နောက်ဆုံးရသတင်းများ
MY EN

(ည)-ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)-မေးခွန်း

2026-06-15
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)
ထန်းတပင်မြို့နယ်၊ ညောင်ရိုးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိနှင့် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုး ကျေးရွာသည် လူဦးရေ ၁၅၅၄ ဦးရှိပြီး ကုက္ကိုလ်ဝမြစ်ကမ်းပါးပေါ်တွင် တည်ရှိပါကြောင်း၊ မိုးတွင်းကာလ၌ အဆိုပါ ကျေးရွာသည် ဆည်မြောင်းဦးစီးဌာန၏ ရေတားတမံတွင် သွားလာနေရခြင်းကြောင့် ဗွက်ထူထပ် ခြင်း၊ သွားရေးလာရေးအခက်အခဲများနှင့် ကြုံတွေ့နေရခြင်း၊ အဆိုပါကျေးရွာသည် မြစ်ကမ်းဘေး တွင် တည်ရှိနေခြင်းကြောင့် စက်လှေမရှိလျှင် သွားရေးလာရေးအတွက် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်သည့်အခါ လွန်စွာဒုက္ခရောက်ပါကြောင်း။

အဆိုပါ ညောင်ရိုးကျေးရွာ အထက်တန်းကျောင်းတွင် ကရင်ချောင်းရွာ၊ စာဖြူစုရွာ၊ သနပ်ပင် ကျေးရွာ၊ မြစ်တစ်ဘက်ကမ်းတွင်ရှိသည့် ညောင်ရိုးကျေးရွာများမှ ကျောင်းသား ကျောင်းသူများ လည်း လာရောက်ပညာသင်ကြားလျက်ရှိပါကြောင်း၊ ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု များ လိုအပ်ပါကြောင်း၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန တစ်ခု ဆောက်လုပ်နိုင်ရန်အတွက် အကျယ် ပေ ၁၁၀၊ အနံ ပေ ၁၁၀ ရွာပိုင်မြေကို ဆောင် ရွက်ထားပြီးဖြစ်ပါကြောင်း၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာတွင် ကျေးလက် ကျန်းမာ‌ရေး ဌာနခွဲတစ်ခု ပေါ်ပေါက်မည်ဆိုပါက ညောင်ရိုးကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာ၊ မြစ် တစ်ဘက်ကမ်းရှိကျေးရွာများ စုစုပေါင်း ၈ ရွာရှိ လူဦးရေပေါင်း ၄,၆၆၂ ဦးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ခံစားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ၊ အဆိုပါကျေးရွာ ကျန်းမာရေးဌာနခွဲအား မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန ၆ ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၅ ဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ဌာန ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာတွင် အိမ်ခြေ ၃၂၀ အိမ်နှင့် လူဦးရေ ၁,၂၅၉ ဦးရှိပါ ကြောင်း၊ ညောင်ရိုးကျေးရွာသည် ထိုးနာရီကျေးလက်ကျန်းမာရေးဌာနခွဲအောက်တွင်ရှိပြီး အဆိုပါ ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ၆ ဖာလုံ (၀.၈) မိုင်အကွာတွင် တည်ရှိပြီး ထိုးနာရီ ကျေးလက် ကျန်းမာရေးဌာနခွဲသည်  ထိုးနာရီရွာ၊ ညောင်ရိုးရွာ၊ ကရင်ချောင်းရွာ၊ စာဖြူစုရွာ၊ သနပ်ပင်ရွာ၊ အညာစုရွာများရှိသည့်  အိမ်ခြေ ၁,၀၀၀ အိမ်နှင့် လူဦးရေ ၅,၀၀၀ ဦးကျော်ကို သားဖွား ဆရာမ ၁ ဦး နှင့် ကျန်းမာရေးမှူး(၄)တစ်ဦး စုစုပေါင်း ၂ ဦးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း။

ညောင်ရိုးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ ခု ဖွင့်လှစ်ခွင့်ရရှိပါက ထပ်မံလာ ရောက်ပြသနိုင်သည့်ကျေးရွာသည် ကရင်ချောင်းကျေးရွာရှိပြီး ကရင်ချောင်းကျေးရွာတွင် အိမ်ခြေ ၉၆ အိမ်နှင့် လူဦးရေ ၃၇၈ ဦးရှိသည့်အတွက် လူဦးရေအများဆုံး ၁,၆၃၇ ဦးကိုသာ ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံမူအားဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု ဖွင့်လှစ်ရန်အတွက်  လူဦးရေပျမ်းမျှအနည်းဆုံး ၂,၀၀၀ ဦးခန့် လွှမ်းခြုံမှုရှိရန် လိုအပ်ပါကြောင်း၊ လက်ရှိတွင်လည်း ညောင်ရိုးကျေးရွာနေ ပြည်သူများကို ထိုးနာရီ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ရှိသည့် ကျန်းမာရေးဝန်ထမ်းများမှ တစ်ပတ်လျှင် တစ်ကြိမ် သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ရန် လက်ရှိကာလတွင် လိုအပ်မှု မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။