နောက်ဆုံးရသတင်းများ
MY EN

(ဈ)-ဦးသန်းအေး(ကျောက်ဖြူမဲဆန္ဒနယ်)-မေးခွန်း

2026-06-15
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးသန်းအေး(ကျောက်ဖြူမဲဆန္ဒနယ်)

ကျောက်ဖြူမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွက် အရေးတကြီးလိုအပ်နေသည့် ဆေးဝါး များနှင့် ဆရာဝန်၊ ဝန်ထမ်းများအား ဆောလျင်စွာ စေလွှတ်ခန့်အပ်ပေးသွားရန်အစီအစဉ် ရှိ မရှိ အား သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ကျောက်ဖြူမြို့သည် ခုတင် ၂၀၀ ဆံ့ ခရိုင်အဆင့် ဆေးရုံရှိသော မြို့ဖြစ်ပါကြောင်း၊ ယခု ကာလ လုံခြုံရေးအခြေအနေကြောင့် ရခိုင်ပြည်နယ်ရှိမြို့များတွင် ရန်ကုန်သို့ သွားရောက် ပညာ သင်ဆေးကုသွားမည့်သူများသည် ကျောက်ဖြူမှတစ်ဆင့် လေကြောင်းခရီးတစ်ခုသာ သွားလာ နိုင်ပြီး ငွေကြေးအခက်အခဲများစွာ ကုန်ကျပါကြောင်း၊ လက်ရှိတွင် ကျောက်ဖြူဆေးရုံ၌ ကုသရေး ဆေးဝါးများ ပြတ်လပ်နေပြီး ဝန်ထမ်းအင်အားအနေဖြင့် ယခင် ကဆရာဝန် ၃၀ဦးရှိခဲ့ပြီး ယခုအခါ ဆေးရုံအုပ်ကြီးအပါအဝင် ၃ ဦးသာရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မနိုင်တာဝန် ထမ်းဆောင်နေခဲ့ရသည်မှာ ၂ နှစ်ခန့် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခုတင် ၂၀၀ ဆံ့ဆေးရုံကြီး အတွက် အရေးတကြီး လိုအပ်နေသည့် ဆေးဝါးများနှင့် ဆရာဝန်၊ ဝန်ထမ်းများအား ဆောလျင်စွာ ခန့်အပ်ပေးသွားရန် အစီအစဉ် ရှိ/မရှိ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးကာလတွင်ပါတီဌာနချုပ်မှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းခဲ့ပါကြောင်း၊ သို့ရာတွင် အခုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကာလတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ခွဲစိတ်ဆရာဝန်၊ ကလေးအထူးကု ဆရာဝန်၊ ဓာတ်မှန်ဆရာဝန်နှင့် ဆေးရုံအုပ်ကြီးအသစ်တို့ရောက်ရှိလာသည့် သတင်းကို ကြားရပါ ကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများကို များစွာ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့် ယခုထက် ပိုမိုကောင်းမွန်ပြည့်စုံသော ကူညီပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်း၍ ပြောကြားခဲ့ပါသည်။ 

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က

မေးမြန်းချက်နှင့်စပ်လျဉ်း လိုအပ်ချက်များကိုလည်း မိမိတို့ဖြည့်ဆည်းပေးထားပြီး ဖြစ်ပါ ကြောင်း၊ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် လိုအပ်မှုရှိနေသည့် ပစ္စည်းများနှင့်စပ်လျဉ်းပြီး  ၂၀၂၅-၂၆ ဘဏ္ဍာနှစ် အတွင်းမှာဓာတ်ခွဲခန်းသုံး ဖြစ်သည့် သွေးအုပ်စုခွဲခြားပေးသည် ဆေးရည်များ၊ သွေးသွင်းရာ တွင်အသုံးပြုသည့် သွေးအိတ် အမျိုးမျိုး၊ အသည်းရောင်အသားဝါဘီပိုးနှင့်စီပိုး HIV/ ကာလသားရောဂါ၊ ငှက်ဖျား၊ သွေးလွန် တုပ်ကွေးစသည့် ရောဂါစစ်ဆေးသည့် Test Kit များ၊ လိုအပ်သည့်ပတ်တီးလိပ်မျိုးစုံ၊ ဆေးရုံသုံး သန့်စင်ပြီးဂွမ်းလိပ်၊ ချည်သားဆေး ပတ်တီးလိပ် စသည်တို့ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ဆေးဝါးဝယ်ယူရေး အတွက် ရန်ပုံငွေကျပ် ၁၉ သန်း ခွင့်ပြုခဲ့ပြီး ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင်လည်း ကျပ် ၂၀ သန်း ခွဲဝေချထားပေးပြီးဖြစ်သည့်အတွက် အရေးတကြီးလိုအပ်သည့် ဆေးဝါးများကို ဆေးရုံအုပ်ကြီး၏ အစီအစဉ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ခွဲစိတ်ခန်းသုံး ထိန်းချုပ် ဆေးဝါးများဖြစ်သည့် Injection Diazepam, Injection Ephedrine, Injection Tramadol စသည့် ကိုက်ခဲမှု၊ နာကျင်မှုများကို ပျောက်ကင်းစေသည့် ဆေးများကိုလည်း  ထောက်ပံ့ပေးထား ပြီးဖြစ်ပါကြောင်း၊ ဆက်လက် လိုအပ်ချက်နှင့်အညီ ဆေးဝါးများဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ။

ဆရာဝန်၊ ဝန်ထမ်းများအား ခန့်အပ်ပေးမှုအခြေအနေနှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီး တစ်ဦးကို  ၁--၂၆ ရက်နေ့တွင် ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးတွင် ရောက်ရှိတာဝန်ထမ်းဆောင် စေပြီး လက်ရှိဆေးရုံအုပ်ကြီးအပြင် ခွဲစိတ်အထူးကု၊ ဓာတ်မှန်အထူးကုဆရာဝန်များ  လက်ထောက် ဆရာဝန် တစ်ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဆက်လက်၍ ဆရာဝန်များ၊ သူနာပြုများ  လေ့ကျင့်မွေးထုတ်မှုအပေါ် မူတည်၍ လုပ်ငန်းလိုအပ်ချက်နှင့်အညီ တာဝန်ချထားပေးသွားမည် ဖြစ်ပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းသစ်လွင်များကိုလည်း  ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ခန့်ထားပေးရန် စီစဉ်ထားပါကြောင်း၊  ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးတွင် လောလောဆယ် သူနာပြုအုပ် ၁ ဦး၊ သူနာပြုကြီး ၄ ဦး၊ အထက်တန်းသူနာပြု ၁၅ ဦး၊ သူနာပြု ၃ ဦးရှိပါကြောင်းနှင့် သစ်လွင်သူနာပြု ၅ ဦးကိုလည်း၂၀၂၆ ခုနှစ်၊ ဇွန်လထဲတွင် ခန့်ထားပေးပြီးဖြစ်ကြောင်း၊ ထို့အပြင် ဆေးရုံအုပ်ကြီးအနေဖြင့် နေ့စားဝန်ထမ်းများ လိုအပ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြု ခန့်ထားနိုင်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။