စိုင်းကျော်လှ(ကွန်ဟိန်းမဲဆန္ဒနယ်)
ကွန်ဟိန်းမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာမှ ကျိုင်းခမ်းကျေးရွာသို့ ၉ မိုင်ခန့် ကတ္တရာခင်းခြင်း ပြုလုပ်ပေးပါရန် အစီအစဉ် ရှိ/ မရှိနှင့် မရှိပါက ဦးစားပေးအစီအစဉ်အား သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း
ကွန်ဟိန်းမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာနှင့် ကျိုင်းခမ်းကျေးရွာချင်းဆက်လမ်း ကတ္တရာခင်း လမ်းဖြစ် သွားပါက ကျိုင်းခမ်းကျေးရွာသည် နမ့်ပန်ချောင်း အဆုံးနေရာတွင်ရှိပြီး နမ့်ပန်ချောင်းသည် နာမည်ကြီးဟိုက်ပါရေတံခွန် တည်ရှိရာချောင်းဖြစ်ပါကြောင်း၊ ကွန်အော်ရေတံခွန်၊ ကွန်ဟိန်း မြို့ အောက်ဘက်မှ ရေတံခွန်များသည် သဘာဝအလှနှင့် ပြည့်စုံသောချောင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျိုင်းခမ်းလမ်းပြီးပါကရှေ့တွင်ခရီးသွားလုပ်ငန်းများလုပ်ဆောင်ရန်လည်းရည်ရွယ်ချက်များ ထားရှိပါ ကြောင်း၊ ၎င်းလမ်းပြီးစီးပါက ကျိုင်းခမ်းကျေးရွာအုပ်စု ၅ ရွာအုပ်စုမှ ဒေသခံများ ကုန်စည်များ တင်ပို့ရန် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းတွင် ကွန်ဟိန်းမြို့မှ ဝမ်လော ကျေးရွာ ၁၄ မိုင်၊ ဝမ်လောကျေးရွာမှ ဆိုင်းခေါင်ကျေးရွာသို့ ၁၀ မိုင်အထိ ကတ္တရာလမ်း ခင်းပြီး ဖြစ်ပါကြောင်း၊ ဆိုင်းခေါင်ကျေးရွာမှ ကျိုင်းခမ်းကျေးရွာသို့ ၉ မိုင်ရှိပြီး ၎င်းလမ်းပိုင်းတွင် ၈ မိုင်သည် လမ်းဦးစီး အပိုင်းဖြစ်ပြီး ကျန် ၁ မိုင်သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနခေါ် နတလ၏ အပိုင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆိုင်းခေါင်ကျေးရွာနှင့် ကျိုင်းခမ်း ကျေးရွာ လမ်းပိုင် ၉ မိုင်အား ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်
ထိုလမ်းသည် ဆိုင်းခေါင်းမှ တိုင်းလျှင် ၉ မိုင်ရှိပါကြောင်း၊ ရှမ်းပြည်နယ် ဆောက်လုပ်ရေး အနေဖြင့် ၈ မိုင်ကို တာဝန်ယူဆောက်လုပ်ပြီး ကျန် ၁ မိုင်ကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူသည့် လမ်းဖြစ်ပါကြောင်း၊ ထိုလမ်းသည် ကတ္တရားလမ်းမှာ လောလောဆယ် ၃ မိုင် ၂ ဖာလုံရှိပြီး အမာခံ လမ်းသည် ၂ မိုင် ၂ ဖာလုံ၊ ကျန်လမ်းသည် အမာခံလမ်းနှင့် ၂ မိုင် ၂ ဖာလုံ၊ မြေလမ်းသည် ၂ မိုင် ၄ ဖာလုံ ဖြစ်ပါကြောင်း၊ အဆိုပါလမ်းတွင် ရေပြွန်ခေါင်း ၁၁ စင်းရှိပြီး ပေ ၅၀ အထက် သစ်သား တံတား ၃ စင်းရှိပါကြောင်း။
ဆိုင်းခေါင်း-ကျိုင်းခမ်းလမ်းအပိုင်းအား ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ပြည်နယ်ရန်ပုံငွေဖြင့် မြေလမ်းမှ ၁၆ ပေအကျယ် ဒုအခြေခံကတ္တရာ ကျောက်လမ်း အဖြစ် ၅ ဖာလုံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်နေသည့် မြေလမ်းများကိုပါ အမာခံ လမ်း စတင်ခင်းပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်လမ်းပိုင်းများကိုလည်း ရာသီမရွေး သွားလာသည့် လမ်းပိုင်း ကျောက်ခင်းလမ်းဖြစ်အောင် ကျောက်ချောလမ်းကို ဦးစားပေးဆောင်ရွက် သွားမည် ဖြစ်ပြီး လိုအပ်သည့် ရေပြွန်တံတားတည်ဆောက်ခြင်း၊ သစ်သားတံတား ၃ စင်းအား အဆင့် တိုးမြှင့်ခြင်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရာတွင် လာမည့် ၂၀၂၇-၂၈ ရန်ပုံငွေနှင့် ပြည်နယ်ကို တင်ပြတောင်းခံပြီး ပြည်နယ်မှရရှိသည့် ရန်ပုံငွေပေါ်မူတည်၍ လမ်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။