ဦးစိုင်းစိန်ဝင်း(လဲချားမဲဆန္ဒနယ်)
လဲချားမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးကို ၂၅ ခုတင်မှ ခုတင် ၅၀ သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိနှင့် မရှိပါက ဦးစားပေးအစီအစဉ်တွင် ထည့်ထားပေးပါရန်၊ လက်ထောက်ဆရာဝန်တစ်ဦး အမြန် ဆုံးခန့်အပ်ပေးပါရန်နှင့် မွေးလူနာအဆောင် သီးသန့်တစ်ဆောင် အမြန်ဆုံး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
(၁) လဲချားမြို့နယ်တွင် ၂၅ ခုတင် ပြည်သူ့ဆေးရုံကြီးဖြစ်ပြီး လက်ရှိ လူဦးရေထူထပ်မှုနှင့် လက်ရှိ သန်းခေါင်းစာရင်းအရ ၃၂,၂၇၉ ဦးရှိသော်လည်း လက်ရှိ အခြေအနေအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းထဲ မရှိ၍ မထည့်ဖြစ်သေးသောကြောင့် ခန့်မှန်းလူဦးရေ ၅၀,၀၀၀ ဦးမှ ၆၀,၀၀၀ ဦးကြားရှိနိုင်ပါကြောင်း၊ ၂၅ ခုတင်သည် လူနာများနှင့် မျှခြေမညီဖြစ်ခြင်းကြောင့် ဆေးရုံတွင် နှစ်စဉ် အတွင်းလူနာများ တစ်ရက်လျှင် ပျှမ်းမျှအတွင်း လူနာအရေအတွက် ၃၀ မှ ၄၀ ဦးအကြားရှိသဖြင့် ၁၀၀ရာခိုင်နှုန်းကျော်ဖြစ်နေပါကြောင်း၊
(၂) ဖွဲ့စည်းပုံ ၂၅ ခုတင်အရ လက်ထောက်ဆရာဝန် ၅ ဦးခန့်ထားပြီး လက်ရှိတွင် ၁ ဦးမျှ မရှိ လစ်လပ်နေသည့်အတွက် လက်ထောက်ဆရာဝန် ၁ ဦး အမြန်ဆုံးလိုအပ်နေပါသဖြင့် ခန့်ပေးပါရန်နှင့်
(၃) မွေးလူနာသီးသန့်ဆောင် ၁ ဆောင် အမြန်ဆုံး လိုအပ်နေကြောင်း၊ မွေးလူနာနှင့် မွေးကင်းစကလေးငယ်များသည် အခြားလူနာများနှင့် ရောနှောထားရှိခြင်းသည် ရောဂါပိုးမွှားများ ကူးစက်လွယ်ခြင်းအတွက် မွေးကင်းစကလေးငယ်များ ရောဂါပိုးမွှားများ ကြိုတင်ကာကွယ်နိုင်ရန် မွေးလူနာဆောင်သီးသန့် ၁ ဆောင် အမှန်တကယ် လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၅ ခုတင်မှ ၅၀ ခုတင်သို့ အဆင့်မြှင့်ပေးပါရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ် မရှိပါက ဦးစားပေးအစီအစဉ်ထဲ ထည့်သွင်းပေးပါရန်၊ လိုအပ်နေသည့် လက်ထောက်ဆရာဝန် ၁ ဦး အမြန်ဆုံး ခန့်အပ်ပေးပါရန်နှင့် မွေးလူနာဆောင် သီးသန့် ၁ ဆောင် အမြန်ဆုံးလိုအပ်နေကြောင်း မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က
၂၅ ခုတင်မှ ခုတင် ၅၀ အဆင့်တိုးမြှင့်ပေးရန်အစီအစဉ်နှင့်စပ်လျဉ်း၍ လဲချားမြို့နယ်ဆေးရုံ၏ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ် သုံးနှစ်စာ တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေသည် ၄၂ ဦးရှိပြီး တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေ ၅၀ ဦးထက်ကျော်လွန်မှသာ ခုတင်အဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဦစားပေးအစီအစဉ်တွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ လဲချားမြို့နယ်၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မောင်နွယ် ၁ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ ဇော်ဝင်းဌေးတို့နှင့်အတူ ဆီဆိုင်မြို့မှ လက်ထောက်ဆရာဝန်ဒေါက်တာ ဝင်းလွင်ဦးကို ပြည်သူ့ဆေးရုံကြီး၊ လဲချားမြို့တွင် တွဲဖက်တာဝန်ထားထားပေးပြီး ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် သစ်လွင်ဆရာဝန်များ ခန့်ထားသည့်အချိန်တွင်လည်း လက်ထောက်ဆရာဝန် ၁ ဦးကို ခန့်ထားပေးမည်ဖြစ်ပါကြောင်း၊ လဲချားမြို့နယ်တွင် သူနာပြုများ အနေဖြင့် အထက်တန်းသူနာပြု ၅ ဦးနှင့် သူနာပြု ၁၀ ဦးတို့ဖြင့် ဖွဲ့စည်းပုံအပြည့် ခန့်အပ်ထားပြီး ဖြစ်ကြောင်း၊ မွေးလူနာဆောင်သီးသန့် အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်း၍ လဲချားမြို့ ပြည်သူ့ဆေးရုံတွင် တစ်ထပ်ဆောင် အဆောက်အဦများဖြင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး အဆောက်အဦ၊ မွေးလူနာ၊ မွေးကင်းစကလေး လူနာဆောင်နှင့် သင်တန်း ခန်းမပါအဆောက်အဦ စံကိုက်ခွဲစိတ်ခန်းနှင့် သားဖွားခန်းပါရှိသည့် အဆောက်အဦ၊ ကူးစက်လူနာ ဆောင် အဆောက်အဦများ အသုံးပြုလျက်ရှိပြီး တိုးချဲ့ ၂ ထပ်ဆောင် ၄၂ ပေ x ၁၇၂ ပေအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်ပြီး ကျား မ အတွင်းလူနာများ၊ ကလေးလူနာများ၊ အောက်ဆီဂျင် လိုင်း တပ်ဆင်ထားသည့် သီးသန့်ခန်းများ အသုံးပြုလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တွင်လည်း ခွင့်ပြုရန်ပုံငွေကျပ် ၂၉.၃၇ သန်းဖြင့် မွေးလူနာ၊ မွေးကင်းစ ကလေးလူနာဆောင် အပါအဝင် တစ်ထပ်ဆောင် ၁ ဆောင်အား ပြင်ဆင်မွမ်းမံထားရှိပါကြောင်း။
သို့ဖြစ်ပါ၍ သင်တန်းခန်းမ ပါရှိသည့် အဆောင်တွင် သင်တန်းခန်းမအတွက် နေရာသုံးစွဲခြင်း မပြုဘဲ မွေးလူနာနှင့် မွေးကင်းစကလေးများအတွက် သီးသန့်ထားရှိရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိပါကြောင်းနှင့် လိုအပ်ပါက နှစ်ထပ်ဆောင်တွင်ရှိသည့် သီးသန့်ခန်းများတွင် အသုံးပြုပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။