရှေ့တောင်ဘက်တွင် ငါးဆူ၊ ပတ္တာနှင့် မြင်စိုင်း မြို့ကွက်တို့နှင့် ထိစပ်နေပါကြောင်း၊ မိမိတို့ ကျေးလက်နေလူတန်းစားများ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နှင့်ထိစပ်နေသည့် အထက်ဖော်ပြပါ ကျေးရွာများအား မြို့မြေအဖြစ် တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းပေးနိုင်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကြက်မင်းတွန်ရပ်ကွက်၊ မင်းရပ် ရပ်ကွက်၊ ပြည်လုံးနိုင်ရပ်ကွက်၊ စုကြီးရပ်ကွက်၊ ဖောင်ရွာရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ ဘောဂဝတီရပ်ကွက်၊ အေးမြကြည်လင်ရပ်ကွက်၊ ဆူးကုန်းရပ်ကွက်ဟူ၍ ၁၀ ရပ်ကွက်ရှိပြီး ၎င်းတို့အနက် ရပ်ကွက် ၄ ရပ်ကွက်သည် ကျေးရွာ ၁၀ ရွာနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါကြောင်း၊ ဖောင်ရွာရပ်ကွက်တွင် တောင်နံ့သာကျေးရွာနှင့် ငှက္ကတောင်ကျေးရွာတို့နှင့်လည်းကောင်း၊ ရဲစုရပ်ကွက်သည် လက်ပန်ပင် ကျေးရွာ၊ မယ်ဇယ်ပင်ကျေးရွာနှင့် ဇရပ်ဖြူကျေးရွာတို့နှင့်လည်းကောင်း၊ မင်းရပ် ရပ်ကွက်သည် အင်ဒိုင်းကျေးရွာနှင့်လည်းကောင်း၊ ဘောဂဝတီရပ်ကွက်သည် ပြည်ပန်းကျေးရွာ၊ ထနောင်းပင်လှ ကျေးရွာ၊ ငါးဆူကျေးရွာနှင့် ပတ္တာကျေးရွာတို့နှင့်လည်းကောင်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါ ကြောင်း။ 

          တောင်နံ့သာကျေးရွာသည် ငှက္ကတောင်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ကျေးရွာဧရိယာ ၇ ဧကရှိပါကြောင်း၊ ငှက္ကတောင်ကျေးရွာသည် ငှက္ကတောင်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ကျေးရွာ နေ ဧရိယာ ၃ ဧက၊ အခြားနည်းအသုံးပြုခွင့်ရရှိပြီး မြေဧရိယာ ၉၈.၅၆ ဧက စုစုပေါင်းဧရိယာ ၁၀၁.၅၆ ဧကရှိပါကြောင်း၊ လက်ပန်ပင်ကျေးရွာသည် လက်ပန်ပင်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ရွာမြေဧရိယာ ၂၀ ဧက၊ လယ်မြေဧရိယာ ၃ ဧက စုစုပေါင်း ၂၃ ဧကရှိပါကြောင်း၊ မယ်ဇယ်ပင် ကျေးရွာသည် မယ်ဇယ်ပင်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ရွာမြေဧရိယာ ၁၀ ဧက၊ ယာမြေဧရိယာ ၂၀ ဧက၊ လယ်မြေ ဧရိယာ ၇ ဧက စုစုပေါင်း ၃၇ ဧကရှိပါကြောင်း၊ ဇရပ်ဖြူကျေးရွာသည် ဇရပ်ဖြူ ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ရွာမြေဧရိယာ ၁၆ ဧက၊ ယာမြေဧရိယာ ၄ ဧက စုစုပေါင်း ၂၀ ဧက ရှိပါကြောင်း၊ အင်ဒိုင်းကျေးရွာသည် အင်ဒိုင်းကျေးရွာအုပ်စုအတွင်းတည်ရှိပြီး ရွာမြေဧရိယာ ၆၈ ဧက၊ ဥယျာဉ်ခြံဧရိယာ (ယာမြေ) ၂ ဧက၊ လယ်မြေဧရိယာ ၇၈ ဧက စုစုပေါင်း ၁၄၈ ဧက ရှိပါကြောင်း၊ ပြည်ပန်းကျေးရွာသည် ပြည်ပန်းကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ရွာမြေဧရိယာ ၂၇ ဧက၊ ဥယျာဉ်ခြံ မြေဧရိယာ(ယာမြေ) ၆ ဧက၊ လယ်မြေဧရိယာ ၆ ဧက စုစုပေါင်း ၃၉ ဧက ရှိပါကြောင်း၊ ထနောင်းပင် လှကျေးရွာသည် ပတ္တာကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ရွာမြေ ဧရိယာ ၁၃ ဧက၊ လယ်မြေဧရိယာ ၁၅ ဧက စုစုပေါင်း ၂၈ ဧက တည်ရှိပါကြောင်း၊ ငါးဆူကျေးရွာသည် ပတ္တာ ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ရွာမြေဧရိယာ ၁၂ ဧက၊ လယ်မြေဧရိယာ ၂၈ ဧက စုစုပေါင်း ၄၀ ဧက တည်ရှိပါကြောင်း၊ ပတ္တာကျေးရွာသည် ပတ္တာကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ရွာမြေဧရိယာ ၂၀ ဧက၊ လယ်မြေဧရိယာ ၂၅ ဧက စုစုပေါင်း ၄၅ ဧက တည်ရှိပါကြောင်း၊ တိုးချဲ့ မြင်စိုင်းရပ်ကွက်သည် ပတ္တာကျေးရွာအုပ်စု အတွင်းတည်ရှိပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၀ ပြည့်နှစ် တွင် ကျောက်ဆည်မြို့ပေါ်ရပ်ကွက်များ၌ စည်ပင်ပိုင်လမ်းများပေါ်တွင် ကျူးကျော်လျက်ရှိသည့် အိမ်ထောင်စုများအား ပြောင်းရွှေ့နေထိုင်ရန် ပေ ၃၀၊ ပေ ၄၀ အကွက်များဖြင့် စနစ်တကျ နေရာ ချပေးခဲ့သည့် မြေနေရာများဖြစ်ပြီးအခြားနည်းအသုံးပြုခွင့်ရရှိပြီး မြို့မြေ ဧရိယာ ၅၇.၅၇ ဧက၊ လယ်မြေဧရိယာ ၂.၃၀ ဧက၊ ယာမြေ ဧရိယာ ၂၀ ဧက၊ အခြား မြေဧရိယာ ၄၃.၉၂ ဧက စုစုပေါင်း ၁၂၃.၇၉ ဧကရှိပါသဖြင့် ကျောက်ဆည်မြို့နှင့် ဆက်စပ်လျက်ရှိသည့်  ကျေးရွာ ၁၀ ရွာနှင့် ရပ်ကွက် ၁ ရပ်ကွက်တို့အား ကျေးရွာမြေမှ မြို့မြေအဖြစ် ဆောင်ရွက်နိုင်ရန်အတွက် ရွာမြေ ၁၉၆ ဧက၊ လယ်မြေ ၁၆၄.၃ ဧက၊ ယာမြေ ၅၂ ဧက၊ အခြားမြေ ၄၃.၉၂ ဧက၊ အခြားနည်းကျပြီးမြို့မြေ ၁၅၆.၁၃ ဧက စုစုပေါင်း ၆၁၂.၃၅ ဧကဖြစ်သည်ကို စိစစ်တွေ့ရှိရ ပါကြောင်း။

          ကျောက်ဆည်မြို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ကျေးရွာများအား မြို့မြေအဖြစ် တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းပေးနိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၄ တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသ အတွင်းရှိသော ကျေးရွာများ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင် နယ်နိမိတ် များပြင်ဆင်ရန်၊ ဖွဲ့စည်းရန်၊ အမည်ပြောင်းရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ် သလို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားရှိပါသဖြင့် ကျေးရွာများအား မြို့မြေတိုးချဲ့ ပြင်ဆင် ဖွဲ့စည်းပေးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျေးရွာများအား မြို့မြေတိုးချဲ့ပြင်ဆင် ဖွဲ့စည်းပေးနိုင်ရန်အတွက် စနစ်တကျ ဖွဲ့စည်းခြင်းလုပ်ငန်း များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျေးရွာများမှ တင်ပြချက်များအပေါ် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ထုံး လုပ်နည်းနှင့်အညီ အမှုတွဲပြုစုပြီး ကျောက်ဆည်ခရိုင်နှင့် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ မန္တလေး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး တွင် တင်ပြ ဆုံးဖြတ်ချက် ရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ခံပြီး နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက်ရရှိရေး တင်ပြ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ရရှိပါက လယ်မြေများအား အခြားနည်းအသုံးပြုနိုင်ရေးအတွက် လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ (က) အရ လည်းကောင်း၊ ယာမြေ များအား လယ်မြေမှအပ လယ်ယာမြေကို အခြားနည်းအသုံးပြုနိုင်ရေးအတွက် လယ်ယာမြေဥပဒေ ပုဒ်မ၃၀(ခ)အရ လည်းကောင်း၊ ကျန်အခြားမြေများအား ပြည်ထဲရေးဝန်ကြီးဌာနမှလည်းကောင်း၊ မြို့မြေအဖြစ် အသုံးပြုခွင့်ရရှိပါက မြို့၊ ကျေးရွာ တိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အမှုတွဲပြုစုပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပြည်ထဲ ရေးဝန်ကြီးဌာနသို့လည်းကောင်း တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

          သို့ဖြစ်ပါ၍ ကျောက်ဆည်မြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကျေးရွာများအား မြို့မြေ အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပေးနိုင်ရန်အတွက် မြို့မြေအဖြစ်လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ဆောင်ရွက်၍ ခွင့်ပြုချက်ရရှိမှသာလျှင်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။