နန်းသန်းသန်းမွှေး(မိုင်းကိုင်မဲဆန္ဒနယ်)
ရှမ်းပြည်နယ် စစ်ဘေးရှောင်များ ယာယီနေအိမ်၊ အလုပ်အကိုင်အခွင့်အလမ်း၊ မှတ်ပုံတင် လျှောက် ရာတွင် လဝကမှ မိမိတို့နေထိုင်ရာမြို့ ထောက်ခံစာများ ရယူပေးရန်တို့နှင့်စပ်လျဉ်း၍ စစ်ဘေး ရှောင်များ၏ဘဝကို ကူညီပေးရန် အစီအစဉ် ရှိ မရှိ၊ အစီအစဉ်မရှိပါက ဦးစားပေးအစီအစဉ် ဆောင်ရွက်ပေးစေလိုကြောင်း သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ယခုလက်ရှိ ရှမ်းပြည်နယ်တွင် မိမိနေရပ်သို့ ပြန်မရောက်နိုင်ကြသေးသော စစ်ဘေးရှောင်များ အများ အပြားရှိနေပါကြောင်း၊ စစ်ဘေးရှောင်ဘဝသည် ဒုက္ခပေါင်းမျိုးစုံ ကြုံတွေ့နေရသည်မှာလည်း အမှန် ဖြစ်ပါကြောင်း၊ စစ်ဘေးရှောင်များ၏ဘဝကို ကိုယ်ချင်းစာသောအားဖြင့် စစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို ကူညီပေးစေလိုပါကြောင်း၊ လက်ရှိ မိုးဗြဲမြို့မှ စစ်ဘေးရှောင်များသည် ပင်လောင်း မြို့နယ်တွင် ခန့်မှန်းလူဦးရေ ၃၀၀ ကျော်၊ ၄၀၀ နီးပါးခန့်၊ တခြားမြို့နယ်များမှာ စစ်ဘေးရှောင်များ သည်လည်း တီဂျစ်၊ နောင်တရား စသည့်နယ်များ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်း၊ မိုင်းပန် မြို့နယ်၊ လဲချားမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များတွင်လည်း စစ်ဘေးရှောင်များစွာ ကျန်ရှိနေသေးသည်ကိုသိရှိရပါကြောင်း၊ စစ်ဘေးရှောင်များ၏ လိုအပ်ချက်မှာ စစ်ရှောင်ကာလကြာရှည် လာသည် နှင့်အမျှ အိမ်ငှားစရိတ် ကြီးခြင်းကြောင့် ယာယီနေအိမ်များ စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ မှတ်ပုံတင်လျှောက်ရာတွင် လ.ဝ.က မှ ၎င်းတို့ နေထိုင်ရာမြို့ ထောက်ခံစာများ ရယူပေးနိုင်ပါရန်ပြောကြားချက်များစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ သို့ဖြစ်ပါ၍ စစ်ဘေးရှောင်များ၏ဘဝကို ကူညီပေးရန်အစီအစဉ်ရှိ မရှိ/ အစီအစဉ် နှင့်အစီအစဉ်မရှိပါက ဦးစားပေးအဖြစ် ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမြင့်ကြိုင်
ရှမ်းပြည်နယ်တွင် ခရိုင် ၂၁ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၄ ခု၊ မြို့နယ်ပေါင်း ၅၁ မြို့နယ် ရှိပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်တွင် ရှမ်းပြည်(မြောက်ပိုင်း) ဖြစ်စဉ်များ၊ ကယားပြည်နယ်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာသူဦး ၉၉,၅၈၁ ဦးအထိ ရှိခဲ့ပါကြောင်း၊ ယာယီနေရပ်စွန့်ခွာသူများ ဘဝရပ်တည် နေထိုင်နိုင်ရေး အတွက် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများအပါအဝင် နားခိုရာနေရာများ ဖန်တီးဆောင်ရွက် ပေးခြင်း၊ စားရေရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းများကို မပြတ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည့်အပြင် NGO၊ INGO အဖွဲ့များနှင့် ပေါင်းစပ်ကူညီဖြည့်ဆည်း ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့အပြင် ယာယီနေရပ်စွန့်ခွာမိသားစုများ၏ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားမှုကို ထိခိုက်မှုမရှိစေရန် အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားနိုင်ရန်စီမံပေးခဲ့ပါကြောင်း၊ ယာယီနေရပ်စွန့်ခွာသူများ စားဝတ်နေရေးပြေလည်စေရန် ကျွမ်းကျင်သည့်အလုပ် အကိုင်အလိုက် ဒေသတွင်းအလုပ်အကိုင်ရရှိရေး စီမံဖန်တီးခြင်းအပြင် နိုင်ငံတော်မှ တစ်ဦးလျှင် တစ်လ၂ဝ,ဝဝဝ ကျပ်နှုန်းဖြင့် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိစုစုပေါင်း ၁၁.၅၉ ဘီလီယံ ကို ထောက်ပံ့ ပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီလစာရင်းအရ ယာယီနေရပ် စွန့်ခွာသူပေါင်း ၉,၂၉၇ ဦးသာ ကျန်ရှိပါကြောင်းနှင့် ၎င်းအင်အားများမှာလည်း မကြာမီ မိမိတို့ နေရပ်အသီးသီးသို့ ပြန်လည် ဝင်ရောက်အခြေချကြရန် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
ရှမ်းပြည်နယ်တွင် မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းတံတား လုပ်ငန်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်း၊ ရုံးဌာနများ၊ နေအိမ် အဆောက်အဦ များနှင့် လူ့အသက်အိုးအိမ်ထိခိုက်ပျက်စီးရမှုများကို ဦးစားပေးပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေရ၍ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ယာယီနေထိုင်နိုင်ရေး၊ စားရေရိက္ခာ ရရှိရေး ကိစ္စရပ်များကိုသာ ပေါင်းစပ်စီမံဆောင်ရွက်ပေးလျက်ရှိပြီး လတ်တလောတွင် နေအိမ် အဆောက်အဦများ ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များ ကြောင့် လုံခြုံရေးအခြေအနေအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်ဦးစီးမှူးရုံး ၁၂ ရုံးအား မူလ ဒေသများ တွင် ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ တောင်ကြီးမြို့ ဆရာဝန်ကြီးများအသင်းတိုက်တွင် ယာယီရုံး ဖွင့်လှစ်၍ ယာယီနေရပ်စွန့်ခွာသူများကို လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အသက်(၁ဝ)နှစ်မှ (၁၈)နှစ်ပြည့် လဲလှယ်၊ ပျောက်ဆုံး၊ ပျက်စီးမိတ္တူလျှောက်ထားသူ စုစုပေါင်း ၉,၈၄၃ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ ၂၇၉ ခု ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင် လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာ၍ တောင်ကြီး မြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် ဒုတိယပြည်နယ်ဦးစီးမှူးရုံး(လားရှိုး)၊ လားရှိုးခရိုင် ဦးစီးမှူးရုံး၊ လားရှိုးမြို့နယ်များကို ၇-၅-၂ဝ၂၅ ရက်နေ့တွင် လားရှိုးမြို့နယ်သို့လည်းကောင်း၊ ကွမ်းလုံ နှင့် သိန္နီ မြို့နယ်ရုံးများကို ၂၁-၆-၂ဝ၂၅ ရက်တွင် လားရှိုးမြို့နယ်သို့လည်းကောင်း၊ ကွတ်ခိုင်မြို့နယ်ရုံး ကို ၂ဝ-၄-၂ဝ၂၆ ရက်နေ့တွင် လားရှိုးမြို့နယ်ရုံးသို့လည်းကောင်း၊ နမ္မတူမြို့နယ်ရုံးကို ၂၇-၇-၂ဝ၂၅ ရက်နေ့တွင် သီပေါမြို့နယ်သို့လည်းကောင်း ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
မိုးဗြဲသည် ကျေးရွာအုပ်စုဖြစ်ပြီးတော့ ဖယ်ခုံမြို့နယ်အတွင်းတွင် ပါဝင်ပါကြောင်း၊ ဖယ်ခုံမြို့နယ် သည် ၂၀၂၂ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် မိုးဗြဲမှ စစ်ဘေးရှောင်ပြည်သူများသည် ပင်လောင်းမြို့ နယ်မှ အများဆုံးအခြေပြုနေထိုင်ပြီး ရပ်စောက်၊ ညောင်ရွှေ၊ ဟိုပုံး၊ ဆီဆိုင်မြို့နယ်များတွင်လည်း ဖြန့်ခွဲနေထိုင်ကြပါကြောင်း၊ ပင်လောင်းမြို့နယ် တွင် အများဆုံးနေထိုင်သော ဖယ်ခုံမြို့နယ်မှ ပြည်သူများ အခက်အခဲမရှိအဆင်ပြေစေရန်အတွက် ဖယ်ခုံမြို့နယ်(ယာယီ)ရုံးကို ၂၅-၂-၂၀၂၂ ရက်မှ ၁၇-၇-၂ဝ၂၅ ရက်နေ့ထိ ပင်လောင်းမြို့နယ်၊ အရှေ့ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံသားလုပ်ငန်း များကို ပင်လောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၅-၂-၂၀၂၂ ရက်မှ ၁၇-၇-၂ဝ၂၅ ရက်နေ့ထိ ကာလအတွင်း ဖယ်ခုံမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ သူများအား ဖယ်ခုံ(ယာယီရုံးခွဲ-ပင်လောင်း မြို့နယ်)တွင် ရပ်စောက်၊ ညောင်ရွှေ၊ ဟိုပုံး၊ ဆီဆိုင် မြို့နယ်ရုံးများမှ လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အသက်(၁၈)နှစ် ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား၊ အသက်(၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့် လဲလှယ်၊ ပျောက်ဆုံးနှင့် ပျက်စီးမိတ္တူလျှောက်ထားခြင်း စသည့် စုစုပေါင်း ၂၂,၂၉၆ ဦး ထုတ်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စုလူဦးရေ စာရင်း ထုတ်ပေးမှုအနေနှင့် အိမ်ထောင်စုပေါင်း ၃,၉၁၈ စု ဆောင်ရွက်ပေးခဲ့ပါကြောင်း။
၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖယ်ခုံမြို့နယ်သည် လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန် လာသည့် အတွက် ၁၈-၇-၂၀၂၅ ရက်နေ့မှစ၍ ဖယ်ခုံမြို့နယ်ဦးစီးမှူးရုံးကို ဖယ်ခုံမြို့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံသားလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ရာ ၁၈-၇-၂၀၂၅ မှ ၂၄-၄-၂၀၂၆ ရက်နေ့ အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အသက်(၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့် လဲလှယ်၊ ပျောက်ဆုံး၊ ပျက်စီးမိတ္တူ လျှောက်ထားခြင်းစသည်ဖြင့် စုစုပေါင်း ၃,၆၃၄ ဦးအတွက် ထုတ်ပေးနိုင် ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးမှု စုစုပေါင်း ၁,၀၁၂ စု ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။
ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စုသို့ ပြန်လည်ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူများကို စည်ကား ၃ ရပ်ကွက်၊ သာသနာ့လင်္ကာရ ဘုန်းတော်ကြီးကျောင်းတွင် လက်ခံထားရှိပြီး ၃-၄-၂ဝ၂၆ ရက်မှ ၆-၄-၂ဝ၂၆ ရက်နေ့ထိ အိမ်ထောင်စု ၃၅၀ စု၊ လူဦးရေ ကျား ၅၃၁ ဦး၊ မ ၅ဝ၂ ဦး စုစုပေါင်း ၁,ဝ၃၃ ဦးရှိကြောင်း သိရှိရသည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပေါင်းစပ်၍ ရက် (၁ဝဝ) စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မိုင်းကိုင်မြို့နယ်သည် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိသည့်ဒေသဖြစ်၍ မြို့နယ်ဦးစီးမှူးရုံးကို မူလဒေသတွင် ဖွင့်လှစ်ထားရှိပါကြောင်း၊ မိုင်းကိုင်မြို့နယ်တွင် ရပ်ကွက် ၅ ခု၊ ကျေးရွာ အုပ်စု ၂၄ စု၊ ကျေးရွာပေါင်း ၃၄၈ ရွာနှင့် ဖွဲ့စည်းထားရှိပြီးမြို့ပေါ် ၅ ရပ်ကွက်မှလွဲ၍ ကျေးရွာအုပ်စုများသည် လုံခြုံရေးအရ ကန့်သတ်ထားသည့် နယ်မြေစာရင်းတွင်ပါရှိပါကြောင်း၊ နိုင်ငံသားလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့အစည်း၊ လုံခြုံရေးအဖွဲ့အစည်း၊ တရားဝင်ပါတီ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်း၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေလမှ ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့သည့်ပန်းခင်းစီမံချက် အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) ကာလအတွင်း မိုင်းကိုင်မြို့နယ်တွင် အသက်(၁ဝ)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အသက်(၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့် လဲလှယ်၊ ပျောက်ဆုံး၊ ပျက်စီးမိတ္တူလျှောက်ထားခြင်းစသည်ဖြင့် စုစုပေါင်း ၁၈,၂၄၁ ဦးထုတ်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးမှုမှာ အိမ်ထောင်စုပေါင်း ၁,၈၁၅ စု ဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း။
လုံခြုံရေးအခြေအနေအရ စစ်ဘေးရှောင်ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဆိုင်ရာ ကိစ္စရပ်များအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ မလွဲမသွေဖြည့်ဆည်းပေးရမည့်လုပ်ငန်းများကို ကူညီပံ့ပိုးပေးရန် လိုအပ် ကြောင်း၊ တိုင်းရင်းသားများ၊ ဥပဒေအရ နိုင်ငံသားများနှင့်ပတ်သက်၍ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားမှုများနှင့် ပတ်သက်၍ ဆောင်ရွက်ပေး ရမည့် အချက်များအား ညွှန်ကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူးရုံး၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
စစ်ဘေးရှောင်ပြည်သူများမှ လက်ရှိနေထိုင်ရာဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထား ပါက e-ID Server အတွင်းတွင် ဖြည့်သွင်းထားသည့် ၎င်းတို့၏ အိမ်ထောင်စုလူဦးရေ စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ် မှန် /မမှန်၊ ကိုယ်ရေးအချက်အလက် မှန်/ မမှန် ဦးစွာ တိုက်ဆိုင် စိစစ်ပြီး မှန်ကန်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ပြည်သူများသည် သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်များကြောင့် အိမ်ထောင်စု လူဦးရေ စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျက်စီးဆုံးရှုံးပါက နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်အရ မြို့နယ် လ.ဝ.က၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီး ဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့်မြို့နယ် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်းစိစစ်ကြီးကြပ်ရေးအဖွဲ့ ၅ ဦး ကော်မတီဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေ စာရင်းအသစ်ထုတ်ပေးပြီး ၎င်းအိမ်ထောင်စုလူဦးရေစာရင်းအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူကတ်ပြားတို့ကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ တိမ်းရှောင်ခိုလုံနေစဉ် ကာလ တစ်လျှောက် စားဝတ်နေရေး၊ အလုပ်အကိုင်ရရှိရေး၊ ပညာသင်ကြားခွင့်ရရှိရေး၊ ထောက်ပံ့ကြေးများ ရရှိရေး၊ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက် အခြေပြုစဉ် အဆင်ပြေချောမွေ့ရေးတို့ကို စီမံ ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းများ ပြန်လည်ထူထောင်ပေးခြင်း၊ အခြေခံအဆောက်အဦများ ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများကို စီမံချက်များချမှတ်၍ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယာယီနေရပ်စွန့်ခွာသူများ၏ လက်ဝယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်နိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။