နောက်ဆုံးရသတင်းများ
MY EN

(ည)- ဦးကျော်သူရ(လက်ပံတန်းမဲဆန္ဒနယ်)-မေးခွန်း

2026-06-12
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးကျော်သူရ(လက်ပံတန်းမဲဆန္ဒနယ်)

လက်ပံတန်းမြို့နယ်၊ သာရဝေါမှ ဟင်္သာတမြို့နယ်သို့ ကား၊ ရထား ကူးသန်းနိုင်မည့် မြစ်ကူးတံတားကြီး တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းတွင် အဓိကမြစ်ကြီးတစ်စင်းဖြစ်သည့် ဧရာဝတီ မြစ်ကြီးပေါ်တွင် တိုင်းနှင့်ပြည်နယ်အလိုက် တည်ဆောက်ခဲ့သည့် မြစ်ကူးတံတားကြီး ၁၅ စင်း ရှိပါကြောင်း၊ ကချင်ပြည်နယ်တွင် ဗလမင်းထင်တံတားနှင့် ဧရာဝတီတံတား စင်းခန်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဧရာဝတီတံတားထီးချိုင့်နှင့် ရတနာသင်္ခတံတား၊  မန္တလေးတိုင်းဒေသကြီးတွင် ရတနာပုံ တံတားနှင့် သမိုင်းဝင်အင်းဝတံတား၊ မကွေးတိုင်းဒေသကြီးတွင် မြန်မာနိုင်ငံတွင် အရှည်ဆုံး ပေ ၁၃,၅၃၇ ပေ ရှည်သည့် ရထားနှင့် ကား ကူးသန်းသွားလာနိုင်သည့် ပခုက္ကူတံတားကြီး၊ ချောက်-ဆိပ်ဖြူ ကူးသန်းသွားလာနိုင်သည့် အနော်ရထာတံတားကြီး၊  ဧရာဝတီတံတား၊ မကွေးနှင့်အထက်မင်းလှ-မလွန်ရှိ ဧရာဝတီ-မလွန်တံတား၊ ပြည်မြို့တွင် နဝဒေးတံတား၊ ဧရာဝတီတိုင်းဒေသကြီးတွင် ညောင် တုန်းတံတားနှင့်  ဗိုလ်မြတ်ထွန်းတံတား၊ မအူပင်တံတားနှင့် ဒေးဒရဲတံတားဟူ၍ စုစုပေါင်း ၁၅ စင်း တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ တည်ဆောက်ခဲ့သည့် ခေတ်ကာလကိုပြန်ကြည့်လျှင်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီခေတ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရခေတ်အတွင်း ဧရာဝတီမြစ်ကူးတံတားကြီး ၉ စင်း တည်ဆောက်ပေး နိုင်ခဲ့ပြီး အဆိုပါအသီးအပွင့်များကို ယနေ့ချိန်ထိ နိုင်ငံသူနိုင်ငံသားများအားလုံး ရရှိခံစားလျက်ရှိပါ ကြောင်း၊ ၎င်းအပြင် ပထမအကြိမ် ဒီမိုကရေစီအစိုးရသက်တမ်းကို လျှောက်လှမ်းခဲ့သည့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ခေတ်အတွင်းတွင်လည်း မြန်မာနိုင်ငံတွင် အရှည်ဆုံးမြစ်ဖြစ်သည့် ပခုက္ကူ တံတားအပါအဝင် မြစ်ကူးတံတားကြီး ၆ စင်းတို့ကို နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးရှိစေရန် အစိုးရ အဆက်ဆက်မှ စုစုပေါင်းမြစ်ကူးတံတားကြီး ၁၅ စင်းကို တည်‌ဆောက်ပေးနိုင်ခဲ့ပါကြောင်း။ 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တို့ သည် ဧရာဝတီမြစ်သာခြားပြီး စီးပွားရေးအရ အချက်အခြာကျသော မြို့နယ် ၂ ခု ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ကူးတံတားကြီးများအနေဖြင့် ရန်ကုန်နှင့်ပြည်မြို့ကြားတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့တွင် ဗိုလ်မြတ်ထွန်းတံတားနှင့် ညောင်တုန်း တံတားကြီး၊ ရန်ကုန်မြို့မှ မိုင် ၁၈၀ ကွာသည့် ပြည်မြို့တွင် နဝဒေးတံတားရှိပါကြောင်း၊ ရန်ကုန်မြို့နှင့် မိုင် ၉၀ အကွာ လက်ပံတန်း မြို့နယ်၊ သာရဝေါမှ ဟင်္သာတဘက်သို့ ကား၊ ရထားများ ကူးသန်း သွားလာနိုင်သည့် တံတားကြီးတည်ဆောက်ရန် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ရပ်ဆိုင်းထားခဲ့ကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုင်ငံတကာနှင့်ပူးပေါင်း၍ Feasibility Study အရ Survey အရ ဧရာဝတီမြစ်အား ဖြတ်ကူးနိုင်ရန် လျာထားနေရာများဖြစ်ပါကြောင်း၊ အလျား ၁၉၂၃၉ ပေ ရှည်မည့် တံတားကြီးကို တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အကောင်အထည်မဖော်နိုင်သော တံတားကြီးအတွက် လက်ပံတန်း-သာရဝေါ မဟာဗျူဟာ လမ်းပိုင်းအကျယ် ၁၈ ပေနှင့် ၂၀ မိုင်၊ ၂ ဖာလုံ ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖောက်လုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုစဉ်က တံတားကြီး တည် ဆောက်နိုင်ခဲ့ခြင်းမရှိခဲ့သည့် အကြောင်းအရင်းသည် ဧရာဝတီမြစ်အတွင်း တရားမဝင် စည်းမဲ့ကမ်းမဲ့ သဲ၊ ကျောက်နှင့် ရွှေစုပ်ယူသည့် စက်လှေများကြောင့် မြစ်ရေစီးကြောင်းပြောင်းလဲရခြင်း၊ မြစ် ကမ်းပါးများ ပြိုကျမှုဖြစ်ခြင်း၊ မြစ်ပြင်အကျယ်ပြောင်းလဲမှုဖြစ်ခြင်း၊ ဘူမိဗေဒဆိုင်ရာ နည်းပညာ အခက်အခဲများအပြင် ငွေလုံးငွေရင်းများပြားခြင်းတို့ကြောင့် ထိုကာလတာဝန်ယူခဲ့သည့်အစိုးရမှ တည်ဆောက်နိုင်ခြင်းမရှိကြောင်း။

တိုင်းဒေသကြီးနှစ်ခုကို ဆက်သွယ်မည့်တံတားကြီးက ဧရာဝတီတိုင်းဒေသအတွင်း ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းကွန်ရက်နှင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သာရဝေါ-လက်ပံတန်း-ရန်ကုန် ရထားလမ်းကွန်ရက်ကိုပါ ချိတ်ဆက်နိုင်မည် ဖြစ်ပါကြောင်း၊ ဒေသနေ တိုင်းဒေသကြီးနှစ်ခုမှ ပြည်သူလူထုများအပြင် နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံးအတွက်ပါ အကျိုးရှိလာမည်ဖြစ်သည့်အတွက် ဆောင်ရွက်နိုင်ခြင်းရှိသည့် Feasibility Study များ ဆင်းပြီး သာရဝေါနှင့်ဟင်္သာတကြားမှ ဧရာဝတီမြစ်ကြောင်းပေါ်တွင် လျာထားတံတားအူကြောင်း ၅ နေရာ ရှာဖွေခဲ့ပြီးဖြစ်ပါကြောင်း၊  အမှတ်(၂) လမ်းအူကြောင်းသည် တံတားဆောက်လုပ်ရန် လျာထားနေရာ ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် သယ်ယူပို့ဆောင်ရေးကွန်ရက်တစ်ခု ဖြစ်လာနိုင်သည့်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက်ပါ အကျိုးရှိလာမည်ဖြစ်သည့်အတွက် သာရဝေါ-ဟင်္သာတမြစ်ကူး တံတားကြီးတစ်စင်း ဆောက်လုပ်ပေးသွားရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သာရဝေါ ဆိပ်ကမ်းမှ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့သို့ ကား၊ ရထား ကူးသန်းနိုင်မည့် ဧရာဝတီမြစ်ကူး တံတား(ဟင်္သာတ)တည်ဆောက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထားတို့ညှိနှိုင်းပြီး ရထားလမ်းနှင့်ကားလမ်းနှစ်မျိုးပါဝင်သည့် တံတားအမျိုးအစား တည်ဆောက် နိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ ပဏာမကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုများကိုလည်း ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီနှင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြုလုပ် ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပဏာမ ပြီးစီးခဲ့ပါကြောင်း၊ ထိုအချိန်တွင် ခန့်မှန်းထားသည့် ကားလမ်းတံတားအရှည် ၁၉၂၃၉ ပေနှင့် ရထားလမ်း တံတားအရှည် ၃၉၇၅၇ ပေ ဖြစ်ပါကြောင်း၊ ရထားသည် တွဲလျက်သွားသည့်အတွက် နည်းနည်း ပိုရှည်ပါကြောင်း၊ ပဏာမကြိုတင်ဖြစ်မြောက် နိုင်စွမ်းကိုလည်း ဆက်လက်စမ်းသပ်ရအုံးမည်ဖြစ်ပါကြောင်း၊  မိမိတို့ အရင်စမ်းခဲ့သည်မှာ ဒီလဒီလောက်ဖြစ်နိုင်ပြီး တကယ်လုပ်ပြီဆိုပါက ပိုတိကျသည့် စမ်းသပ်မှုပြုလုပ်ရပါကြောင်း။

          လမ်းတွေ၊ တံတားများကို အများကြီးတည်ဆောက်ပေးချင်ပါကြောင်း၊ လမ်း၊ တံတား တည်ဆောက်ခြင်းအားဖြင့်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပါကြောင်း၊ သို့သော် လက်ရှိအခြေအနေ အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီတံတား(သရက်-အောင်လံ) ၇၄၅၆ ပေနှင့် ကချင်ပြည်နယ်ရှိ ဧရာဝတီတံတားအသစ် (ဗလမင်းထင်) ၃၂၁၂ ပေ တို့ကိုလည်း အပြီးတည်ဆောက်နေရပါကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ငလျင်ဒဏ်ဒေသရှိ တံတား ၉၃ စင်းကိုလည်း ပြုပြင်ဆောင်ရွက်နေရပါကြောင်း၊ ၉၃ စင်းအနက် ၈၃ စင်းပြီးပြီဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးသွားသည့် ကွန်ကရစ်တံတား ပေါင်း ၁၁၅ စင်းကို ပြုပြင်နေရပါကြောင်း၊ ၂၆ စင်းကို ပြုပြင်ပြီး၊ ၆ စင်းသည် ပြုပြင်ဆဲဖြစ်ပြီး ၈၃ စင်း ကျန်ရှိနေပါကြောင်း။

          အဆိုပါတံတားများကို ဆောင်ရွက်နေရသည့်အတွက် လတ်တလော တင်ပြသည့် တံတားကို အခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် ထိုတံတားများ တည်ဆောက်ပြီးသည့် အခါ ဦးစားပေးအလိုက် စီမံချက်ရေးဆွဲ၍ ထပ်မံတင်ပြ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးကျော်သူရ(လက်ပံတန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့နိုင်ငံအတွင်းတွင် ဂျပန်နိုင်ငံအကူအညီ JICA အစီအစဉ်နှင့် ဒေါ်လာ ၃၂၃ သန်းကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် အရှည်‌ပေ ၈၆၃၈ ပေရှိ ပဲခူးမြစ်ကူးတံတား၊ (သံလျင်)တံတား အမှတ်(၃)၊ ပုဇွန်တောင်ချောင်းဖြတ်သည့် အရှည်ပေ ၈၃၀ ရှိ သာကေတတံတား၊ မွန်ပြည်နယ်တွင် အရှည်ပေ ၂၆၁၅ ပေရှိ ဂျိုင်း(ဇာသပြင်)တံတား၊ တရုတ်နိုင်ငံအကူအညီနှင့် သံလွင်မြစ်ကူး တံတားကြီး(ကွမ်းလုံ)၊ အိန္ဒိယနိုင်ငံအကူအညီ ၁၃၅၃၇ ပေရှည်သည့် ဧရာဝတီတံတား(ပခုက္ကူ)တို့ သည် ကိုရီးယားနိုင်ငံအကူအညီနှင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၈ သန်းကျော်ကုန်ကျသည့် အရှည်ပေ ၆၁၂၉ ပေ ရှိ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလတံတား)ရှိပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာအကူအညီများရရှိပြီးနောက် အမျိုးသားအဆင့် သယ်ယူပို့ဆောင်ရေး ကွန်ရက်တစ်ခုဖြစ် လာနိုင်သည့် တင်ပြပါတံတားကြီးကို ဆက်လက်အကောင်အထည်ဖော်ပေးသွားရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားနိုင်ပါရန် တင်ပြခဲ့ပါသည်။ 

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဦးမျိုးမြင့်

လက်ရှိလတ်တလောအခြေအနေတွင် မဆောင်ရွက်ပေးနိုင်သော်လည်း ဒေသများပြီးစီးမှ ဆောင်ရွက်ပေးမည်ဆိုသော်လည်း ဦးစားပေးအစီအစဉ်နှင့် စီမံချက်ရေးဆွဲပြီး တင်ပြပေးသွားမည် ဖြစ်ပါကြောင်း၊ တင်ပြပြီးပါက ခွင့်ပြုချက်ရရှိလျှင် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။