ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)
တပ်ကုန်းမြို့ ဆင်သေ-ပင်လောင်း(မီးရထား)လမ်းဟောင်း မြေနေရာဖြစ်သည့် မြို့အဝင်တိုးဂိတ်အနီးမှ ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်း(လမ်းဟောင်း) ၁၄ မိုင်သို့ တပ်ကုန်းမြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်နိုင်ရေး ရေတို၊ ရေရှည်အစီအမံများချမှတ်၍ ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိသိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
တပ်ကုန်းမြို့နယ်မှ ရွေးကောက်တင်မြှောက်ခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း ကိုယ်စား တပ်ကုန်းမြို့၊ မြို့ရှောင်လမ်း ဖြစ်မြောက်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ /မရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို မေးမြန်းခြင်း ဖြစ်ပါကြောင်း၊ ဒုတိယဥက္ကဋ္ဌကြီးတာဝန်ယူထားသည့် ဦးမောင်မောင်အုန်း၏ တာဝန်ပေးချက်အရ တပ်ကုန်း မြို့နယ် ၏ လူအင်အားကလည်း ၂၇၀,၀၀၀ လောက်ရှိပါကြောင်း၊ မြို့ကလည်း ကျပ်၍၊ ကျဉ်းပြီး လမ်းဟောင်းကြီး ကလည်း မြို့လယ်ခေါင်မှ ဖြတ်သွားပါကြောင်း၊ နေပြည်တော် ၈ မြို့နယ်တွင် လမ်းဟောင်းဖြတ်သွားသည်ဆိုလို့ တပ်ကုန်းမြို့လယ်ခေါင် တစ်ခုသာ ရှိပါကြောင်း၊ တပ်ကုန်းမြို့ကို ဖြတ်သွားသည့်ကားများမှ တစ်နေ့ထက်တစ်နေ့ အစီးရေ ၅,၀၀၀ ကျော်သည်ကို တိုးဂိတ်မှာ စာရင်းကောက်ကြည့်လျှင် သိရပါကြောင်း၊ ကွင်းဆင်းကြည့်ရှု ပြီးမှ ၎င်းကို မေးခွန်းတင်ပြရန် ဒုတိယဥက္ကဋ္ဌကြီးမှ လမ်းညွှန်သည့်အတွက်ကြောင့် ကွင်းဆင်းပြီး ကြည့်ခဲ့ပါ ကြောင်း။
တိုးဂိတ်မှကျော်ပြီး နေပြည်တော်မှသွားလျှင် တပ်ကုန်းမြို့ရောက်ခါနီးတွင် တိုးဂိတ်ကိုရောက်ပြီး တိုးဂိတ်ကျော်ကျော်ခြင်း ညာဘက်တွင် ဆင်သေဘူတာမှ ပင်လောင်းအထိ ရထားလမ်းဖောက် လုပ်ရန်အတွက် စီမံကိန်းနှင့် မြေသိမ်းလျော်ကြေးပေးပြီး လမ်းအူကြောင်းဖောက်ထား သည့်နေရာ ဖြစ်ပါကြောင်း၊ ၎င်းလမ်းအူကြောင်းအတိုင်း သုံးပြီး မြို့ရှောင်ကွင်းလမ်းဖောက် လိုက်မည်ဆို ပါက ၁၄ မိုင်လောက်ရှိပြီး မြေနေရာကလည်း လျော်ကြေးပေးစရာမလိုတော့ပါကြောင်း၊ သိမ်းပြီး သား လည်းဖြစ်ပါကြောင်း၊ ၎င်းလမ်းကြီးကလည်း ပိုနေပါကြောင်း၊ ၎င်းမှတစ်ဆင့် မြို့ရှောင်လမ်း ဖောက်လိုက်ပြီး ညောင်လွန့်ကို ပြန်ထွက်လိုက်ပါက မူလလမ်းဟောင်းကို ပြန်ရောက်မည် ဖြစ်ပါ ကြောင်း၊ ညောင်လွန့်ဆိုသည်မှာ လက်ရှိ စုပေါင်းဂိတ်ရှိသည့်နေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းသည် ၁၄ မိုင်လောက်တော့ ရှည်ပြီး မြေကလည်းသိမ်းပြီးသား အဆင်သင့်ဖြစ်ပါကြောင်း၊ လမ်းကလည်း မြို့ထဲမှဖြတ်သည့် ဆိုတော့ မြို့ထဲက မီးပွိုင့်နေရာဆိုလျှင် တော်တော့်ကို ကြပ်ပါကြောင်း၊ ၎င်းနေရာနားတွင် ဈေးလည်းရှိပြီး လမ်းလေးခွစုံလည်းဖြစ်ပါကြောင်း၊ အဲဒီမှာ တွဲကားကြီးများ ပိတ်ဆို့ပြီးတာ တော်တော့်ကြာပါပြီး Accident များလည်း အင်မတန်ဖြစ်ပွား ပါကြောင်း၊ မြို့လယ်ခေါင်မှ ဖြတ်သွားသည့်အတွက်ကြောင့် မြို့ကကျဉ်း/ ကြပ်ပြီး လမ်းများကလည်း ကျဉ်းပါပြီး ထပ်ချဲ့ စရာလည်း နေရာလည်းမရှိတော့ပါကြောင်း ထို့ကြောင့် နေပြည်တော် ၈ မြို့နယ်လုံးတွင် ယခုမြို့တစ်မြို့သာ ရှောင်ကွင်းလမ်းဖောက်ဖို့ ကျန်တော့ပါကြောင်း။ ပျဉ်းမနားဆိုလျှင် အာဟာရသုခဈေး၏အရှေ့ဘက် မှနေ လမ်းကြီးကို ဖြူးဖြောင့်နေအောင် ဖောက်ထားပြီးသားဖြစ်သည့် အတွက် ချောချောချူချူ တွဲကားများ မောင်းသွားနိုင်ပါကြောင်း၊ တပ်ကုန်းတွင် ၎င်းဟာလိုအပ်ချက်ဖြစ်နေပါတယ်။ နယ်မြေခံ ဦးကျော်ကျော်လတ်၊ ဦးဖိုးသိန်းတို့နှင့် သွားကြည့်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တပ်ကုန်းမြို့ရှောင်လမ်းသည် အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်းနှင့် မြို့ရှောင်လမ်းကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်
လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် အပိုင်းမှ စုစုပေါင်း ၁၄ မိုင်ရှိသည့်အပိုင်း ဖြစ်ပါကြောင်း၊ ၃ မိုင် ၆ ဖာလုံရှိသည့်လမ်းကို မိမိလည်း သွားကြည့်ခဲ့ပါကြောင်း၊ ရထားလမ်းအတွက်ကိုသာ မြေဖို့ထားတာဖြစ်ပြီး ၁၆ ပေရှိပါကြောင်း၊ ရထားနှင့် စုံစမ်းကြည့်လိုက်သည့်အခါ ၎င်းလမ်းကိုလည်း ဘေးဘက် ပေ ၁၀၀ ကို လျော်ကြေးပေးပြီး ယူခဲ့ရပါကြောင်း၊ ဒီဘက်ကတော့ ဆောက်လုပ်ရေးလမ်းအပိုင်းနှင့်ဆက်သွားမယ့်အပိုင်းဖြစ်ပြီး ၎င်းလမ်း ကိုလည်း လေ့လာထားပါကြောင်း၊ ဒုတိယလမ်းအနေဖြင့် ဒီနေရာမှာ ထပ်စဉ်းစားကြည့်ထားပြီး ဒီကနေသွားပြီး ဒီက ၃ မိုင်ကျော်၊ ဒီက ၃ မိုင်ကျော်နဲ့ဆိုရင် ၆ မိုင်၊ ၃ ဖာလုံရှိပါမယ်ခင်ဗျား။ ဒါကတော့ စစ်ဆေးရေးဂိတ်အထိတော့ မရောက်ဘူး။ မြို့တော့ရှောင်သွားမယ်။ ဒါလည်း တစ်လမ်း စဉ်းစားမိပါတယ်။ ဒီလမ်းနှင့် ဒီနေရာကို အသစ်ဖောက်ရမှာ ဖြစ်ပါတယ်။ ဒါကတော့ အခုနက ရထားလမ်းကိုပဲသုံးမှာပါ။ ဒီဟာကို ကျွန်တော်တို့ ထပ်ပြီးလေ့လာသုံးသပ်တဲ့အခါ မူလလမ်းဆို လည်း အချို့ရွာလေးတွေကို ဖြတ်ရမှာဖြစ်ပြီး နောက်တစ်ခါထပ်မံ၍ လမ်းကလည်း AH1 လမ်းကြီး ဖြစ်ပြီး ဒီလမ်းကြီးရဲ့လမ်းနယ်နိမိတ်ဆိုလျှင်လည်း ပေ ၂၃၀ ထိဆောင်ရွက်ရပါတယ်။ ဒီမှာလည်း မြေထပ်သိမ်းရလျှင် လယ်ယာမြေတွေ အခြားမြေတွေကို ထိခိုက်မှာ ဆိုးရတဲ့အတွက် ဒါကို ကွင်းဆင်းပြီး ပြန်စဉ်းစားရမယ်ဆိုလျှင် ထိခိုက်အနည်းဆုံးဖြစ်အောင် စဉ်းစားပြီး တော့ ဒီလမ်း ၂ ခုကို ဘယ်ဟာဆောင်ရွက်သင့်သလဲဆိုတာကို ထိခိုက်အနည်းဆုံးလမ်းကိုပဲ ရွေးပြီး တော့ ဆောင်ရွက်ချင်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း လာမယ့်နှစ်ကနေစပြီးတော့ ဘယ်လို လုပ်ရမလဲဆိုတာကို စပြီးတော့ ဆောင်ရွက်ဖို့အတွက်ကို စဉ်းစားတင်ပြပေးပါမယ်ခင်ဗျား။
မြို့ထဲလမ်းကလည်း လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတာ မှန်ပါတယ်ခင်ဗျား။ မြို့ထဲလမ်းကို ကျွန်တော်သွားခဲ့ပါတယ်။ မြို့ထဲလမ်းကလည်း ကားအရေအတွက်ကတော့ အများကြီး မဟုတ်သေးမယ့်လည်း မြို့ထဲမှာဆိုလျှင် အနှေးယာဉ်တွေ၊ တွဲကားတွေ။ မြို့ထဲမှာကျတော့ မကိုက်ညီတာလည်း တွေ့ပါတယ်။ မြို့ထဲလမ်းသည်လည်း လောလောဆယ် ၃၆ ပေ ပဲရှိသေးတယ်။ ၄၀ ကျော်ဖြစ်အောင် နှစ်ဘက်လုံးကို ထပ်ပြီးချဲ့ခိုင်းလိုက်ပါမယ်ခင်ဗျား။ ပြီးခဲ့သည့် တစ်ပတ်ကနေ စပြီး ချဲ့ထွင်နေပါပြီ။ ဒီမှာ ကျွန်တော်တို့ Survey စာရင်းပြန်လုပ်နေတုန်းမှာ လောလောဆယ် သွားလို့ လာလို့လွယ်ကူအောင် လုပ်ထားတာပါကြောင်း၊အချုပ်ပြောရလျှင် မိမိတို့ ဒါကို survey ပြန်စဉ်းစားရပါမယ်။ လုပ်ပြီးတော့ ထိခိုက်မှုအနည်းဆုံးဖြစ်မယ့်ဟာနဲ့ တင်ပြပြီး ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။