နောက်ဆုံးရသတင်းများ
MY EN

(က)-ဦးကိုကိုသင်း(ကမာရွတ်မဲဆန္ဒနယ်)-မေးခွန်း

2026-06-12
တတိယအကြိမ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးကိုကိုသင်း(ကမာရွတ်မဲဆန္ဒနယ်)
အခြေခံလူထုစားသောက်ကုန်နှင့် ဆေးဝါးများအပေါ် သွင်းကုန်အခွန်လျှော့ချပေးရန်နှင့်ဒေသတွင်း ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ထိရောက်သောမူဝါဒမျိုး ချမှတ်ဆောင်ရွက်ရန်အစီအစဉ်ရှိ မရှိ နှင့် ဒေသကုန်ထုတ်လုပ်သူများကို မည်သို့ထိရောက်သည့်မူဝါဒများနှင့် ပံ့ပိုးသွားမည်ကို သိရှိ လိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ယနေ့ မိဘပြည်သူ တစ်ရပ်လုံးသည် နေ့စဉ်နှင့်အမျှ မြေပြင်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှု ဒုက္ခကို ရင်ဆိုင် ကြုံတွေ့နေကြရပါကြောင်း၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများနှင့် အခြေခံ ဝန်ထမ်း များ၏ နေ့စဉ် မရှိမဖြစ်လိုအပ်သည့် အခြေခံစား‌သောက်ကုန်များနှင့် ကျန်းမာရေးအတွက် အားကိုးနေရသည့် ဆေးဝါးများ ဈေးနှုန်းအဆမတန်မြင့်တက်နေခြင်းသည် ပြည်သူတို့၏ ရှင်သန်ရပ်တည်ရေး  စိန်ခေါ်လာနေပြီဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ပြည်သူလူထု ကြုံတွေ့နေရသည့်ဒုက္ခကိုမျက်ကွယ်ပြုထား၍မရပါကြောင်း၊လက်ရှိအခြေအနေတွင်ကုန်ဈေးနှုန်း ကို ချက်ချင်း လျှော့ချပေးနိုင်ပြီး အလျင်အမြန်ဆုံးနှင့် အထိရောက်ဆုံးသော အချက်မှာ အစိုးရဘက်မှ စည်းကြပ်ထားသည့် အခွန်မူဝါဒများကို ယာယီ ဖြေလျှော့ပေးခြင်းဘဲဖြစ်ကြောင်း။

ကုန်ဈေးနှုန်းကြီးမြင့်သည့် အကြပ်အတည်းကို အခွန်မူဝါဒနှင့်ဖြေလျှော့ပေးသည့် နည်းလမ်း သည် မိမိတို့ သမားရိုးကျတွေးတော၍ အဆိုပြုခြင်းမဟုတ်ကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများ တွင်လည်း လက်တွေ့ကျင့်သုံးပြီး ပြည်သူတွေများ ကယ်တင်ပေးခဲ့သည့် သာဓကများ အခိုင်အမာ ရှိပါကြောင်း၊ ပထမဦးဆုံး သာဓကအနေဖြင့် ဖိလစ်ပိုင်နိုင်ငံကိုကြည့်လျှင် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ  အဆမတန်တက်လာသည့် အခါတွင် ပြည်သူများ အဓိကစားသုံးသည့် ဆန်၊ ပြောင်းဖူး နှင့် ဝက်သားကဲ့သို့သော အခြေခံစားကုန်များအပေါ် စည်းကြပ်ထားသည့် သွင်းကုန်ခွန်များကို နိုင်ငံတော်သမ္မတ၏အမိန့်ညွှန်ကြားချက်နှင့်ချက်ချင်းအရေးပေါ်ယာယီလျှော့ချပေးပြီး ကုန်ဈေးနှုန်း ကိုထိန်းညှိခဲ့ပါကြောင်း၊ ဒုတိယ သာဓကအနေဖြင့် အင်ဒိုနီးရှားနိုင်ငံတွင်လည်း ကမ္ဘာ့စီးပွားရေး အခြေအနေကြောင့်ဆေးဝါးပစ္စည်းများနှင့်အခြေခံစားသောက်ကုန်ဈေးကြီးလာချိန်တွင် ပြည်သူများ ၏ ကျန်းမာရေးနှင့် စားဝတ်နေရေး မထိခိုက်ရန်အတွက် ၎င်းကုန်စည်များအပေါ် စည်းကြပ်ထား သည့်ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ပေးခြင်း သို့မဟုတ် အစိုးရက စိုက်ပျိုး စရိတ်ကျခံခြင်း မူဝါဒကိုအရေးပေါ်ကျင့်သုံးခဲ့ပါကြောင်း၊ တတိယအနေဖြင့် ထိုင်းနိုင်ငံကိုကြည့်လျှင် ၎င်းတို့က ပြည်ပ   မှသွင်းကုန်ခွန်ကို ဖြေလျှော့ပေးရုံတင်မကဘဲ ပြည်တွင်း ကုန်ထုတ်လုပ်မှုကျောရိုး မပြိုလဲ စေ ရန် အတွက် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာနှင့် တိရစ္ဆာန် အစာများ အပေါ် တွင် ဖြေလျှော့ပေးပြီး ဒေသတွင်း ကုန်ထုတ်လုပ်သူ များကို သက်သာသည့်အတိုးနှုန်းဖြင့် အရေးပေါ် ချေးငွေထုတ်ပေးသည့် နည်းလမ်းနှင့် ရေရှည်ဗျူဟာ ကျင့်သုံးခဲ့ပါကြောင်း၊ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံဒေသ အတွင်းတွင် ကောင်းမွန်သည့် အခွန်ထိရောက်မှု သာဓကများကို နမူနာယူပြီး လက်ရှိ ပြည်သူများခံစား နေရသည့် ကုန်ဈေးနှုန်းဒုက္ခကို ချက်ချင်း ဖြေလျှော့ပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် ပြည်သူများ လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းအကြပ်အတည်းကို ရေတိုရော၊ ရေရှည်ပါ ကုစားပေးနိုင်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို အောက်ပါ အတိုင်း မေးခွန်း ၃ ခုဖြင့် မေးမြန်း လိုပါကြောင်း၊ ပြည်သူများ နေ့စဉ်မရှိမဖြစ်သုံးစွဲနေရသော အခြေခံစားသောက်ကုန်များနှင့် ဆေးဝါး များ အ‌ပေါ် စည်းကြပ်ထားသည့် သွင်းကုန်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအား ကာလတို၊ ယာယီဖြေလျှော့ ပေးမှုအရေးပေါ်အစီအစဉ်ရှိ /မရှိစိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံသောပြည်တွင်းကုန်ထုတ် လုပ်သူ များအတွက် မရှိ မဖြစ်လိုအပ်သည့် သွင်းအားစုများအပေါ် အခွန်များ ဖြေလျှော့ ပေးရန် စီမံထားခြင်း ရှိ /မရှိ၊ တစ်ဆက်တည်းမှာ နိုင်ငံတော်၏ရေရှည်တည်တံ့သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ပသွင်းကုန်အပေါ် လွန်ကဲစွာ မှီခိုနေရမှုကို စနစ်တကျ လျှော့ချ ပေးပြီးပြည်တွင်းကုန်ထုတ်လုပ်မှု ရေရှည်ပံ့ပိုးကူညီပေးရန် အစီအစဉ် ရှိ /မရှိ တို့ကိုသိလို ပါကြောင်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၊ ဦးထွန်းအုံ

သွင်းကုန်အပေါ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ကောက်ခံသည့် အခွန် ၄ မျိုးရှိပြီး ၎င်းတို့မှာ အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ ဖြစ်ပါ ကြောင်း၊ အထူးကုန်စည်ခွန်သည် ပြည်သူများ၏ ကျန်းမာရေး၊လူမှုရေးအပေါ်ဘေးထွက်ဆိုးကျိုး ဖြစ်စေသည့် စီးကရက်၊ အရက်၊ ဘီယာစသည့် အထူးကုန်စည်များအပေါ်တွင်သာ ကောက်ခံခြင်း ဖြစ်ပြီး အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများအပေါ်တွင် ကောက်ခံခြင်းမရှိပါကြောင်း နှင့် ကြိုတင် ဝင်ငွေခွန်သည်လည်း ကုန်စည်တင်သွင်းမှုဆောင်ရွက်သည့် လုပ်ငန်းရှင်များ၏ အသားတင် အမြတ်ငွေ အပေါ်တွင်သာ ကျသင့်ပေးဆောင်ရသည့် တိုက်ရိုက်ခွန်ဖြစ်ပြီး တင်သွင်း လာသည့် ကုန်စည်၏ ကနဦး ဆိုက်ရောက်တန်ဖိုးနှင့် ပြန်လည်ရောင်းချသည့် ရောင်းဈေးတို့အပေါ် တိုက်ရိုက် သက်ရောက်မှု မရှိပါကြောင်း ၊ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ (ကနှင့် ပုဒ်မခွဲ (တို့တွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲအမျိုးမျိုး၊  အသား၊ ငါး၊ ဥအမျိုးမျိုး စသည့် အခြေခံ စားသောက်ကုန်များ၊ အိမ်သုံးဆေးဝါး၊ လူသုံးဆေးဝါး၊ တိုင်းရင်းဆေးဝါးစသည့် ဆေးဝါး အမျိုးမျိုး အပါအဝင် ပြည်သူလူထုအတွက် အခြေခံလိုအပ်သည့် ကုန်စည် ၄၆ အုပ်စုနှင့် ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးစသည့် အခြေခံ ဝန်ဆောင်မှု ၃၄ အုပ်စုတို့ကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း။

ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၂-၁၀-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈၅/၂၀၂၂)ဖြင့် ဆေးဝါးပစ္စည်းနှင့် ဆေးဝါးရှားပါးမှုမဖြစ်စေရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါပြီးကာလ များတွင် ပြည်တွင်းဆေးပစ္စည်းနှင့် ဆေးဝါးထုတ်လုပ်သည့်စက်ရုံများ ဆက်လက်ရှင်သန်နိုင်ရေး၊ စက်ရုံအသစ်များတိုးပွားလာရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံအိမ်သုံးဆေးဝါး များအား အခွန်ကင်းလွတ်ခွင့်ဖြင့် သတ်မှတ်ပြဋ္ဌာန်းထားပြီး အဆိုပါဆေးဝါးများမှအပ ကျန်ဆေးဝါး များအား အကောက်ခွန် ၁.၅ ရာခိုင်နှုန်းဖြင့် သတ်မှတ် ကောက်ခံလျက်ရှိပါကြောင်း၊ ၄--၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၃ဖြင့် ထုတ်ပြန်ထားသည့် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်အမျိုးအစားများတွင် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးရန်နှင့် ဆေးဝါးထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ကာ ဆေးဝါးဈေးနှုန်းများ ကျဆင်းရန်အတွက်   ဆေးဝါး ကုန်ကြမ်း ၄၅၄ မျိုးကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပြီးလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ပိုင် မြန်မာ့ဆေးဝါးလုပ်ငန်းတွင်ရှိသည့် ဆေးဝါးစက်ရုံများ၌ အသုံးပြုနေသည့် ဆေးဝါး ကုန်ကြမ်း ၃၆၅ မျိုးကိုလည်း ထပ်မံထည့်သွင်း၍ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေး အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ကုန်သွယ် လုပ်ငန်း ခွန်ကင်းလွတ်ခွင့်ရှိသည့် ဆေးဝါးကုန်ကြမ်းများအား အကောက်အခွန် ကင်းလွတ်ခွင့် လျှောက်ထားလာပါကလည်း မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ ခုနှစ်အရ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါး လုပ်ငန်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့မှ စိစစ်ထောက်ခံတင်ပြပြီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရေရှည်ရှင်သန်တိုးတက်စေရန် ၊ သွင်းကုန်အစားထိုးထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်စေရန်အတွက် နိုင်ငံတော် မှ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများ ထူထောင်ထားရှိခြင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီးပြည်နယ်အသီးသီးတွင် ဒေသထွက်ကုန်များအတွက် ကုန်စည်ပြပွဲများကို ကျင်းပပြုလုပ်ပေးပြီး ဈေးကွက်ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊  အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် အခြေခံစားကုန်များ၏ နေ့စဉ်ဈေးနှုန်းဖြစ်ပေါ်နေမှုနှင့် ကုန်စည် စီးဆင်းမှုများကို စိစစ် သုံးသပ်၍ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ကုန်စည်စီးဆင်းမှုများအား မှန်ကန် မြန်ဆန်စေရေး အတွက် ဆက်စပ်ဌာနများနှင့်လည်း ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းဆန် စားသုံးမှု ဖူလုံစေရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေး၊သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သောဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေး၊ သင့်တင့်မျှတသော ဆန်စပါး အခြေခံရည်ညွှန်းဈေးနှုန်းများကို အခါအားလျော်စွာ ထုတ်ပြန်ခြင်းတို့ကိုလည်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့အပြင် စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့် သော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရေးနှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျအပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်၏ထောက်ပံ့မှုအစီအစဉ် တစ်ရပ် အနေဖြင့် တင်သွင်းမှု တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ရည်ညွှန်း ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ ၇၅ ရာခိုင်နှုန်းကို FX Online Trading နှုန်း ၃,၆၆၇ ကျပ်၊ နှစ်ရပ်ပေါင်း ပျမ်းမျှငွေလဲနှုန်း ၃,၂၇၈ ကျပ်ဖြင့် စားအုန်းဆီရည်ညွှန်းဈေးနှုန်းကို တွက်ချက်ပြီး နေ့စဉ်ထုတ် သတင်းစာများတွင် အပတ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိပါကြောင်း၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်ရန်နှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် အဓိက အသုံးပြုလျက်ရှိသည့် ဒီဇယ်ဆီ 500 PPM ကို နိုင်ငံတော်မှ နိုင်ငံခြားငွေစိုက်ထုတ်ပေးခြင်း၊ စက်သုံးဆီ တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း တို့ကိုလည်း ကင်းလွတ်ခွင့်ပြုထားကြောင်းကို အများပြည်သူများသို့ အသိပေး ကြေညာ ချက် ထုတ်ပြန်ခဲ့ပြီး စက်သုံးဆီရည်ညွှန်းဈေးနှုန်းအား အပတ်စဉ်ထုတ်ပြန်ကြေညာ ဆောင်ရွက်ပေး လျက် ရှိပါကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ တင်သွင်းခြင်းအစား၊ ပြည်တွင်းထုတ်ကုန်များဖြင့် အစားထိုးထုတ်လုပ်ပြီး မဖြစ်မနေလို အပ်သည့် ဓာတုပစ္စည်းကဲ့သို့သော ပြည်တွင်းမှထုတ်လုပ်နိုင်ခြင်းမရှိသည့် ကုန်ကြမ်းများကိုသာ တင်သွင်း ခွင့်ပြုလျက်ရှိပါကြောင်း၊ ပြည်ပမှ ကုန်ကြမ်းတင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်း ထွက်ကုန်များကို ပြည်ပသွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရန်အတွက် သီလဝါအထူး စီးပွားရေးဇုန် အတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များကို ကုန်ကြမ်းများပြည်ပမှ တင်သွင်းခြင်း အစား ပြည်တွင်း ထွက်ကုန်များအဖြစ် အသုံးပြုနိုင်ရေးအတွက် ပြည်တွင်းမှာရှိသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက် လည်ပတ်လျက်ရှိပါ ကြောင်း၊ ကုန်ဈေး နှုန်းသည် ရောင်းလိုအားနှင့်ဝယ်လိုအားကို အခြေခံ၍ ပြောင်းလဲခြင်းဖြစ်သဖြင့် ပြည်တွင်း ရောင်းလိုအားတိုးတက်စေရေး၊ ထုတ်လုပ်မှုအတွက် လိုအပ်သောကုန်ကြမ်းများကို စက်ရုံရှိ သည့် ထုတ်လုပ်သူများထံ တိုက်ရိုက်လုံလောက်စွာရရှိစေရေးအတွက် မြေပြင်စစ်ဆေး၍ လိုအပ်ချက် များကို ပံ့ပိုးကူညီခြင်း၊ ထိန်းကျောင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အရေးတကြီး သုံးစွဲရန် မလိုအပ်သောကုန်စည်များကို ပြည်ပမှတင်သွင်းမှုကိုလျှော့ချပြီး ပြည်တွင်း ထုတ်ကုန်စည် များ အစားထိုးသုံးစွဲနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များ နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ပသွင်းကုန်လျှော့ချပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ ရေရှည်ရှင်သန်တိုးတက်စေရန်နှင့် သွင်းကုန်အစားထိုး၍ ပြည်ပသို့ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်စေရေး နိုင်ငံတော်မှ MSME လုပ်ငန်းရှင်များကို သက်သာသော အတိုးနှုန်းဖြင့်‌ ချေးငွေ ရရှိစေရေး ပံ့ပိုးကူညီခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ Two-Step Loan ချေးငွေရရှိရေး ပံ့ပိုးကူညီခြင်း၊ ဖွံ့ဖြိုးရေးဘဏ်များနှင့် ချိတ်ဆက်၍ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများရရှိစေရန် ပံ့ပိုးကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊  ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စုအကောက်ခွန်ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)တွင် မြေပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ဆီ၊ ဖွဲနုဆီ၊ ကြိတ်ဖတ်၊ ဆီကြိတ်ဖတ်များကို ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ရန် အတွက် ဥပဒေလည်း ထုတ်ပြန် ထားပြီးလည်းဖြစ်ပါကြောင်း၊ ထို့အပြင် တိရစ္ဆာန်များအတွက် အစားအစာများ၊ ငါးပုစွန်အစား အစာ များ၊ ကုန်ကြမ်းများနှင့် ကုန်ချောများကိုလည်း အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း ကိုလည်း ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ စားသုံးသူများအတွက် အရည်အသွေး၊ ဈေးနှုန်းမှန်ဖြင့် ရွေးချယ်ဝယ်ယူခွင့်ရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရှိစေရန်နှင့် ဈေးကွက်အတွင်း ကန့်သတ် ပိတ်ဆို့မှုများကို စားသုံးကာကွယ်ရေးဥပဒေဖြင့် စောင့်ကြည့်ထိန်းကျောင်းပေးလျက်ရှိပါကြောင်း၊ ဈေးကွက်ကို လက်ဝါးကြီးအုပ်ခြယ်လှယ်ခြင်း၊ ဒေသတွင်းကုန်ထုတ်လုပ်သူအနေဖြင့် လုပ်ငန်းကြီးများ နှင့် တန်းတူညီမျှစွာ ယှဉ်ပြိုင်ခွင့်ရရှိစေရန်အတွက်ကိုလည်း ယှဉ်ပြိုင်မှုဥပဒေအဖြစ် တားဆီးအရေးယူ ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်တွင်းကုန် ထုတ်လုပ်မှု မြင့်မားလာစေရေး၊ သွင်းကုန်အစားထိုးပြီး ပြည်ပသို့တင်ပို့နိုင်စေရေးတို့အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။