နောက်ဆုံးရသတင်းများ
MY EN

(ဆ)- ဦးခင်မောင်သန်း (ကလေးမဲဆန္ဒနယ်)-မေးခွန်း

2026-06-15
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးခင်မောင်သန်း (ကလေးမဲဆန္ဒနယ်)
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ခုတင် ၃၀၀ မှ ခုတင် ၅၀၀ သို့အဆင့်တိုးမြှင့်ပေးနိုင်ပါရန်၊ ခေတ်မီ စက်ကိရိယာများ တပ်ဆင်ပေးနိုင်ပါရန်နှင့် ဆေးရုံကြီးတွင်လိုအပ်လျက်ရှိသော ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးနှင့် ၎င်းဌာနအတွက် ဓာတ်မှန်ကျွမ်းကျင်အဆင့် ၂ တို့အား ခန့်ထားပေးနိုင်ပါရန် တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ကလေးမြို့သည် မြို့ပေါ်ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာပေါင်း ၁၅၆ ရွာ ရှိပြီး မြို့နယ်လူဦးရေမှာ ၅၄၃၇၀၀ ကျော်နေထိုင်တဲ့ခရိုင်မြို့ကြီးတစ်မြို့ဖြစ်ပါကြောင်း၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့သည်လည်း ကလေးခရိုင်ထဲတွင်ပါဝင်သည့် မြို့နယ်များဖြစ်ပါကြောင်း၊ ကလေးမြို့ သည် လေကြောင်းခရီး၊ ရထားလမ်း၊ ကားလမ်းများဖြင့်သွားလာနိုင်သည့် မြို့ကြီးတစ်မြို့လည်း ဖြစ်ပါကြောင်း။

ကလေးမြို့ပြည်သူ့ဆေးရုံကြီးကို ၁၉၅၉ ခုနှစ်တွင် ၁၆ ခုတင်ဆံ့မြို့နယ်ဆေးရုံအဖြစ် ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ်တွင်  ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ အဖြစ် ယခုတည်ရှိရာ ကလေးမြို့ ညောင်ပင်သာရပ်ကွက် နယ်မြေ ၄ တွင် ကလေးဝလမ်းမကြီးလမ်းသို့ ပြောင်းရွေ့ဖွင့်လှစ်ကြောင်း၊ မြေအကျယ်အဝန်းသည် ၁၃.၁၁၉ ဧက ရှိပါကြောင်း၊ ၁၉၉၁ ခုနှစ်တွင် ခုတင် ၅၀ ဆံ့ မြို့နယ် ဆေးရုံအဖြစ်၊ ၁၉၉၈ ခုနှစ်တွင် ခုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံအဆင့်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၁၆ ခုနှစ် ပထမအကြိမ် လွှတ်တော်ကာလတွင် ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ်  တိုးမြှင့်၍ ယခုချိန်ထိ ကုသဆောင်ရွက်လျက်ရှိကြောင်း၊ ၁၄-၂-၂၀၂၅ မှစ၍ ကလေးဒေသ လျှပ်စစ်မီးများ ပြတ်တောက်သည့်အခါ ဆိုလာစနစ်မီးစက်များမောင်း၍ အသုံးပြုလျက်ရှိကြောင်း၊ လူနာစောင့်များ အားလုံး RC နှစ်ထပ်များဖြစ်၍ အခြေအနေကောင်းမွန်ကြောင်း။

             ကလေးမြို့ အနောက်ဘက်တွင် ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ဟားခါးမြို့များ၊ ကလေးမြို့မြောက်ဘက်တွင် တမူးခရိုင် ကဘော်ချိုင့်ဝှမ်းဒေသ ကျေးရွာများ၊ ကလေးမြို့တောင်ဘက်တွင် ဂန့်ဂေါမြို့နယ်နှင့်မေတ္တာလွင်ပြင်ဒေသများ ၎င်းဒေသများမှ ပြည်သူများ သည် ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို အမှီပြု၍ ဆေးကုမှုများခံယူပါကြောင်း၊ ကလေးမြို့၏ ကျောထောက်နောက်ခံဒေသမှာ ကျယ်ပြန့်ပြီး လူဦးရေ များပြားလျက်ရှိပြီး လူနာများ တစ်နေ့တခြား ပိုမိုများပြားလျက်ရှိပါကြောင်း၊ ထို့ပြင် ကလေးမြို့သည် ဒေသ၏ ဗဟိုအချက်အချာကျသည့် မြို့ကြီး တစ်မြို့လည်းဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ မေးမြန်းလိုသည့် မေးခွန်းများမှာ _

            (၁)       စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ ဆံ့အား ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ်သို့ အဆင့်မြှင့်တင်ပေးနိုင်ပါရန်

            (၂)       ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုနေသော ဓာတ်မှန်စက်များကို ခေတ်မီ အဆင့်မှီ 64 Slice CT များဖြင့် ပြောင်းလဲသတ်မှတ်တပ်ဆင်ပေးနိုင်ပါရန်

            (၃)       ကိုယ်အင်္ဂါများ၏ ရောဂါများကို အတိအကျစစ်ဆေးနိုင်သည့်အဆင့်မြင့်ပုံရိပ်ပေါ် နည်းပညာအင်ပါယာ ခေါ် သံလိုက်အသုံးပြုမှုဓာတ်မှန်များ တပ်ဆင်ပေးနိုင်ပါရန်၊ 

            (၄)       မ‌တော်တဆဖြစ်ရပ်များမှ ဦးနှောက်နှင့်အာရုံကြော ထိခိုက်လူနာများအား အထူး ကြပ်မတ်ကုသရန် မန္တလေးမြို့နှင့်ရန်ကုန်မြို့များရှိ ပြည်သူ့ဆေးရုံကြီးများသို့ အချိန်မီ ပို့ဆောင်နေရပါကြောင်း။ 

            သို့ရာတွင် လမ်းခရီးဝေးခြင်း၊ လေယာဉ်ခရီးများခက်ခဲခြင်းတို့ကြောင့်  လူနာများ အသက်ဆုံးရှုံး နေရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၇ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံ‌‌တော်မှ ချမှတ် ထားသည့် ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်ခြင်းကို ခံယူနိုင်သည် ဆိုသည့်အတွက် ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးနှင့် အဆိုပါဌာနအတွက် ဓာတ်မှန်ကျွမ်းကျင် အဆင့်(၂)တို့အား ခန့်ထားပေးနိုင် ပါရန်နှင့် အထက်ဖော်ပြပါမေးခွန်းများ မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။  

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း

ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ မှ ခုတင် ၅၀၀ သို့ အဆင့်တိုးမြှင့်ပေးပါရန်နှင့် ပတ်သက်၍ ရရှိသောအချက်အလက်များအရ ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး၏ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ် သုံးနှစ်စာမှာ ဆေးရုံတွင်ရောက်ရှိသည့်  ပျမ်းမျှအတွင်းလူနာဦးရေ ၆၃ ဦးရှိပြီး ဆေးရုံခုတင် ခွင့်ပြုခုတင် အသုံးပြုမှုရာခိုင်နှုန်းသည် ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ်သုံးနှစ်စာ ပျမ်းမျှ ၂၁ ရာခိုင်နှုန်း သာရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဆေးရုံခုတင်အသုံးပြုမှု ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ချိန်တွင် ခုတင် အဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်ပေးနိုင်ပါ ရန်နှင့်စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ဆေးရုံလိုအပ်ချက်အရ ဆေးရုံသုံးစက်ပစ္စည်းများ ဖြစ်သည့် မေ့ဆေးစက်၊ အလွယ်တကူသယ်ယူနိုင်သည့် တီဗွီဓာတ်မှန်စက် (Portable Ultrasound), Patient Monitor, Automated Tourniquet Machine စသည့် အဆင့်မြင့်စက်ပစ္စည်းများနှင့် ကွန်ပျူတာဓာတ်မှန် (CT scan 16 slices) တစ်လုံးတို့ကို ထောက်ပံ့ဖြည့်ဆည်းပေးထားပါကြောင်း၊ ခုတင် ၅၀၀ ဆေးရုံများတွင် CT4 slices များ စတင်တပ်ဆင်နေပြီဖြစ်ပါကြေင်း၊ ရရှိသည့် ဘဏ္ဍာငွေပေါ်မူတည်၍ ဆေးရုံ၏ လူနာတက်‌ရောက်မှု အခြေအနေပေါ်မူတည်၍ CT4 slices စီစဉ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးခန့်ထားပေးရန်နှင့်ပတ်သက်၍ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆိုင်ရာဆေးရုံသုံး ပစ္စည်းများ (basic or emergency neurosurgical set)ကို အမြန်ဆုံးထောက်ပံ့ပေးမည်ဖြစ်ပြီး အရေးပေါ်ဦးနှောက်နှင့်အာရုံကြောလူနာများကို လိုအပ်ပါက ခွဲစိတ်ကုသနိုင်ရေး အဆိုပါဆေးရုံကြီးရှိ ခွဲစိတ်အထူးကုဆရာဝန်ကြီး ၂ ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့လွှတ်၍ ဦးနှောက်နှင့် အာရုံ ကြောခွဲစိတ်ဌာနတွင် သင်တန်းအလှည့်ကျ လေ့ကျင့်ပေးပြီး  စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၂) ဓာတ်မှန်အား ခန့်ထားပေးရန်နှင့်ပတ်သက်၍ လောလောဆယ် ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် လုပ်ငန်းအရာရှိ ဓာတ်မှန် ၁ ဦး၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၃) ဓာတ်မှန် ၄ ဦးနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၄) ဓာတ်မှန် ၁ ဦးခန့်ထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒါ့အပြင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၂) ဓာတ်မှန်ကိုလည်းမကြာမီခန့်အပ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ထပ်မံခန့်ထားပေးသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးခင်မောင်သန်း(ကလေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

(၁)     ကလေးမြို့ပြည်သူ့ဆေးရုံ ခုတင် ၃၀၀ အဆင့် ဝန်ထမ်းအင်အားစာရင်း ၂၀၂၆ ခုနှစ် မေလ ၃၁ ရက်တွင်  အမှတ် (၁)  ဆေးရုံ အုပ်ကြီးခွင့်ပြု ၁ ဦး၊ လစ်လပ် ၁ ဦး၊ ဌာနမှုးခွင့်ပြု ၃ ဦး၊  လစ်လပ် ၃ ဦး၊ အထူးကုဆရာဝန်ကြီး ခွင့်ပြု ၂၁ ဦး၊ ခန့်ထား ၇ ဦး၊ လစ်လပ် ၁၄ ဦး၊ သူနာပြုအုပ်ကြီးခွင့်ပြု ၁ ဦး၊ လစ်လပ် ၁ ဦး၊ အထူးကုဆရာဝန် ခွင့်ပြု ၄၆ ဦး၊ ခန့်ထား ၆ ဦး၊ လစ်လပ် ၄၀ ဦး၊ လက်ထောက်ဆရာဝန် ခွင့်ပြု ၉၁ ဦး၊ ခန့်ထား ၁၅ ဦး၊ လစ်လပ် ၇၆ ဦး၊ လက်ထောက် ဆရာဝန် ခွင့်ပြု၃ ဦး၊ လစ်လပ် ၃ ဦး၊ ဦးစီးအရာရှိ ခွင့်ပြု၃ ဦး၊ လစ်လပ် ၃ ဦး၊ သူနာပြုဆရာမကြီး ခွင့်ပြု ၂၅ ဦး၊ ခန့်ထား ၂၀ ဦး၊ လစ်လပ် ၅ ဦး၊ လက်ထောက်အင်ဂျင်နီယာ ခွင့်ပြု ၁ ဦး၊ လစ်လပ် ၁ ဦး၊ လုပ်ငန်းအရာရှိ ခွင့်ပြု ၁၅ ဦး၊ ခန့်ထား ၃ ဦး၊ လစ်လပ် ၂၂ ဦး၊ သူနာပြုနှင့် အထက်တန်း ခွင့်ပြု ၁၀၂ ဦး၊ ခန့်ထား၁၂ ဦး၊ လစ်လပ် ၉၀ ဦး၊ သူနာပြု ၃ သွားဘက်ဆိုင်ရာ ခွင့်ပြု ၂ဦး၊ လစ်လပ် ၂ ဦး၊ သူနာပြု ၃ခွင့်ပြု  ၂၂၈ ဦး၊ ခန့်ထား ၁၆ ဦး၊ လစ်လပ် ၂၂၁ ဦး၊ သူနာပြု ၄ ခွင့်ပြု ၂၂ ဦး၊ ခန့်ထား ၁၂ ဦး၊လစ်လပ် ၁၀ ဦး၊ စာရေးဝန်ထမ်းခွင့်ပြု ၂၀ ဦး၊ ခန့်ထား ၆ ဦး  ၊ လစ်လပ် ၁၄ ဦး၊ ကျွမ်းကျင် လုပ်သား ၁၀၄ ဦး ၊ ခန့်ထား ၃၄ ဦး၊  လစ်လပ် ၇၀ ဦး ၊ အခြားဝန်ထမ်းများခွင့်ပြု ၈ ဦး၊ လစ်လပ် ၈ ဦး၊ အထွေထွေလုပ်သားများ ခွင့်ပြု ၆၇ ဦး၊ ခန့်ထား ၁၂ ဦး၊ လစ်လပ် ၅၅ ဦး။ ထို့ကြောင့် ကလေးမြို့ ဆေးရုံကြီးတွင် ခွင့်ပြုအင်အားစုစုပေါင်း ၇၆၆ ဦးသည် ခန့်ထားအင်အား ၁၄၆ ဦးသာရှိပြီး လစ်လပ်အင်အား ၆၂၀ ဦးရှိပါသဖြင့် မည်သည့်ကာလတွင် ခန့်ထားမည်ကိုသိရှိလိုပါကြောင်း၊

(၂)      ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် 240 KVA  ဆိုလာစနစ် တင်တောင်းထားကြောင်း သိရှိရပါကြောင်း၊ ရရှိပါက CT အပါအဝင် ဓာတ်မှန်ဌာန၊ အောက်ဆီဂျင်ဌာန၊ ကျောက်ကပ်ဌာနတို့ အတွက် လျှပ်စစ်ဓာတ်အားများလုံလောက်စွာ အသုံးပြုနိုင်ပါ‌မည်ဖြစ်ကြောင်း အဆိုပါ 240 KVA ဆိုလာစနစ်ကို မည်သည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ထမ်း Human Resource ပြုန်းတီးမှု အင်အားသည် အားလုံးသိသည့်အတိုင်း ပြီးခဲ့သည်နှစ်များတွင် များပြားခဲ့ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောင့်မှုပေးသည့်အခါ ပြတ်လပ်မှု မရှိစေရန် ဝန်ထမ်းအင်အားများကို အထိရောက်ဆုံး အသုံးပြုနိုင်ရန်အတွက် စီမံခန့်ခွဲခဲ့ခြင်းဖြစ် ပါကြောင်း၊ ထိုသို့ စီမံခန့်ခွဲသည့်အခါ ဖွဲ့စည်းပုံအင်အား အပြည့်အတိုင်း ပေးအပ်ရန် Human Resource အရ လိုအပ်လျက်ရှိပါကြောင်း၊ သို့သော် မိမိတို့ဝန်ကြီးဌာနဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ လိုအပ်သည့်  Human Resource များကို အကောင်းဆုံး မွေးထုတ်ပြီး ရရှိလာ သည့် ဝန်ထမ်းအင်အားများပေါ်မူတည်၍ လိုအပ်ချက်များကို ဆက်လက်ဖြည်းဆည်း ပေးသွားပါ မည်၊ ဒုတိယမေးခွန်းအေနေဖြင့် ဆိုလာတပ်ဆင်မှုနှင့် ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက ပြည်သူ့ဆေးရုံများအတွက် လိုအပ်သည့် လျှပ်စစ်ကို ၂၄ နာရီ အရေးပေါ် ဦးစားပေးအနေဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထို့အတူ လိုအပ်လျှင် အရေးပေါ်အသုံးပြုရန်အတွက် မီးစက်များလည်း ဆေးရုံများတွင် တပ်ဆင်ပေးထားပါကြောင်း၊ ဆိုလာတပ်ဆင်ရန် နေရာများ လိုအပ်ချက်များ တွက်ချက်ပြီး ရရှိလာသည့် ဘဏ္ဍာငွေပေါ်မူတည်၍ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည် ဆောင်ရွက်ပေးမည်ကို ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။