ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်)
နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုစာရင်းများအား ပေါင်နှံခြင်း၊ အာမခံထားခြင်းတို့သည် တရားမဝင်ကြောင်းကြေညာချက်၊ ညွှန်ကြားချက်များထုတ်ပြန်ပေးရန်နှင့် ပေါင်နှံလက်ခံသူ၊ အာမခံ လက်ခံသူများအား အရေးယူဆောင်ရွက်ပေးနိုင်ရေး ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများ ပေါင်နှံခြင်း၊ အာမခံထားရှိခြင်းတို့ တွေ့ရှိရပါကြောင်း၊ နိုင်ငံသားတစ်ဦးအား စိစစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုများအား သိရှိရန် ထုတ်ပေးထားသည့် အိမ်ထောင်စုဇယားများကိုပေါင်နှံခြင်း၊ အာမခံခြင်းတို့သည် မဖြစ်သင့်သော် လည်း နိုင်ငံသားစိစစ်ရေးကတ်များ သန်းခေါင်စာရင်းခေါ် အိမ်ထောင်စုဇယားများ ကို တချို့က ပေါင်နှံထားသည်ကို စိတ်မချမ်းသာဖွယ်ရာ တွေ့မြင်ခဲ့ရပါကြောင်း၊ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားကတ်မူရင်းနှင့် မဲပေးရမည်ဟုညွှန်ကြားခဲ့သည့်အတွက် တချို့ မဲဆန္ဒရှင်များက မဲပေးချင်ပါလျက် အပေါင်ခံသူများ၊ အာမခံသူများ၏ လက်ထဲသို့ ရောက်ရှိနေပါသဖြင့် ဆန္ဒမဲပေးခွင့် မရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားများ ပေါင်နှံခြင်း၊ အာမခံထားခြင်းတို့အား တရားမဝင်ကြောင်း ကြေညာချက်၊ ညွှန်ကြားချက်များ ထုတ်ပြန်ပေးရန်နှင့် ပေါင်နှံသူ၊ အာမခံသူ၊ လက်ခံသူများကို အရေးယူဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိနှင့် တစ်ဆက်တည်းမည်သို့ အသိပညာပေးဆောင်ရွက်သွားမည် သိရှိလိုပါကြောင်း မေးမြန်းခဲ့ ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်
မိမိတို့ဌာနတွင်လက်ရှိ ကျင့်သုံးလျက်ရှိသည့် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင် သူများ မှတ်ပုံတင်ရေးအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေတို့အရ နိုင်ငံတော်အတွင်းနေထိုင်သူအားလုံးအား မှတ်ပုံတင်ခြင်းကို ၁၉၅၂ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်း လုပ်ငန်းသည် လူဦးရေစာရင်း မှန်ကန်စေရေး နှင့် နိုင်ငံတော်၏လုံခြုံရေးကို အထောက်အကူပြုသည့် အရေးကြီး သော မှတ်ပုံတင်လုပ်ငန်းဖြစ်ပြီး အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါဝင်သော အိမ်ထောင်စုဝင်များ သည် မြန်မာနိုင်ငံအတွင်း နေထိုင်ကြောင်း မှတ်ပုံတင်ထားပြီးသူများဖြစ်ပါကြောင်း၊ လူဦးရေစာရင်း မှတ်ပုံတင်ပြီးသည့် အိမ်ထောင်စုဝင်များသည် အသက် ၁၀ နှစ်၊ ၁၈ နှစ်ပြည့်ပါက ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး လျှောက်ထားရမည်ဖြစ်ပြီး ဘိုးဘွားမိဘ မှတ်တမ်းအထောက်အထားများအရ ကာယကံရှင်၏ နိုင်ငံသားအရည်အချင်းကိုစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသားလက်မှတ်နှင့် စိစစ်ရေး ကတ်ပြား၊ နိုင်ငံသားပြုခွင့်လက်မှတ် နှင့် စိစစ်ရေးကတ်ပြားတို့ကို ဥပဒေနှင့်အညီထုတ်ပေးလျက် ရှိပါကြောင်း၊ အဆိုပါ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသားလက်မှတ်နှင့် စိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့် လက်မှတ်နှင့် စိစစ်ရေးကတ်ပြားကို လက်ဝယ်ကိုင်ဆောင်သူအား မြန်မာနိုင်ငံသား ဖြစ်ကြောင်း သက်သေခံထားခြင်းဖြစ်ပါ၍ ကာယကံရှင်များမှစနစ်တကျ ကိုင်ဆောင်ထိန်းသိမ်း ရမည်ဖြစ်ကြောင်း၊ အခြားသူတစ်ဦးအား လွှဲပြောင်းပေးအပ်ခြင်း မပြုလုပ်ရန်နှင့် မသက်ဆိုင်သူမှ ကောက်ယူရရှိသည့်အခါ အနီးဆုံး ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် အနီးဆုံး မြို့နယ် လ.ဝ.ကရုံးသို့ အမြန်ဆုံး ပေးအပ်ရမည်ဖြစ်ကြောင်း စသည့်အချက်များပါဝင်သော ကတ်ပြား၊ လက်မှတ်ကိုင်ဆောင်သူများ လိုက်နာရမည့်စည်းကမ်းချက်များကို ၂၀-၉-၈၃ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၇၊ ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒ် ၁၇၊ နိုင်ငံ သားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၂၂ တို့တွင် တိကျစွာ ဖော်ပြပြဋ္ဌာန်းထားပြီး ဖြစ်သည့်အတွက် ကိုင်ဆောင်သူ ပြည်သူလူထုမှလည်း လိုက်နာရန် တာဝန်ရှိပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၅ တွင် နိုင်ငံသားတိုင်းသည်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ တွင်မဆို ဥပဒေနှင့် အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်ဟု ဖော်ပြပါရှိချက်နှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းဖြင့်နေထိုင်သူများသည် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်း၊ မွေးဖွား၍ စာရင်း တိုးခြင်း၊ သေဆုံး၍စာရင်းလျော့ခြင်းတို့ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာမြို့နယ် လ.ဝ.က ရုံးများတွင် လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ယခင်က ဥပဒေနှင့်အညီ ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ ကာယကံရှင်အိမ်ထောင်စုဝင်များ အနေဖြင့် ၎င်းတို့ လက်ဝယ်ရှိသည့် ကာယကံရှင် လက်ခံအိမ်ထောင်စုလူဦးရေစာရင်းတွင် မိမိတို့သဘောဖြင့် ပြင်ခြင်း၊ ဖျက်ခြင်း၊ ရေးသွင်းခြင်း၊ လူဦးရေတိုးခြင်း၊ လျှော့ခြင်း မပြုလုပ်ရန်၊ ပြင်ဆင်ဖြည့်စွက် လိုပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ အိမ်ထောင်ဦးစီးကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ် လွှဲအပ်သူ အိမ်ထောင်စုဝင် ၁ ဦးမှ လာရောက်လျှောက်ထားရန်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို လိပ်စာ တစ်ခုထပ်ပို၍ ရယူ ကိုင်ဆောင်ခြင်း မပြုလုပ်ရန် သတိပေးတားမြစ်ချက်များ ကို ဥပဒေနှင့်အညီ တရားဝင်ထုတ်ပြန် ထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှ ထုတ်ပေးထားသည့် မှတ်တမ်းအထောက် အထားများအား ကိုယ်ကျိုးစီးပွားအတွက် မသက်ဆိုင်သူများလက်ဝယ်သို့ ပေးအပ်၍ ကိုင်ဆောင် အသုံးပြုစေခြင်း၊ မရိုးဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုလုပ်၍ ပေါင်နှံခြင်း၊ အာမခံထားခြင်း၊ မသက်ဆိုင်သူများမှလည်းတရားမဝင်သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ခွင့်မရှိကြောင်းနှင့် တည်ဆဲ ဥပဒေများတွင် ပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် ထပ်မံထုတ်ပြန်ရန် မရှိကြောင်း၊ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုကဲ့သို့ ပြုလုပ်လာသူများရှိပါက အချက် အလက်နှင့်တကွ သတင်းပေးတိုင်ကြားနိုင်ပြီး ဆောင်ရွက်သူများကို တည်ဆဲဥပဒေများနှင့် အညီ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။