ဦးကျော်ငြိမ်းအောင်(တာချီလိတ်မဲဆန္ဒနယ်)
တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးလုပ်ငန်း ဆောင်တာများ ဆောင်ရွက်နေမှုအခြေအနေနှင့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို သိရှိ လို ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တာချီလိတ်တွင် နှစ်စဉ်မိုးရာသီကာလများနှင့် အခါလွန်မိုးများရွာသွန်းသည့်အခါ သဘာဝရေကြီး ရေလျှံမှု အန္တရာယ်ကို နှစ်စဉ်ကြုံတွေ့ခံစားနေရပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ လကုန် ပိုင်းမှစ၍ ပိုမိုဆိုးရွားလာခဲ့ပါကြောင်း၊ တာချီလိတ်မြို့သည် တောင်ခြေတွင်တည်ရှိသော မြို့တစ်မြို့ ဖြစ်သည့်အပြင် မိုးရာသီကာလနှင့် အခါလွန်မိုးများ ရွာသွန်း သည့်အခါ မြို့၏ပတ်ဝန်းကျင်တွင် တည်ရှိနေသည့် ရှမ်းရိုးမတောင်တန်းကြီးများမှ စီးဆင်းလာသည့် မိုးရေများကြောင့် လည်းကောင်း၊ တာချီလိတ်မြို့ ရေကြောင်းအပေါ်ဘက်များတွင် တရားမဝင်စည်းကမ်းမဲ့ ရွှေသတ္တု ခိုးတူးဖော်မှု များကြောင့် လည်းကောင်း၊ သဲနုန်းမြေစာများသည် မိုးရေ၊ ချောင်းရေ ရေစီးကြောင်းများနှင့် အတူ တာချီလိတ် မြို့နယ်သို့ ရောက်ရှိလာပြီး ရေကြောင်းများ တိမ်ကောလာမှု၊ ရေကြောင်း အောက်ခံ မြေသားများ တစ်စတစ်စမြင့်တက်လာမှု၊ နုန်းတင်မြေများပေါ်တွင် သဘာဝပေါက်ပင်များ ပေါက်ရောက်သဖြင့် မြို့ရေစီးရေလာကောင်းမွန်စေရေးတို့တွင် အတားအဆီးများဖြစ်ပေါ်ခဲ့ ရပါ ကြောင်း၊ ယခင်ပြုလုပ်ထားသည့် မြောင်းစနစ်များသည်လည်း လိုအပ်ချက်များရှိနေသေးသည့် အပြင် စည်းမဲ့ကမ်းမဲ့ ပြည်သူများ ၏ အမှိုက်များ စွန့်ပစ်မှု၊ မြို့ပေါ်ရပ်ကွက်များတွင် မိုးရေများ ယိုစိမ့်နိုင်ရန်အတွက် လုံလောက်သည့် မြေသားမြေလပ်နေရာများ နည်းပါးလာမှု စသည့် အကြောင်း များသည် တာချီလိတ်မြို့၏ ရေကြီးရေလျှံမှုကို အဓိကဖြစ်ပေါ်စေခဲ့သည့် အကြောင်းအရင်းများ ဖြစ်ပါကြောင်း။
ယခုအခါ တာချီလိတ်ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှ မြို့နေ မိဘပြည်သူများနှင့်ပူးပေါင်းပြီး တာချီလိတ်မြို့ ရေကြီး ရေလျှံကိစ္စကို စွမ်းစွမ်းတမံ ဖြေရှင်း ဆောင်ရွက်နေကြသည်ကို တွေ့ရသည့်အတွက် မိမိအနေဖြင့် ပြည်သူများကိုယ်စား ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် မြို့နယ်အဆင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့်လည်း ဆက်လက်၍ ရေစီး ရေလာပိုမိုကောင်းမွန်စေရေးတို့ကို အစဉ်တစိုက် ရှေးရှုပြီး စီမံကြပ်မတ် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ သို့ဖြစ်ပါ၍ တာချီလိတ်မြို့ သဘာဝဘေးရေကြီးရေလျှံမှု အန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေမှုအခြေအနေ နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်
တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး ဆောင်ရွက် ထားရှိမှုများအနေဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံ သဘောတူညီချက်များနှင့် မဲဆိုင်-မဲဟောက် ချောင်းအား သတ်မှတ်အပိုင်းအလိုက် တူးဖော်ခြင်း၊ ရေကာနံရံများ၊ တာဘောင်များတည်ဆောက်ခြင်း၊ ရေထိန်း တံခါးများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ လက်ရှိ မဲဆိုင်ချောင်း တူးဖော်ခြင်းကို မြန်မာဘက်မှ ၈.၅၃ မိုင်၊ ထိုင်းဘက်မှ ၂၃.၅၀ မိုင် စုစုပေါင်း ၃၂.၀၃ မိုင်ကိုလည်းကောင်း၊ မြန်မာဘက်တွင် ကမ်းထိန်းကွန်ကရစ် နံရံတည်ဆောက်ခြင်း ၃၅၉၀ ပေကို ဆောင်ရွက်ထား ပြီးဖြစ်ပါကြောင်း၊ ဆန်ဆိုင်းချောင်းနှင့် နမ့်ယွန်းချောင်းရေထိန်းတံခါးတို့ကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ နိုင်းနိုင်းမြောင်းရေထိန်းတံခါးကို ၂၀၂၂-၂၃ ဘဏ္ဍာရေး နှစ်တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ရေထိန်းတံခါးအဆောက်အဦများတွင် အရေးပေါ်အသုံးပြု နိုင်မည့် ရေစုပ်စက်နှင့် အင်ဂျင်များ တပ်ဆင်ခဲ့ပါကြောင်း။
တာချီလိတ်မြို့ ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရန်အတွက် ၂၀၂၂-၂၃ ဘဏ္ဍာရေး နှစ်တွင် ပညာရှင်ငှားရမ်းပြီး မြေပြင်ကွင်းဆင်းတိုင်းတာ၍ ရေကာနံရံများတည်ဆောက်ရန်၊ ရေထုတ် ရေတံခါးများ၊ ရေစုပ်စက်ကြီးများတပ်ဆင်ရန်၊ ရေစုရေထိန်းကန် ၃ ခုတည်ဆောက်ရန်၊ ရပ်ကွက် အတွင်းရှိ လမ်းဖြတ်တံတားများ၊ လမ်းဘေးဝဲယာ ရေနုတ်မြောင်းစနစ်များအား ဆောင်ရွက်ရန် အစီအမံများရေးဆွဲခဲ့ပါကြောင်း၊ အစီအမံများရေးဆွဲခဲ့ပြီးနောက် ဘဏ္ဍာရေးနှစ်အလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ရန်ပုံငွေများ၊ လုပ်ငန်းရှင်များ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများနှင့် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် ပုန်းထွန်ရပ်ကွက်နှင့် တာလော့ရပ်ကွက် မဲဆိုင်ချောင်းဘေးတွင် သံကူကွန်ကရစ်ကျောက်စီမြေထိန်းနံရံ ၄၁၀ ပေ တည်ဆောက်ခြင်း၊ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ပုန်းထွန်ရပ်ကွက်၊ မဲဆိုင်ချောင်းဘေးတွင် သဲအိတ်ကြီးများကာရံခြင်း ၅၅၀ ပေနှင့် မြေထိန်းနံရံမြှင့်တင်ခြင်း၊ မယ်ခေါင် ချောင်းတံတား (၂) အနီးတွင် ရေထိန်းတံခါးပြုလုပ်ခြင်း၊ မယ်ခေါင်ရပ်ကွက် မယ်ခေါင်ချောင်းဘေးတွင် ရေထိန်းနံရံ ၃၁၅ ပေ၊ မယ်ခေါင်ရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ရေထိန်းနံရံ ၅၆ ပေပြုလုပ်ခြင်း၊ ပုန်းထွန်ရပ်ကွက်ရှိ မယ်ဆိုင်ချောင်း သို့စီးဝင်သော ရေမြောင်းများ၏ထိပ်ဝ၌ ရေထိန်းတံခါး ၄ ခုတပ်ဆင်ခြင်း၊ ပုန်းထွန်ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နှင့် ဆေခမ်းရပ်ကွက်တို့တွင် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် မြို့တွင်း လမ်းဖြတ်တံတား ၇ စင်းပြုလုပ်ခြင်း၊ ရေမြောင်းပြုလုပ်ခြင်း ၁၂၁၀ ပေ၊ နိုင်းနိုင်းချောင်း၊ နမ့်ယွန်းချောင်း၊ ဆန်ဆိုင်း(၁၂)လမ်းချောင်းနှင့် မယ်ခေါင်ချောင်း များတွင် နုန်း၊ အမှိုက်ဆယ်ယူခြင်း လုပ်ငန်းများ၊ ပုန်းထွန်ရပ်ကွက်၌ ရေတားနံရံ ၇၇၇ ပေ၊ တာလော့ရပ်ကွက်၌ ရေတားနံရံ ၂၅၈ ပေနှင့် အုတ်နံရံပြုပြင်ခြင်း ၁၄၂ ပေ၊ မယ်ခေါင်ရပ်ကွက်၌ ရေတားနံရံ ၄၈၀ ပေပြုလုပ်ခြင်း၊ မဲဆိုင်ချောင်း အလျား ၁၂.၃၈၄ ကီလိုမီတာ သောင်တူးဖော်ခြင်းလုပ်ငန်း၊ မဲဆိုင်ချောင်း ကမ်းပြိုကာကွယ်ရေး ကျောက်ကြီးဖြည့် မြေထိန်းနံရံ တည်ဆောက်ခြင်း အလျား ၆၁၅ ပေ၊ မဲဟောက်ချောင်း ကမ်းပြို ကာကွယ်ရေး ကျောက်ကြီးဖြည့် မြေထိန်းနံရံတည်ဆောက်ခြင်း အလျား ၁၀၅ ပေ၊ မဲဆိုင်ချောင်း ရေထိန်းကာနံရံ ၁၄၂၀ ပေတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
ဆောင်ရွက်ဆဲလုပ်ငန်းများအနေဖြင့် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်တွင် ပုန်းထွန်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်တို့တွင် လမ်းဖြတ်တံတား ၁၄ စင်း နှင့် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ၅ ခု၊ ၂၁၃၆ ပေကို လျာထားဆောင်ရွက်လျက်ရှိရာ လမ်းဖြတ်တံတား ၈ စင်းသည် ၁၀၀ ရာခိုင်နှုန်း၊ ၃ စင်းသည် ၅၀ ရာခိုင်နှုန်း၊ ၃ စင်းသည် ၃၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ အုတ်စီရေမြောင်း ၄ ခုသည် ၉၀ ရာခိုင်နှုန်းပြီးစီးပြီး ကျန် ၁ ခုမှာ ရေရှိနေသေးသဖြင့် မဆောင်ရွက်နိုင်သေးကြောင်း၊ ရေမရှိပါက ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအနေဖြင့် မဲဆိုင်ချောင်းတစ်လျှောက် ကျောက်ရိုး အမြင့် မြှင့်တင်ရန်နှင့် ကျောက်ရိုးများကို အားဖြည့်တည်ဆောက်ရမည့်နေရာ ၆ နေရာ၊ ရေလျှံတား နံရံအသစ် တည်ဆောက်ရန်လိုအပ်သည့် နေရာ ၈ နေရာတို့တွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားပြီး ရေလျှံတား နံရံတည်ဆောက်ခြင်းလုပ်ငန်းများကို မိုးရာသီအလွန် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မယ်ဆိုင်ချောင်းတစ်လျှောက် ဆောင်ရွက်ကျန်ရှိနေသော ရေကာနံရံ ၂၄၅၀ ပေနှင့် ရေစု ရေထိန်းကန် ၃ နေရာတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြို့တွင်း ရေနုတ် မြောင်းများနှင့် ချောင်းများအတွင်းသို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေး ဟောပြော ခြင်း၊ စည်းရုံးဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း များအား ပညာပေးကာလသတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာပေးကာလပြီးဆုံးချိန်တွင် လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချောင်းရေတက် ချိန်တွင် တပ်ဆင်ထားသော ရေထိန်းတံခါးများအား အချိန်နှင့်တစ်ပြေးညီ အဖွင့် အပိတ်ပြုလုပ်နိုင်ရေး အတွက် ဆည်မြောင်း၊ စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများ ပေါင်းစပ်၍ အစီအမံများ ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ရေကြီး ရေလျှံမှုများဖြစ်ပွားလာပါက ဘေးသင့်သူများ လတ်တလော စားဝတ်နေရေးပြေလည်စေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဘေးသင့်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်သုံးပစ္စည်းဖိုးနှင့် လူသုံးကုန်ပစ္စည်းများ ကို သတ်မှတ်နှုန်းထားများအတိုင်း ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာချီလိတ်မြို့နယ် အတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော မယ်ဆိုင်ချောင်းရေကြီးမှုကြောင့် ရေလွှမ်း ပျက်စီးခဲ့သည့်နေအိမ်များ၊ ဘာသာရေးကျောင်းများ၊ ဘေးသင့်သူများ၊ သေဆုံး၊ ဒဏ်ရာရရှိသူများ အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံး၊ ဒဏ်ရာရ ထောက်ပံ့မှုအပါအဝင် စုစုပေါင်း ကျပ် ၄၁.၉၅၇ သန်းအား ထောက်ပံ့ခဲ့ပါကြောင်း။
ထို့အပြင် ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့နည်းစေရေးအတွက် ပြည်သူ လူထု ပါဝင်သော ဇာတ်တိုက်လေ့ကျင့်မှုများ၊ သင်တန်းများ၊ အသိပညာပေးဟောပြောမှုများ၊ အသိ ပညာပေးလိုက်လံနှိုးဆော်ခြင်းများ၊ Talk Show များ စသည်ဖြင့် သဘာဝဘေး အသိပညာပေး လုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာ၀ ဘေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက်လည်း နှစ်စဉ်ရေကြီး ရေလျှံမှု ဖြစ်ပွားလေ့ရှိသည့် ဒေသများတွင် ဖိုင်ဘာစက်လှေများ၊ အသက်ကယ်ဘောကွင်းများနှင့် အသက်ကယ်အင်္ကျီများကို ထုတ်ပေးထားရှိပါကြောင်း၊ ဗဟိုသိုလှောင်ရုံ ရန်ကုန်မြို့နှင့်မန္တလေးမြို့များတွင် အဆိုပါပစ္စည်းများ အား အသင့်ထားရှိပြီး လိုအပ်သလို အမြန်ဆုံး ဖြန့်ခွဲထောက်ပံ့ပေးနိုင်ရေးကိုလည်း စီမံ ဆောင်ရွက် ထားပါကြောင်း၊ တာချီလိတ်မြို့နယ် ရေကြီးရေလျှံမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ၊ ကြိုတင်ကာကွယ်မှုများ၊ အသိပညာပေးဆောင်ရွက်မှုများနှင့် ထောက်ပံ့ကူညီမှုများအတွက် စီမံ ဆောင်ရွက်ထားပါကြောင်းနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးကျော်ငြိမ်းအောင်(တာချီလိတ်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
သဘာဝအားဖြင့် ဖြစ်တတ်သော မုန်တိုင်းရှိသည့်ကာလများ၊ မိုးရက်ရှည်ရွာသည့် ကာလများ တွင် တာချီလိတ်မြို့ ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ရေစီးရေလာကောင်းမွန်ရန် အဆင်မပြေသေးသည့် အချိန်များ ရှိနေသည်ကို ပြည်သူများ၏လိုလားတင်ပြချက်အရ သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ သဘာဝ အားဖြင့် ဖြစ်တတ်သော မုန်တိုင်းရက်ရှည်မိုးရွာသွန်းသည့် ကာလများနှင့် မိုးရက်ရှည် ရွာသွန်းသည့် ကာလများတွင် တာချီလိတ်မြို့ ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် စပ်လျဉ်း၍ မည်သို့ စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုပါကြောင်း ဆက်စပ်၍မေးမြန်းခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ သန့်ဇော်လွင် က
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်နိုင်သော လုပ်ငန်းရပ်မဟုတ်သည့်အတွက် သက်ဆိုင်ရာကဏ္ဍ၊ နယ်ပယ်အလိုက် အဖွဲ့ အစည်းများနှင့် ရပ်ကွက်ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်သည့် ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်ထုတ်ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စသည့် လုပ်ငန်းများ လုပ်ဆောင်သည့်အခါ ပုံမှန်အခြေအနေများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်သော လုပ်ငန်းတာဝန်များနှင့်အညီဆောင်ရွက်ပြီး နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဒေသ၏လိုအပ်ချက်များကို အနီးကပ် စီမံဆောင်ရွက်ရပါကြောင်း၊ မိုးရက်ရှည်ရွာသွန်းသည့်အခါ၊ မုန်တိုင်းရှိသည့်အခါ စသည့် အရေးပေါ်အခြေအနေမျိုးတွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် မြို့နယ်အလိုက် ကြိုတင်စုဖွဲ့ခြင်း၊ ရှောင်တိမ်းရန် နေရာများ သတ်မှတ်ပြင်ဆင်ခြင်း၊ ပြည်သူကို အသိပေးနှိုးဆော်ခြင်း၊ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ ကြိုတင် တွက်ချက်စုစည်းခြင်း၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ ညှိနှိုင်းစီစဉ်ခြင်း စသည်ဖြင့် အရေးပေါ်တုန့်ပြန်ရေးအတွက် လိုအပ်သည်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအားလုံး အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပါကြောင်း။
တာချီလိတ်မြို့တွင် ရေဘေး၊ လေပြင်းဘေး၊ မြေပြိုဘေးနှင့် မြူခိုးမြူငွေ့ကြောင့် လေထု ညစ်ညမ်းခြင်း စသည့် ဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ပြီး အများဆုံးအနေဖြင့် ရေဘေးသည် နှစ်စဉ် ဖြစ်ပွားလျက်ရှိပါကြောင်း၊ ရေဘေးဖြစ်ပွားလာချိန်တွင် ဘေးအန္တရာယ်ဖြစ်ပွားရခြင်း၏ အကြောင်း အရင်းကို သက်ဆိုင်ရာ ကဏ္ဍအလိုက် လေ့လာ၍ ရရှိသည့်အကြောင်းအရာများပေါ်မူတည်၍ စီမံ ခန့်ခွဲရသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဘေးအန္တရာယ် ဖြစ်ပွားလာပါက ထိခိုက်မှု လျော့နည်းစေရန်၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု လျော့နည်းစေရန်၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများ ဆောင်ရွက်ပြီး ဘေးအန္တရာယ် ဖြစ်ပွားလာပါက လတ်တလောစားဝတ်နေရေး ထောက်ပံ့မှုကိစ္စရပ်များ ဆောင်ရွက်ထားရှိပါကြောင်း၊ လက်ရှိအနေဖြင့် တာချီလိတ်မြို့တွင် ရုံးအဆောက်အဦဆောက်လုပ်ရန် ၂၀၂၆ ခုနှစ်၌ စီမံဆောင်ရွက်လျက်ရှိပြီး ရုံးနှင့် သိုလှောင်ရုံ ဆောက်လုပ်ပြီးစီးပါက ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ရေလွှမ်းမှုကြောင့် နီးစပ်ရာဘာသာရေးကျောင်း၊ ရေဘေးစခန်းများနှင့် ပြောင်းရွှေ့ သည့် ရေဘေးသင့်ပြည်သူများ ရက်ရှည်နေထိုင်ခြင်းများရှိပါက လတ်တလောစားဝတ် နေရေး ပြေလည်စေရန်အတွက် ဆန်ရိက္ခာဖိုး၊ တစ်ပတ်စာ၊ နှစ်ပတ်စာ၊ တစ်လစာ အစရှိသဖြင့် ထောက်ပံ့ခြင်း၊ လိုအပ်ချက်ပေါ်မူတည်၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆီ၊ ဆား၊ ပဲ၊ ငပိ စသည့်ထောက်ပံ့မှုများဆောင်ရွက်ရန် စီမံထားရှိပါကြောင်း၊ နေအိမ်ပျက်စီးမှုများရှိပါက နေအိမ်အလိုက် သတ်မှတ်ထောက်ပံ့ကြေး၊ အိမ်ထောင်စုအလိုက် တစ်ကိုယ်ရေသုံးပစ္စည်း(Hygiene Kit)၊ Kitchen Set များကို ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်ထားပါကြောင်း၊ မိုးရက်ရှည်ရွာသွန်းသည့်အခါ ရေဘေး စခန်းများတွင် ရက်ရှည်နေထိုင်ခြင်းများရှိပါက ရေဝပ်ဧရိယာများမှ ရေအမြန်ဆုံးကျဆင်း၍ ကျန်းမာရေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ စသည့် လိုအပ်သောကဏ္ဍအသီးသီးအတွက် ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်အဖွဲ့အစည်းအဆင့်ဆင့်က ရေးဆွဲထားသည့်စီမံချက်ပါအတိုင်း ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း ဆက်စပ်မေးခွန်း အား ပြန်လည်ဖြေကြားခဲ့ပါသည်။