ဦးဝင်းမြင့်(တွံ့တေးမဲဆန္ဒနယ်)
မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကောက်ခံသော အခွန်အခငွေနှုန်းထားများ သည် ခေတ်စနစ်အခြေအနေတို့နှင့် ကိုက်ညီခြင်းမရှိသည့်အတွက် သင့်တော်သည့်နှုန်းထားများဖြင့် ပြင်ဆင်သတ်မှတ်ပေးနိုင်ခြင်း ရှိ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတိုင်းလိုလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းထားကြပါကြောင်း၊ နိုင်ငံတစ်ခု၏ အရေးကြီး သော နိုင်ငံသားဥပဒေကိုလည်း မိမိနိုင်ငံ၏ အခြေအနေလိုအပ်ချက်နှင့်အညီ ရေးဆွဲပြဋ္ဌာန်းထား ရှိကြပါ ကြောင်း၊ မြေပြိုလျှင် လူအားလုံး မသေနိုင်၊ လူမြိုပါက လူမျိုး တစ်မျိုးလုံး ပျောက်ကွယ်သွားနိုင်သည်ဟု အဆိုရှိပါကြောင်း၊ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၁၅-၁၀-၈၂ ရက်နေ့တွင် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၂၀-၁၀-၈၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃) ဖြင့် လည်းကောင်း၊ ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို ၂၀-၁၀-၈၃ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၁၄/၈၃) ဖြင့် လည်းကောင်း၊ ပြုနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၂၀-၁၀-၈၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၈၃)ဖြင့် လည်းကောင်း ထုတ်ပြန်ခဲ့ပါကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများအရ မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရာတွင် ဖော်ပြပါအခွန်အခများကို ဆောင်ရွက်သူမှ ပေးဆောင်ရပါကြောင်း၊ နိုင်ငံသားဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ လုပ်ထုံးလုပ်နည်းအပိုဒ် ၁၂၊ အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ် (၁)၊ အပိုဒ်ခွဲ ငယ်စိတ် (ငင) အရ ကလေးမွေးဖွားကြောင်း အထောက်အထားမှတ်ပုံတင်ပုံစံထွေ (၁) (က) အတွက် အခငွေ တစ်ကျပ်၊ သေဆုံးကြောင်းအထောက်အထားလက်မှတ်ပုံစံ ထွေ(၂)(က)အတွက် အခငွေ တစ်ကျပ်၊ လုပ်ထုံး လုပ်နည်း အပိုဒ် ၁၂၊ အပိုဒ်ခွဲ(ခ)၊ အပိုဒ်ခွဲငယ်(၁)၊ အပိုဒ်ခွဲငယ်စိတ်(ကက) အရ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ဆောင်ရွက်ခ ၆ ကျပ်၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသား မှတ်ပုံတင် ဆောင်ရွက်ခ ၆ ကျပ်၊ လုပ်ထုံးလုပ်နည်း အပိုဒ် ၁၂၊ အပိုဒ်ခွဲ(ဂ)၊ အပိုဒ်ခွဲငယ်(၁)၊ အပိုဒ်ခွဲငယ် စိတ်(ကက) အရ အသက် ၁၀ နှစ်မှ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခ ၃ ကျပ်၊ လုပ်ထုံး လုပ်နည်း အပိုဒ် ၁၈၊ အပိုဒ်ခွဲ(၁)၊ အပိုဒ်ခွဲငယ်(၂)အရ အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင်မိတ္တူဆောင်ရွက်ခ ၁၀ ကျပ်၊ အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင်မိတ္တူဆောင်ရွက်ခ ၁၀ ကျပ်၊ ဧည့်နိုင်ငံသား လုပ်ထုံးလုပ်နည်း များ၊ လုပ်ထုံးလုပ်နည်းအပိုဒ် ၁၄၊ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ်(၁)၊ အပိုဒ်ခွဲငယ်စိတ်(ဆဆ)အရ ကလေးမွေးဖွားကြောင်း အထောက် အထားလက်မှတ်ပုံစံ ထွေ(၁) (က)အတွက် ၁ ကျပ်၊ သေဆုံးကြောင်း အထောက်အထား လက်မှတ်ပုံစံ ထွေ(၂)(က)အတွက် ၁ ကျပ်၊ လုပ်ထုံးလုပ်နည်း အပိုဒ် ၅၊ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ်(၉) အရ ဧည့်နိုင်ငံသား ၁၀ နှစ်ပြည့် မှတ်ပုံတင်ဆောင်ရွက်ခ ၃၀ ကျပ်၊ ဧည့်နိုင်ငံသား အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်ဆောင်ရွက်ခ ၃၀ ကျပ်၊ လုပ်ထုံးလုပ်နည်း အပိုဒ် ၅၊ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ်(၁)အရ ဧည့်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းခံရသူ ၂၅၀ ကျပ်၊ လုပ်ထုံးလုပ်နည်း အပိုဒ် ၁၈၊ အပိုဒ်ခွဲ(၁)၊ အပိုဒ်ခွဲငယ်(၂)အရ ဧည့်နိုင်ငံသား အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင်ဆောင်ရွက်ခ ၁၀ ကျပ်၊ ဧည့်နိုင်ငံသား အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်မိတ္တူဆောင်ရွက်ခ ၁၀ ကျပ်၊ နိုင်ငံသားပြုခွင့်ရသူ လုပ်ထုံးလုပ်နည်းများသည် ဧည့်နိုင်ငံသားပြုခွင့်ရသူ လုပ်ထုံးလုပ်နည်းများနှင့် အခကြေးငွေများ တူညီပါကြောင်း၊ နိုင်ငံသားမှတ်ပုံတင်ဆောင်ရွက်ခ ၆ ကျပ်၊ ကလေးမွေးဖွားနှုန်း မှတ်ပုံတင် ဆောင်ရွက်ခ ၁ ကျပ်၊ သေဆုံးကြောင်းအထောက်အထားဆောင်ရွက်ခ ၁ ကျပ်၊ ၎င်းနှုန်းထားများ သည် ယနေ့ခေတ်ကာလနှင့် အလွန်နည်းပါးပြီး ကိုက်ညီမှုမရှိပါကြောင်း၊ သို့သော်လည်း အခကြေးငွေ တိုးကောက်ခံသည့်အခါ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် သင့်တင့်သည့် နှုန်းထားများကို ပြင်ဆင်သတ်မှတ်ပေးသင့်ပါကြောင်း၊ သို့ပါ၍ အထက်ဖော်ပြပါ မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ ကောက်ခံသောအခွန်အခနှုန်းထားများသည် ခေတ်စနစ်အခြေအနေတို့နှင့် ကိုက်ညီ ခြင်းမရှိသည့်အတွက် နိုင်ငံတော်အကျိုးငှာ သင့်တော်သည့်နှုန်းထားများဖြင့် ပြင်ဆင်သတ်မှတ်ပေးနိုင် ခြင်း ရှိ/ မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များက စီမံခန့်ခွဲရသည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများအနက် တချို့သည် ခေတ်ကာလနှင့် လျော်ညီမှုမရှိခြင်း၊ ဥပဒေတွင် အားနည်းချက်များ ရှိခြင်းနှင့် ဥပဒေကို အသုံးချ၍ အခွင့်အာဏာရယူခြင်းများ ရှိနိုင်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြည့် အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသောကြောင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ထိခိုက် နစ်နာစေမှုများဖြစ်ပေါ်စေသဖြင့် မိမိတို့အဖွဲ့အစည်း၊ ဌာနများက စီမံခန့်ခွဲရသည့် ဥပဒေ၊ တစ်ဆင့်ခံ ဥပဒေများကို ပြန်လည်စိစစ်သုံးသပ်တင်ပြရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ ၂၃-၈-၂၅ ရက်စွဲပါစာဖြင့် အကြောင်းကြားလာပါသဖြင့် မိမိဝန်ကြီးဌာနမှ စီမံခန့်ခွဲကျင့်သုံးလျက်ရှိ သည့် ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအနက် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြုလုပ်သူ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီသူ၊ ကတ်ပြားအတု သုံးစွဲသူများအား ထိရောက်သည့် ပြစ်ဒဏ်ချမှတ် နိုင်ရန်အတွက် ဥပဒေရေးရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်၊ အကြံပြုချက်နှင့်အညီ ပြုစုထား သော မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း များ၊ ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်း များပါ အခကြေးငွေနှင့် ဒဏ်ကြေးများအား ပြင်ဆင်ရန်လိုအပ်ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ခွင့်ပြု နိုင်ပါရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ၂၂-၉-၂၅ ရက်စွဲပါစာဖြင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသို့ ပြန်လည်တင်ပြခဲ့ပါကြောင်း၊ ထိုသို့တင်ပြခဲ့သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီရုံး၏လမ်းညွှန်မှုအရ ၂-၁၀-၂၅ ရက်နေ့တွင် ဥပဒေ ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါကြောင်း၊ ထိုအစည်းအဝေးတွင် ဒုတိယဝန်ကြီးမှ မိမိတို့ဝန်ကြီးဌာနအလိုက် ဦးစားပေးပြင်ဆင်လိုသည့် ဥပဒေ၊ နည်းဥပဒေများအား ရေးဆွဲ၍ ဥပဒေ မူကြမ်းစိစစ်ရေးဦးစီးဌာနသို့ ဦးစွာ ပေးပို့ကြရန်နှင့် ဦးစီးဌာနမှ အကြံပြုချက်နှင့်အညီ ရေးဆွဲပြီးသည့်အခါ ဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)နှင့် နိုင်ငံသားဆိုင် ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများ(မူကြမ်း)၊ ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ပြင်ဆင်သည့်လုပ်ထုံးလုပ်နည်းများ (မူကြမ်း)၊ နိုင်ငံသားပြုခွင့်ရသူ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများ (မူကြမ်း) တို့ကို လိုအပ်သည့် ပြင်ဆင်ချက်၊ သဘောထားမှတ်ချက်ပေးနိုင်ပါရန် ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနသို့ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ၁၀-၁၀-၂၅ ရက်စွဲပါစာဖြင့် အကြံပြုချက်တောင်းခံခဲ့ပြီး ဥပဒေ မူကြမ်းစိစစ်ရေးဦးစီးဌာနမှ ၁၅-၁၀-၂၅ ရက်စွဲပါစာဖြင့် ပင်ရင်းဥပဒေ၊ ပြင်ဆင်သည့် ဥပဒေရှိလျှင် ပြင်ဆင်သည့်ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ်မှသာလျှင် ၎င်းပင်ရင်း ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ထုံးလုပ်နည်းများ (မူကြမ်း) ကို လိုက်လျောညီထွေစွာ ရေးဆွဲထားခြင်း ရှိ /မရှိ၊ ဥပဒေပါပြဋ္ဌာန်းချက်များကို ကျော်လွန်ခြင်းရှိ/ မရှိ၊ အခြားဥပဒေများ၏ ပြဋ္ဌာန်းချက်များပါ လုပ်ပိုင်ခွင့်များနှင့် ရောထွေးခြင်း ရှိ/ မရှိ တို့ကို စိစစ်နိုင်မည်ဖြစ်ပါသဖြင့် ၎င်းပြင်ဆင်သည့်ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးမှသာ မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ပြင်ဆင်ခြင်း (မူကြမ်း) အပေါ် သဘောထားမှတ်ချက် တောင်းခံရန်ဖြစ်ကြောင်း ပြန်ကြားလာပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ အကြံပြုချက်နှင့်အညီ ပြင်ဆင်ရေးဆွဲထား သည့် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) အား ၂၂-၁၂-၂၅ ရက်စွဲပါစာဖြင့် ဥပဒေရေးရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ရာ မူကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြောင်းအရ သဘောထား မှတ်ချက်ပြုရန်မရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သောအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး ဦးဆောင်သော တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အပြီးသတ် ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် ဤဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် လတ်တလောလိုအပ်ခြင်း ရှိ /မရှိ သုံးသပ်လျက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၅-၁-၂၆ ရက်စွဲပါ စာဖြင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ပြန်ကြားလာပါကြောင်း။
မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဥပဒေကြောင်းအရ သဘော ထား မှတ်ချက်ပြုရန်မရှိပါကြောင်းပြန်ကြားစာရရှိပြီး ဖြစ်ပါသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြုလုပ်သူ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီသူ၊ ကတ်ပြားအတု သုံးစွဲသူ များအား ထိရောက်သည့်ပြစ်ဒဏ် ချမှတ်နိုင်ရန်အတွက် ယခုအစိုးရအသစ်လက်ထက်တွင် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားပြုခွင့် ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများပါ အခကြေးငွေ၊ ဒဏ်ကြေးငွေများအား ဆက်လက်ပြင်ဆင်ရေး ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။