ဦးအောင်မျိုးသန်း(ကော့မှူးမဲဆန္ဒနယ်)
ကော့မှူးမြို့နယ်၊ ပုပ္ပါးကျေးရွာအဝင်တံတားသည် ကြံ့ခိုင်မှုမရှိတော့ပါသဖြင့် အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် RC ကွန်ကရစ်တံတားတည်ဆောက်ပေးရန်အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ကော့မှူးမြို့နယ်၊ ပုပ္ပါးကျေးရွာသည် ကရင်လူမျိုးအများစုများ နေထိုင်ပြီး အိမ်ခြေ ၅၁၂ လုံး၊ အိမ်ထောင်စု ၅၆၆ စု၊ လူဦးရေ ၂၃၃၉ ဦး နေထိုင်လျက်ရှိပါကြောင်း၊ အဆိုပါရွာသားများသည် ဥယျာဉ်ခြံမြေလုပ်ကိုင်ခြင်း၊ လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ပါကြောင်း၊ ပုပ္ပါးကျေးရွာ ရွာအဝင်တံတားသည် အလျား ၂ဝ ပေ၊ အနံ ၁၄ ပေ ရှိပြီး လွန်ခဲ့သော ၁၉၈၇ ခုနှစ်က ကျေးရွာမှ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သော အုတ်ခုံခံ ကွန်ကရစ် တံတား တစ်စင်းဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါ တံတားသည် နှစ်ပေါင်း ၃၉ နှစ်ကြာမြင့်ခဲ့ပြီး ကျေးရွာ အစီအစဉ်ဖြင့် တည်ဆောက်ခဲ့ရသည့်အတွက်နည်းပညာအားနည်းချက်များရှိခဲ့ခြင်းကြောင့် ကြံ့ခိုင်မှု မရှိတော့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တံတား၏ ခါးလယ်တိုင်ယိုင်နဲ့ပြီး ယက်မတန်း နိမ့်ကျသွားမှု ကြောင့် ရွာအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ခဲ့ပါကြောင်း၊ သို့သော် ခိုင်ခံ့မှုမရှိသည့်အတွက် နှစ်စဉ် မွမ်းမံပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း၊ တံတားခံနိုင်ရည်အား လျော့နည်းသွားမှုကြောင့် လယ်ယာ များမှ ထွက်သော စပါးများအား ရွာတွင်းသို့ သယ်ယူရာတွင်လည်းကောင်း၊ ဥယျာဉ်ခြံမြေမှ ထွက်သည့် ဝါသီးနှံများကို ရွာတွင်းသို့ သယ်ယူရာတွင်လည်းကောင်း၊ ကုန်တင်ယာဉ်များ ဝင်ထွက်ရာ တွင် လည်းကောင်း တံတားပေါ်မှ ဖြတ်သန်း၍ မရခြင်းကြောင့် အဆင့်ဆင့် သယ်ဆောင်နေရသဖြင့် ရွာသားများ အခက်အခဲများစွာ ဖြစ်ပေါ်နေရပါကြောင်း၊ ထို့အပြင် ပုပ္ပါးကျေးရွာတွင် အ.မ.က မူလွန် အဆင့်ကျောင်းသာရှိပြီး ထို့ထက်မြင့်သော အတန်းပညာများကို မှော်တောကျေးရွာရှိ အ.ထ.က သို့ သွားရောက် သင်ကြားနေရပါကြောင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းဖွင့်ရက်တိုင်း ၃ ဘီးဆိုင် ကယ်၊ ထော်လာဂျီများနှင့် ယင်းတံတားပေါ်မှ ဖြတ်သန်းနေရသည့် အတွက်အန္တရာယ်များစွာရှိနိုင် ကြောင်း၊ သို့ဖြစ်ပါ၍ ပုပ္ပါးကျေးရွာနေ ပြည်သူများ၏ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး၊ လယ်ယာ ထွက်ကုန်၊ ဥယျာဉ်ခြံမြေထွက်ကုန်များ သယ်ဆောင်ရန် လွယ်ကူစေရေး၊ ကျောင်းသားကျောင်းသူများ အန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များအပါအဝင် အားလုံးအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ပုပ္ပါးကျေးရွာ ရွာအဝင်တံတားအား RC ကွန်ကရစ် တံတားတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောက်လုပ်ရန် အစီအစဉ်ရှိပါကမည်သည့် ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး
ပုပ္ပါးတောင်ရွာအဝင် မူလတံတားအဟောင်း အလျား ၁၅ ပေ၊ အနံ ၁၂ ပေကို ၁၉၈၇ ခုနှစ် တွင် ကျေးရွာနေပြည်သူများမှ ကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့ပါကြောင်း၊ ရေလယ်တိုင်ကျွံခြင်း၊ စောင်းခြင်း များဖြစ်ပေါ်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်တွင် ပြည်သူများမှကိုယ်ထူကိုယ်ထနှင့် ပြုပြင် ဆောင်ရွက်ခဲ့ ကြောင်း၊ ကွင်းဆင်းတွေ့ရှိမှုများအရ ကျေးရွာအနောက်ဘက်ခြမ်းရှိ ဝါးခြံများမှ ဝါးသယ်သည့် ကားများ၊ စပါး၊ သဲ၊ ကျောက်သယ်သည့်ကားများ ဖြတ်သန်းလျက်ရှိပြီး ယခုအခါ တံတား၏ အလယ်တွင် ခိုင်ခန့်မှုမရှိသဖြင့် ကွေးညွတ်ခြင်း၊ ကမ်းကပ်ခံ ၂ ဖက်နှင့် ရေလယ်တိုင်များ အက်ကွဲခြင်းများဖြစ်ပေါ်လျက်ရှိသဖြင့် သံကူကွန်ရစ် RCတံတားအသစ်၂၀ ×၁၄ ပေ တည်ဆောက် ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ အဆိုပါတံတားဆောင်ရွက်ပြီးပါက ပုပ္ပါးကျေးရွာ၏ အိမ်ခြေ ၅၀၆၊ လူဦးရေ ၂,၃၀၄ ဦးအား အကျိုးပြုမည်ဖြစ်သည့်အတွက် ရရှိသည့် ရန်ပုံငွေအပေါ် မူတည်ပြီး ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (သို့) တိုင်းဒေသကြီးမှရရှိသည့် ရန်ပုံငွေဖြင့် အကျိုးပြုမှု နှုန်းအလိုက် ဦးစားပေး လျာထားတင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။