နောက်ဆုံးရသတင်းများ
MY EN

(ဋ)-ဒေါ်ဇာခြည်လွင်(မိုးညိုမဲဆန္ဒနယ်)-မေးခွန်း

2026-06-12
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ဇာခြည်လွင်(မိုးညိုမဲဆန္ဒနယ်)

မိုးညိုမြို့နယ်၊ သက္ကယ်တန်းကျေးရွာ လက်ပံနှစ်ပင်နှင့် ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ငပိဆိပ် ကျောက်စရစ်ကုန်းကြား ဧရာဝတီမြစ်ကူးတံတား ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိနှင့် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

တင်ပြထားသည်မှာ သမ္မတကြီး ဦးသိန်းစိန်လက်ထက် ဖောက်လုပ်ပေးခဲ့သည့် ပဲခူးရိုးမ ဖြတ်လမ်း ဆိပ်ကန့်လန့်လမ်း နှင့် မင်းလှမြို့ နယ်ကိုဖြတ် ၍ မိုးညိုမြို့နယ်မှ တံတား တည်ဆောက်ရန် လျာထားခဲ့သည့် ရေကင်းတိုက်နယ်ထိ တစ်ဆက်တည်း ကတ္တရာလမ်းမကြီး ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ကူးတံတားကြီး တည်ဆောက်ပေးမည်ဆိုလျှင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ဒေသကြီးအနောက်နှင့် ပဲခူးတိုင်းဒေသကြီး အရှေ့အထိ အကျိုးပြုနိုင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ ရောက်ရှိမည်ဖြစ်သော ကြောင့်ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းရှိ ပြည်သူများသည် မြန်မာပြည်အထက်ပိုင်းသို့ ထိုလမ်းမှ တစ်ဆင့် အချိန်တိုအတွင်း ရောက်ရှိမည်ဖြစ်ပါကြောင်း၊ မိုးညိုမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ၁၄ မြို့နယ်ရှိသည့် အနက်တွင် မြို့နယ် အများဖြတ်သန်းသွားလာနိုင်သည့် အဝေးပြေးကားလမ်းနှင့်  ရထားလမ်းမရှိသော တစ်ခုတည်းသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊  မိုးညိုမြို့နယ်သူ၊ မြို့နယ်သားများအနေဖြင့် ရထားလမ်းများ အဝေးပြေးကားလမ်းများ ရှိပြီးပြည့်စုံနေသည့်  မြို့နယ်များကို ကြည့်ပြီးတော့ အားကျနေ ရသည့် ဘဝဖြစ်တာကြောင့် အခြားမြို့နယ်များ နည်းတူတန်းတူ အခွင့်အရေးများ ရလိုပါကြောင်း၊ ဧရာဝတီမြစ်ကူး တံတားသည် မိုးညိုမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ခုတည်းသော အသက် သွေးကြောဖြစ်ပါကြောင်း၊ မြစ်ကူးတံတားကြီးသာ တည်ဆောက်ပေးမည် ဆိုလျှင်မြို့နယ်သူ၊ မြို့နယ်သားများအနေဖြင့် မြို့ကြီးများရှိ တက္ကသိုလ်ကြီးများသို့ အဆင့်ဆင့် သွားလာရခြင်း အစရှိ သဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် တစ်ဆင့်ခံ သွားလာရခြင်း မရှိတော့ပဲ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ရေကင်းအုပ်စု၊ သက္ကယ်တန်းကျေးရွာနှင့် ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ငပိဆိပ်ကျောက်စရစ် ကုန်းကြား ဧရာဝတီမြစ်အကျယ်သည် ၂၀၁၃ ခုနှစ် တွင် Japan International Cooperation Agency ၏ လာရောက်တိုင်းထွာချက်အရ ပေ၂၀,၀၀၀ ဝန်းကျင်သာရှိပါကြောင်း၊  ဝန်ကြီး ပြောသွား သည့် အခြားမြို့နယ်တွင် ပေ ၄၀,၀၀၀ ကျော်သည့်အတွက် ဧရာဝတီမြစ် ၏ အကျဉ်းဆုံး နေရာ ဖြစ်သောကြောင့် နောင်တစ်ချိန် တိုင်းပြည်အဆင်ပြေလာလျှင် ယခုနေရာမှ ဖြတ်လျှင် ကုန်ကျစရိတ် သက်သာသော နေရာတစ်ခုဖြစ်ကြောင်း၊ မိုးညိုမြို့နယ်နှင့် မြန်အောင်မြို့နယ် အနေဖြင့် ပြည်သူလူထုမှ တစ်ခဲနက်ပါဝင်လာသည့် စီမံကိန်းဖြစ်ပါကြောင်း၊ တိုင်းပြည် အဆင်ပြေလာသည့် အချိန်တွင် မိမိတို့မြို့နယ်ကိုဖြတ်သန်းခွင့်ပေးမည်ဆိုလျှင် ပြည်သူ လူထုက တန်ဖိုးထားမည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ မိုးညိုမြို့နယ်သည် အင်းပေါင်း၂၅ အင်း ရှိ၍ ရေထွက်ပစ္စည်း ပေါကြွယ်ဝသည့်အပြင် စိုက်ပျိုးရေးခြံများ လယ်ယာကိုင်းကျွန်းများ များစွာရှိသောကြောင့် စိုက်ပျိုး ရေး ထွက်ကုန်များ ပေါများသော မြို့နယ်ဖြစ်ပါကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့် ဧရာဝတီ တိုင်း နှင့် မိုးညိုမြို့နယ်မှ စိုက်ပျိုးရေးသီးနှံထွက်ကုန်များ ရေထွက်ပစ္စည်းများမှာ ထိုလမ်းမှတစ်ဆင့် ကူးသန်း ရောင်းဝယ်မည်ဆိုလျှင် သင့်တင့်သော ဈေးနှုန်းဖြင့် မြန်မာနိုင်ငံ တစ်ဝန်း အချိန်တိုအတွင်း ဖြန့်ဖြူး နိုင်မည် ဖြစ်သောကြောင့် နိုင်ငံအပေါ် အကျိုးရှိမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ မိမိတို့ မြို့နယ်သူ၊ မြို့နယ်သားများ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည့် ဤမြစ်ကူးတံတား ဆောက်လုပ်ရေး စီမံကိန်းအား ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ သိရှိလိုပါကြောင်း၊ အစီအစဉ်ရှိပါက နောင်တစ်ချိန် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်

မေးမြန်းထားသည့် တံတားတည်ဆောက်ပြီးလျှင် သွားရမည့် လမ်းများမှာ တာဘောင်လမ်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကလမ်း၊ ဆောက်လုပ်ရေးလမ်း ဖြစ်ပါကြောင်း၊ ထိုမိန်းလမ်းကို ဆက်ရန် အဆိုပါလမ်းများ ထပ်လုပ်ရမည် ဖြစ်ပါကြောင်း၊ အရှေ့ဘက်ကမ်းကို ပြန်ကြည့်မည်ဆိုလျှင် အဆိုပါ တံတားမှ နတ်တလင်းသို့ ၃၃ မိုင်၊ ရန်ကုန်-ပြည် လမ်းမကြီးဖြစ်ပါကြောင်း၊နတ်တလင်း ၃၃မိုင်၁၆ မိုင်ရယ် ၄ မိုင်ဆိုရင် မိုင် ၂၀ ကို အဆင့်မြှင့်တင်ရဦးမည် ဖြစ်ပါကြောင်း၊ အကြမ်းဖျဉ်း ခန့်မှန်းကြည့်ရာ  တံတားသည် ပေ ၂၀,၀၀၀ မကျော်ဘဲ ပေ ၁၇,၀၀၀ လောက်သာ ရှိမည်ဖြစ်ပါကြောင်း၊ မြစ်ကူးတံတားများ တည်ဆောက နေသည့် မှန်းချက်နှင့် ခန့်မှန်းကြည့်ခြင်းဖြစ်ပါကြောင်း။

တံတားသည် မရှည်သော်လည်း လက်ရှိတွင် တံတားများ တည်ဆောက်နေရပါကြောင်း၊ ငလျင်ဒဏ်တံတားများပြုပြင်နေရပါကြောင်း၊  အကြမ်းဖက်ဖြစ်စဉ် မှ တံတားများ ဆောင်ရွက်ပေး နေရ ပါကြောင်း၊ လက်တလော မဆောက်လုပ်သေးဘဲ ရှေ့ကပြုပြင်လို့မပြီးသေးပါကြောင်း၊ ဖြစ်နိုင်စွမ်း များကို လေ့လာပြီးတင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဒေါ်ဇာခြည်လွင်(မိုးညိုမဲဆန္ဒနယ်)မှ ဆက်လက်ပြောကြားရာတွင်

ဖြေကြားချက်တွင် လမ်းကြောင်းမရှိဘူးဟု ကြားလိုက်ပါကြောင်း၊ ပြည်သူ့လူထုနှင့် မိမိ အကြိမ်ကြိမ်သွားရောက်၍ တွေ့ထားခြင်းရှိပါကြောင်း၊ ဝန်ကြီး ဖြေကြားသကဲ့သို့ Survey ဆင်းမည်ဆိုပါက ထိုအကြောင်းအရာများကို စုံလင်စွာ သိရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်

တံတားများတည်ဆောက်ပြီးသည်နှင့် ရှေ့ပြေး Surveyဆင်းပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။