နောက်ဆုံးရသတင်းများ
MY EN

(င)- ဒေါက်တာဌေးဝင်း(အင်္ဂပူမဲဆန္ဒနယ်)-မေးခွန်း

2026-06-12
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါက်တာဌေးဝင်း(အင်္ဂပူမဲဆန္ဒနယ်)
အင်္ဂပူမြို့နယ်ရှိ ညောင်ကျိုး-မဲဇလီကုန်း ဆက်သွယ်‌ရေးကျောက်ကြမ်းခင်းလမ်းအား ကျောက်ချော ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ပေးပါရန်နှင့် ၎င်းလမ်းပေါ်ရှိ ယက္ကန်းစင်သစ်သား တံတားအား သံကူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးပါရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

အင်္ဂပူမြို့နယ်အတွင်းရှိ အင်္ဂပူမှညောင်ကျိုးသို့ ဆက်သွယ်သည့် ကွန်ကရစ်လမ်းတစ်ပိုင်းကျောက်ချောခင်းလမ်းတစ်ပိုင်းသည် ၂၀၁၉ မှ ၂၀၂၆ ခုနှစ်အထိ ကာလအတွင်း ငဝန်မြစ်ရေ နှစ်စဉ်တိုက်စားမှုကြောင့် လမ်းတစ်မိုင်ခန့်ပြိုကျပျက်စီးခဲ့ပြီး ကားများအသွားအလာ ရပ်ဆိုင်း ခဲ့ရပြီး ဆက်သွယ်သွားလာရေး ပြတ်တောက်ခဲ့ရပါကြောင်း၊ ထိုအခြေအနေတွင် ယာဉ်များ ရာသီ မရွေး သွားလာနိုင်ရန် ဆက်သွယ်ရေးလမ်းအဖြစ် ညောင်ကျိုးမှ မဲဇလီကုန်းသို့ အထက်ပါလမ်းမှ တစ်ဆင့် အင်္ဂပူမြို့နယ်သို့လည်းကောင်း၊ ဟင်္သာတနှင့် မြန်အောင်မြို့များသို့ လည်းကောင်း ဆက်သွယ် သွားလာရမည်ဖြစ်ပါကြောင်း၊ ယခုတင်ပြခဲ့သည့် မဲဇလီကုန်း-ညောင်ကျိုးလမ်းသည် ကျောက်ကြမ်းခင်းလမ်းဖြစ်ပြီး ချိုင့်ခွက်များဖြင့် ပျက်စီးနေတာသည့်အတွက် ယာဉ်များသွား လာရခက်ခဲနေပါကြောင်း၊ ထိုလမ်းမကောင်းသည့်အတွက် ညောင်ကျိုးဒေသတွင် အင်္ဂပူ၊ဟင်္သာတ မြို့များသို့ ခရီးသွားလာရ အခက်အခဲများအပြင် ကုန်ကူးသန်းသွားလာရန်နှင့် ကျန်းမာရေး၊ ပညာရေး သွားလာရန်အတွက်လည်း အခက်အခဲများစွာကြုံနေရပါကြောင်း၊ ကျန်းမာရေး အခက်အခဲ ရှိသည့်အတွက် ညောင်ကျိုးမှ ဟင်္သာတသွားမည်ဆိုလျှင် အကွာအဝေးအားဖြင့် မိုင် ၄၀ရှိသော်လည်း သွားရသည့်ခရီးသည် ၄ နာရီကြာမြင့်သည့်အတွက် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရခြင်း များစွာရှိပါကြောင်း၊ ထိုလမ်းကို ကျောက်ချောခင်းလမ်းအဖြစ် ပြင်ဆင်ပေးပါက လမ်းပန်း ဆက်သွယ်ရေး ချောမွေ့သွားမည်ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေးကိစ္စများတွင် သွားလာရ အဆင်ပြေ မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ထိုလမ်းအပေါ်ရှိ အရှည်ပေ ၁၀၀ရှိသည့် ယက္ကန်းစင် ကျေးရွာအနီးရှိ ယက္ကန်းစင်တံတားသည် နှစ်ပေါင်းကြာရှည်လာပြီဖြစ်သည့်အတွက် သစ်သားများ ဆွေးမြည့်နေခြင်း၊ တံတားသည် ၂၄ ပေမြင့်သည့်အတွက် ကားကြီးများသွားလာ ရန်မဖြစ်နိုင် ပါကြောင်း၊ မိမိတို့ဒေသတွင် သွားရေးလာရေးအတွက် မဲဇလီကုန်း-ညောင်ကျိုး လမ်းတစ်ခုသာ ရှိသည့်အတွက် ထိုလမ်းကို အဆင့်မြှင့်တင်ပေးရန် ကျောက်ချောလမ်းခင်းပေး ရန် လိုအပ်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်ကျိုး-မဲဇလီကုန်း လမ်းပေါ်ရှိ  ကျောက်ချောလမ်းခင်းပြီး ၇ မိုင်၊ မြေသားနှင့် ကျောက်ကြမ်းခင်း ၅ မိုင်၊ ပျက်စီးလျက်ရှိသည့် ကွန်ကရစ်လမ်း ၂မိုင် စုစုပေါင်း ၁၄ မိုင်အား ကျောက်ချောခင်းလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ၎င်းလမ်းပေါ်ရှိ ယက္ကန်းစင် တံတား အရှည်ပေ ၁၀၀၊ အကျယ် ၁၅ ပေ၊အမြင့် ၂၄ပေအား သံကူကွန်ကရစ် တံတားအဖြစ် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ /မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး

တင်ပြပါလမ်းသည်၁၃ မိုင် ၁ ဖာလုံရှိပြီး ညောင်ကျိုးမှ အိုးကွဲအထိ ၂ မိုင် ၄ ဖာလုံ၊  ဆင်သေ မှ မဲဇလီကုန်းအထိ ၅ မိုင်ရှိပြီး အဆိုပါလမ်းများသည် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ အနီရောင်လမ်းနှင့် အဝါရောင်လမ်း  ၅ မိုင် ၅ ဖာလုံ သည်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ  စီမံခန့်ခွဲ သည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းပေါ်တွင်ညောင်ကျိုးမှ ၄ မိုင် ၂ ဖာလုံအကွာ အဝေးတွင် ဘူးကွဲတောင်တံတားရှိပါကြောင်း၊ ၅ မိုင် ၅ ဖာလုံအကွာတွင် ယက္ကန်းစင်သစ်သား တံတားတည် ရှိပြီး ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင်တံတားများဖြစ်ပါကြောင်း၊ ဆင်သေ-အိုးကွဲ လမ်း၏ လက်ရှိအခြေအနေမှာ မြေသားလမ်း ၅ မိုင်၊ ၀.၄၈ ဖာလုံနှင့် ကျောက်ချောလမ်း ၄.၅၂ ဖာလုံရှိသည့် Class-B  အဆင့် လမ်းဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင်  တိုင်း ဒေသကြီး (ငွေလုံးငွေရင်းရန်ပုံငွေနှင့် ဘူးတောင်းကွဲတံတားကို ကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ၂ဝ၂၄ ခုနှစ်တွင်လည်း တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျောက်ချောလမ်း ၄.၅၂ ဖာလုံကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်ကျိုးမဲဇလီ ကုန်းဆက်သွယ်သည့် ၁၃ မိုင် ၅ ဖာလုံ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီး ဌာနပိုင်လမ်း ၅ မိုင် ၀.၄၈ ဖာလုံအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်နှင့် ၎င်း လမ်းပေါ်ရှိ ယက္ကန်းစင်သစ်သားတံတားအား သံကူကွန်ကရစ်တံတား ၁၂၀ ပေ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပြီးပါက ကျေးရွာ ၁၄ ရွာ၊ အိမ်ခြေ ၅၂၉ အိမ် ၊ လူဦး ရေ ၂၃၈၀ အကျိုး ပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်  ပြည်ထောင်စု (သို့တိုင်းဒေသကြီးမှ ရရှိသည့် ရန်ပုံငွေ အပေါ် မူတည်၍ အကျိုးပြုမှုနှုန်းထားများကို ဦးစားပေး အလိုက်စဉ်ပြီး ၂၀၂၇-၂၈  ဘဏ္ဍာရေးနှစ်တွင်  လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။